စစ်ကိုင်း အလုပ်သမားသပိတ်ခေါင်းဆောင် ကိုခိုင်မင်းပါ သုံးဦးအား ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသော အမှုတွင် တရားလိုပြသက်သေ စစ်ကိုင်းမြို့မ ရဲစခန်းမှူးအား စစ်ဆေး

စစ်ကိုင်း အလုပ်သမားသပိတ်ခေါင်းဆောင် ကိုခိုင်မင်းပါ သုံးဦးအား ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသော အမှုတွင် တရားလိုပြသက်သေ စစ်ကိုင်းမြို့မ ရဲစခန်းမှူးအား စစ်ဆေး
Published 27 December 2016
ရန်ပိုင်

စစ်ကိုင်းအလုပ်သမားသပိတ် ခေါင်းဆောင် ကိုခိုင်မင်းပါ သုံးဦးအား ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသော အမှုတွင်လိုပြ သက်သေအဖြစ် စစ်ကိုင်းမြို့မ ရဲစခန်းမှူးအား ဒီဇင်ဘာ ၂၇ တွင် စစ်ကိုင်းမြို့နယ် တရားရုံး၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းအလုပ်သမားများအား ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသော အမှုတွင် တရားလိုပြ သက်သေငါးဦးအား စစ်ဆေးခဲ့ပြီး ကျန်ရှိနောက်ဆုံး သက်သေဖြစ်သော စစ်ကိုင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူးကျော်ထွန်းနိုင်အား ဆက်လက် စစ်ဆေးခဲ့ပြီး ၂၀၁၇ ဇန်နဝါရီ ၃ ရက်သို့ ရုံးပြန်လည်ချိန်းဆိုခဲ့ကာ ယင်းနေ့တွင် စွဲချက်တင်သင့် မတင်သင့် အမိန့်ချမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် တရားရုံးမှ သိရသည်။
“အရင်ပတ်ရုံးချိန်းမှ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးကို စစ်တယ်။ ဒီနေ့စစ်တာကတော့ နောက်ဆုံးလိုပြသက်သေပါ။ ကျွန်တော်တို့ အပြန်အလှန် မေးခွန်းထုတ်တဲ့ အနေအထားမှာ လွဲချော်နေတာကို တွေ့ရတယ်။ လွတ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၈ မှာ ၁၅ ရက် ကျော်လွန်သွားပါက အမှုကိုစွဲဆိုခြင်း မပြုရလို့ သတ်မှတ်ထားပြီး ခြောက်လကျော်လွန်ပြီးမှ ခုလိုတရားစွဲဆိုတာဟာ ဥပဒေနဲ့ ညီညွှတ်ခြင်း မရှိပါဘူး။ အစိုးရက အလုပ်သမားတွေကို တမင်သက်သက် အခက်အခဲဖြစ်အောင် လုပ်နေတယ်လို့ ယူဆပါတယ်” ဟု ပုဒ်မ ၁၈၊ ပုဒ်မ ၃၄၁ တို့ဖြင့် တရားစွဲဆိုခြင်းခံရသူ ကိုခိုင်မင်းက ပြောကြားသည်။
စစ်ကိုင်းအလုပ်သမားသပိတ် ခေါင်းဆောင် ကိုခိုင်မင်း၊ ကိုစောထွန်း၊ ကိုအောင်ကိုလင်း၊ ကိုရန်မျိုးနိုင်၊ ကိုအေးချမ်းမင်းတို့ကို MVPPL သစ်အချောထည် စက်ရုံပိုင်ရှင်က ၂၀၁၆ ဖေဖော်ဝါရီ ၂၉ တွင် စက်ရုံရှေ့ သပိတ်စခန်းဖွင့်သဖြင့် တားဆီးပိတ်ဆို့မှု ပုဒ်မ ၃၄၁ ဖြင့် ၎င်း ၂၀၁၆ ဧပြီ ၂၉ တွင် စစ်ကိုင်းမြို့နယ် အတွင်းခွင့်ပြုချက်မဲ့ စီတန်းလမ်းလျှောက်ခဲ့သဖြင့် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဉာဏ်သောင်းက ကိုခိုင်မင်း၊ ကိုအေးချမ်း၊ မစိမ်းလဲ့ခိုင်တို့ သုံးဦးအား ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် စစ်ကိုင်းမြို့နယ် တရားရုံး၌ တရားစွဲဆိုထားကြောင်း သိရသည်။
စစ်ကိုင်းစက်မှုဇုန်ရှိ အိန္ဒိယလူမျိုးပိုင် MVPPL သစ်အချောထည် စက်ရုံမှ အလုပ်သမားများသည် ၂၀၁၆ ခုနှစ် လေးလပိုင်းတွင် စက်ရုံရှေ့၌ သပိတ်စခန်းဖွင့်ရာ တောင်းဆိုချက်များကို ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိသဖြင့် နေပြည်တော်သို့ သပိတ်စစ်ကြောင်းဖွင့် ချီတက်ရာ တပ်ကုန်းမြို့တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကာ ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ ၁၄၃၊ ၁၄၅ တို့ဖြင့် တရားစွဲဆိုခံခဲ့ပြီး ထောင်ဒဏ် ငါးလကျခံစေရန် အောက်တိုဘာ၂၄ တွင် ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ တွင် ရမည်းသင်း အကျဉ်းထောင်မှ ပြစ်ဒဏ်စေ့၍ သပိတ်မှောက် အလုပ်သမားများနှင့် ဝန်းရံကျောင်းသားများ လွတ်မြောက်ခဲ့ကာ စစ်ကိုင်းအလုပ်သမားသပိတ်မှ တောင်းဆိုထားသည့် အချက်လေးချက်ကို ထပ်မံတောင်းဆိုသွားမည် ဖြစ်ကြောင်းကို မန္တလေးမြို့ နိုင်ကျဉ်းရုံး၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent