စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း ရှိ မရှိ စစ်ဆေးမည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း ရှိ မရှိ စစ်ဆေးမည်
Published 27 December 2016
မင်းသီဟဇော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း ရှိ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးရန်အတွက် ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ ပစ္စည်းများ ဝယ်ယူရာတွင် လည်းကောင်း၊ တင်ဒါခေါ်ယူရေး၊ တင်သွင်းလာသည့် တင်ဒါများ စိစစ်ရွေးချယ်ရေး ကိစ္စများ ဆောင်ရွက်ရာတွင် လည်းကောင်း စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စေရေး၊ အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနတည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်မတီသည် ဆောင်ရွက်လိုသည့် တည်ဆောက်ရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကို ရရှိမည့် အကျိုးသက်ရောက်မှုဖြင့် နှိုင်းယှဉ်လေ့လာစိစစ်ခြင်း၊ တည်ဆောက်ရေး လုပ်ငန်းများကို တည်ဆဲ စည်းမျဉ်းညွှန်ကြားချက်များနှင့်အညီ စိစစ်ခြင်း၊ တည်ဆောက်ရေး လုပ်ငန်းများ၏ နည်းစနစ်၊ လုပ်ငန်းအစီအစဉ်နှင့် တိုးတက်မှု အခြေအနေများကို သုံးသပ်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် ဦးစားပေးအဆင့် အတည်ပြု သတ်မှတ်ပေးခြင်း၊ တည်ဆောက်ရေး လုပ်ငန်းများကို နည်းပညာနှင့် ဒီဇိုင်းများ၊ ခေတ်မီ၍ စံချိန်စံညွှန်း ပြည့်မီစွာ ဆောက်လုပ်နိုင်ရေး၊ အမှန် ကုန်ကျစရိတ်များ ဖြစ်စေရေး စိစစ်ပေးခြင်း၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အဆိုပြု တင်ပြသည့် နေရာများကို စိစစ်ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။
ထို့ပြင် မြေနှင့် အဆောက်အအုံများကို တည်ဆောက်ရေး လုပ်ငန်းများအတွက် နိုင်ငံတော်က သိမ်းဆည်းရန် လိုအပ်ပါက ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခြင်း၊ ဆောင်ရွက်လိုသည့် တည်ဆောက်ရေး လုပ်ငန်းများအား နေရာ၊ ဒေသပတ်ဝန်းကျင် အခြေအနေနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ခြင်း၊ တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း ရှိ မရှိနှင့် တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘုတ်အဖွဲ့ဖြင့် ရွေးချယ်၍ လုပ်ငန်းအပ်နှံခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ တင်ဒါခေါ်၍ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် အညီ ဘုတ်အဖွဲ့ဖြင့် ရွေးချယ်ထားပြီး ဖြစ်သော်လည်း တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီသို့ တင်ပြအတည်ပြုချက် ရယူထားခြင်း ရှိ မရှိကိုလည်း အဆိုပါကော်မတီက စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
တည်ဆောက်ရေး လုပ်ငန်းများကို တင်ပြထားသည့် ခန့်မှန်းခြေ (Estimate) နှင့် ကိုက်ညီမှု ရှိ မရှိ၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ပြီး လုပ်ငန်းများအား တင်ပြထားသည့်အတိုင်း ဆောက်လုပ်ထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ အဆောက်အအုံများအား ကန်ထရိုက် စနစ်ဖြင့် တည်ဆောက်ရာတွင် ပစ္စည်းဈေးနှုန်းများ မှန်ကန်မှု ရှိ မရှိ၊ သုံးစွဲသည့်ပစ္စည်း အရည်အသွေး မှန်ကန်မှု ရှိ မရှိနှင့် မူလတင်ပြပါ စံချိန် စံညွှန်း ကိုက်ညီမှု၊ အရည်အသွေးနှင့် ဈေးနှုန်းတို့ မှန်ကန်မှု ရှိ မရှိ စိစစ်ခြင်းတို့ကိုလည်း အဆိုပါ ကော်မတီကပင် ဆောင်ရွက်သွားမည်ဟု သိရသည်။

Most Read

Most Recent