လာမည့်နွေရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ရရှိရန် မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံဖြင့် ဖြည့်ဆည်းပေးရန် စီစဉ်နေဟု ဆို

လာမည့်နွေရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ရရှိရန် မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံဖြင့် ဖြည့်ဆည်းပေးရန် စီစဉ်နေဟု ဆို
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တစ်နေရာအား ညပိုင်း၌ တွေ့ရစဉ် (ဓာတ်ပုံ-ဝင်းမြင့်)
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တစ်နေရာအား ညပိုင်း၌ တွေ့ရစဉ် (ဓာတ်ပုံ-ဝင်းမြင့်)
Published 27 December 2016
ကျော်ထင်၊ ထက်ရှိုင်း

လာမည့်နွေရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ရရှိရန် မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံဖြင့် ဖြည့်ဆည်းပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။
လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာ၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းတွင် စက်မှုဇုန် ၂၉ ဇုန်အတွက် မြို့နယ်တစ်ခုချင်းအလိုက် သုံးစွဲသော ယူနစ်ပေါင်းနှင့် ၎င်းမြို့နယ်များတွင် ဖြန့်ဖြူးပေးသော လျှပ်စစ်ဓာတ်အား သုံးစွဲမှုအပေါ် ကောက်ခံရရှိငွေတို့ ကိုက်ညီမှု ရှိ၊ မရှိနှင့် လာမည့်နွေရာသီအတွက် လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးမြန်းမှုအပေါ် ဒေါ်နီလာကျော်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လာမည့်နွေရာသီအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် ပြည့်ဝကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်နေသည့် အစီအစဉ် နှစ်ခုရှိကြောင်း၊ ပြည့်ဝကောင်းမွန်သော စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုပါက ပြည့်ဝသော ဆိုသည်မှာ ဗို့အားပြည့်ဝမှုကို ရည်ညွှန်းခြင်းဖြစ်ပြီး ကောင်းမွန်သော ဆိုသည်မှာ လျှပ်စစ်မီးမပြတ်ဘဲ အဆက်မပြတ် ရရှိမည့် လျှပ်စစ်ကို ဆိုလိုခြင်းဖြစ်ကြောင်း ဒေါ်နီလာကျော်က ဆိုသည်။
“လာမည့်နွေရာသီမှာ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာပေးနိုင်ဖို့ (၁) ဆိပ်ကြီးခနောင်တိုမှာ အလုံဓာတ်အားပေးစက်ရုံရဲ့ တစ်ဖက်ကမ်းမှာ မဂ္ဂါဝပ် ၃၀၀ ဓာတ်အားပေးစက်ရုံ တစ်ရုံကို စတင်ဆောင်ရွက်နေပါပြီ။ (၂) သန်လျင်-သီလဝါ အထက်ပိုင်းမှာ သင်္ဘောနဲ့ တင်လာမယ့် မဂ္ဂါဝပ် ၃၀၀ လျှပ်စစ်ဓာတ်အားပေးစက်ရုံ သင်္ဘောပေါ် တင်လာတဲ့ စက်ရုံအဲဒါလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သို့သော် လျှပ်စစ်ဓာတ်အားဆိုတာ ထုတ်လုပ်မှု အပိုင်းတစ်ခုတည်းနဲ့ ပြီးတာမဟုတ်ပါဘူး။ သယ်ပို့မှုနဲ့ ဖြန့်ဖြူးမှု အပိုင်းတွေလည်း လိုအပ်ပါတယ်။ ထုတ်လုပ်မှု အပိုင်းက ထုတ်လုပ်နိုင်သော်လည်း သယ်ပို့မှုနဲ့ ဖြန့်ဖြူးမှု အပိုင်းမှာ အဆင့်မမီသေးဘူးဆိုရင် ဗို့အား ကျဆင်းတာတို့၊ မီးပြတ်တဲ့ကိစ္စတွေ ဖြစ်နေဦးမှာပဲ။ အဲဒီသုံးပိုင်းမှာ ကုန်ကျစရိတ်က တစ်ပိုင်းလျှင် လျှပ်စစ်တစ်မဂ္ဂါဝပ်ကို ပျှမ်းမျှ အမေရိကန်ဒေါ်လာ တစ်သန်းလောက် ရှိပါတယ်” ဟု ဒေါ်နီလာကျော်က ဆက်လက် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ်ပုံမှန် လျှပ်စစ်တိုးတက် လိုအပ်ချက် ရာခိုင်နှုန်း ၂၀ အရ ၂၀၁၇-၂၀၁၈ တွင် ၂၉၅ မဂ္ဂါဝပ်၊ ၂၀၁၆-၂၀၁၇ တွင် ဓာတ်အားပေးလွှတ်မှု ခွင့်ပြုပြီးသည့် မြို့ပြလုပ်ငန်းများအတွက် လိုအပ်ချက် ၂၁၄ မဂ္ဂါဝပ်၊ ဆိုင်းငံ့ထားရသည့် စက်မှုဇုန် ထရန်စဖော်မာများ အတွက် ၅၇ မဂ္ဂါဝပ် စုစုပေါင်း ၅၆၆ မဂ္ဂါဝပ်ရှိသည့်အတွက် အဆိုပါ ဓာတ်အားများ ပေးနိုင်ရန်အတွက် မဂ္ဂါဝပ် ၆၀၀ ကို စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
လက်ရှိ နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ဈေးနှုန်းသည် အလွန်သက်သာသည့် ဈေးနှုန်း ဖြစ်နေကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နှစ်စဉ်ပျမ်းမျှ မြန်မာငွေ ကျပ် ၄၇၀ ဘီလျံခန့် အရှုံးပေါ်လျက်ရှိပြီး အသစ်ထပ်မံ တိုးချဲ့မည့် မဂ္ဂါဝပ် ၆၀၀ နှင့်ဆိုပါက မြန်မာငွေကျပ် ၉၀၀ ဘီလျံခန့် အရှုံးပေါ်နိုင်ကြောင်း ဒေါ်နီလာကျော်က ဆိုသည်။
“နှစ်စဉ် ဘီလျံပေါင်းများစွာ ဒီလိုပဲ အရှုံးပေါ်နေရင် ကျွန်မတို့အနေနဲ့ လျှပ်စစ်ကိစ္စကို တိုးတက် ကောင်းမွန်အောင် မလုပ်ဆောင်နိုင်ဘဲ သံသရာလည်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံစံတစ်ခုကို တည်ဆောက်ရတော့မှာ ဖြစ်ပါတယ်။ အများဝိုင်းဝန်း အဖြေရှာပြီးတော့ လွှတ်တော်ကို တင်ပြမှာ ဖြစ်ပါတယ်” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။
လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် မိမိသုံးစွဲသည့် လျှပ်စစ်ဓာတ်အား ယူနစ်ကို ဖတ်ရှုနိုင်မည့် (AMR-Automatic Meter Reading) စနစ်ကိုလည်း ပြောင်းလဲရန် စီစဉ်နေကြောင်း ဒေါ်နီလာကျော်က ဆက်လက် ပြောကြားသည်။
“ပြည့်ဝကောင်းမွန်သော ဓာတ်အားရရှိဖို့ အတွက်ကို သယ်ယူမှု အပိုင်းမှာလည်း ယခုထက် စက်ရုံတွေ အားလုံးနီးပါးဟာ ဗို့အားပြည့်နေပြီး Over Load ဖြစ်နေပါတယ်။ ဒါကြောင့် နောက်ထပ်ခွဲရုံအသစ်တွေ တိုးချဲ့ ဆောက်လုပ်ဖို့လိုပါတယ်။ ဖြန့်ဖြူးမှု အပိုင်းမှာ ကြိုးတွေကအစ ကောင်းမွန်တဲ့ကြိုးတွေ၊ အဆင့်အတန်းမီတဲ့ကြိုးတွေလဲပြီး အဆင့်မြင့် ဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent