ရန်ကုန်မြို့ရှိ အများပြည်သူပိုင်လမ်းများ အားလုံးတွင် ယာဉ်ရပ်နားနေရာ၊ ယာဉ်မရပ်ရနေရာများ သတ်မှတ်ပိုင်းခြား၍ မျဉ်းများရေးဆွဲပြီး ယာဉ်ရပ်နားခ ပြန်လည်ကောက်ခံမည်

ရန်ကုန်မြို့ရှိ အများပြည်သူပိုင်လမ်းများ အားလုံးတွင် ယာဉ်ရပ်နားနေရာ၊ ယာဉ်မရပ်ရနေရာများ သတ်မှတ်ပိုင်းခြား၍ မျဉ်းများရေးဆွဲပြီး ယာဉ်ရပ်နားခ ပြန်လည်ကောက်ခံမည်
Published 27 December 2016
ကျော်ထင်၊ ထက်ရှိုင်း

ရန်ကုန်မြို့ရှိ အများပြည်သူပိုင်လမ်းများ အားလုံးတွင် ယာဉ်ရပ်နားနေရာ၊ ယာဉ်မရပ်ရနေရာများ သတ်မှတ်ပိုင်းခြား၍ မျဉ်းများရေးဆွဲကာ ယာဉ်ရပ်နားခများ စနစ်တကျ ပြန်လည် ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
လသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏ “ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားမှုများ စနစ်တကျ ဖြစ်စေရန်အတွက် အများပြည်သူပိုင်လမ်းများတွင် ကားပါကင်လိုင်းများ ရေးဆွဲကာ ယာဉ်ရပ်နားခ ကောက်ခံစေလျက် ယာဉ်ရပ်နားမှုဆိုင်ရာ စည်းကမ်းများ၊ မူဝါဒများ ချမှတ်ပေးရန် အစီအစဉ်ရှိမရှိ” မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ဒေါ်နီလာကျော်က အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ယခင်က ရန်ကုန်မြို့တွင် အခကြေးငွေဖြင့် ယာဉ်ရပ်နားနိုင်သည့် နေရာများ သတ်မှတ်ကာ ယာဉ်ရပ်နားခများ ကောက်ခံခဲ့ကြောင်း၊ ယင်းသို့ ကောက်ခံရာတွင် နောက်ပိုင်းစနစ်တကျ မရှိတော့ခြင်းကြောင့် ယင်းအစီအစဉ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်လည် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တစ်ချိန်က ရန်ကုန်တိုင်းအတွင်းမှာ နေရာသတ်မှတ်ပြီးတော့ ယာဉ်ရပ်နားခ၊ ကားပါကင်ကြေး ကောက်ခံခဲ့ပါတယ်။ သို့သော်လည်း ဒီကားပါကင်ကြေး ကောက်ခံတာက နောက်ပိုင်းမှာ စနစ်တကျ မဖြစ်တော့ဘဲနဲ့ တစ်ဆင့် ကန်ထရိုက်ပေးခြင်း၊ စည်ပင်သာယာက ယာဉ်ရပ်နားခ ကောက်ခံဖို့ ကန်ထရိုက်ပေးတယ်၊ ကန်ထရိုက်ကတစ်ဆင့် ကန်ထရိုက်ပေးတယ်။ တစ်ဆင့်ကန်ထရိုက်တွေ အဆင့်ဆင့်ပေးပြီးတော့ ယာဉ်ရပ်နားတာကို စည်းကမ်းတကျ ဖြစ်ဖို့အတွက် စီစဉ်ဆောင်ရွက်ခြင်း မရှိတော့ဘဲ ငွေကောက်ခံဖို့ အဓိက ဖြစ်လာတဲ့အတွက် စည်ပင်သာယာကပဲ ဒီစနစ်ကိုပြန်ပြီးတော့ ရပ်နားထားခြင်း ဖြစ်ပါတယ်” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။
ယခုပြန်လည် ပြုလုပ်မည့် ယာဉ်ရပ်နားခများ ကောက်ခံသည့် စနစ်တွင် ယာဉ်ရပ်နားသည့် ပုံစံများကို ပြန်လည် ရေးဆွဲသွားမည် ဖြစ်ကြောင်း၊ အဆိုပါ စနစ်အား အများပြည်သူပိုင်လမ်းများ အားလုံးတွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အခုအခါမှာ အများပြည်သူပိုင်လမ်းများ၊ ကိုယ်စားလှယ်ကြီး ပြသသွားတဲ့ ဧရိယာအတိုင်း သာမကဘဲ အများပြည်သူပိုင်လမ်းများ အားလုံးမှာ ယာဉ်မရပ်ရမယ့်နေရာ၊ ယာဉ်ရပ်နားရမယ့် နေရာများကို သတ်သတ်မှတ်မှတ် ပိုင်းခြားပြီးတော့ လမ်းရဲ့ အကျယ်အဝန်းကို လိုက်ပြီးတော့ မည့်သည့်ပုံစံမျိုး ရပ်မယ်၊ အရှည်လိုက်ရပ်မယ်၊ ၄၅ ဒီဂရီရပ်မယ်၊ ၉၀ ဒီဂရီရပ်မယ် အဲဒီလိုမျိုးတွေ သတ်သတ်မှတ်မှတ် ပိုင်းခြား၍၊ မျဉ်းများရေးဆွဲ၍ ယာဉ်ရပ်နားခကို စနစ်တကျ ကောက်ခံခြင်းဖြင့် ဆောင်ရွက်သွားဖို့ စီစဉ်လျက် ရှိပါတယ်” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့တွင် ကားပါကင်များလည်း တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း ဒေါ်နီလာကျော်က ဆက်လက် ပြောကြားသည်။ 

Most Read

Most Recent