ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မြို့များတွင် ပိုးဖလံအုပ်စုဝင် အဝါရောင် ပိုးကောင်လေးများ အများအပြား တွေ့ရပြီး ယင်းပိုးကောင်များ၏ အမွေးများမှတစ်ဆင့် အရေပြား ယားယံခြင်းများကြောင့် ကလေးငယ်များ ဆေးရုံဆေးခန်း ပြသနေရ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မြို့များတွင် ပိုးဖလံအုပ်စုဝင် အဝါရောင် ပိုးကောင်လေးများ အများအပြား တွေ့ရပြီး ယင်းပိုးကောင်များ၏ အမွေးများမှတစ်ဆင့် အရေပြား ယားယံခြင်းများကြောင့် ကလေးငယ်များ ဆေးရုံဆေးခန်း ပြသနေရ
Published 27 December 2016
ဝေလင်း (ပြည်)

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ရှိ မြို့များတွင် ပိုးဖလံအုပ်စုဝင် အဝါရောင် ပိုးကောင်လေးများ အများအပြားရောက်ရှိ ပေါက်ဖွားနေပြီး ယင်းပိုးကောင်လေးများ၏ အမွေးအမျှင်လေးများကတစ်ဆင့် အရေပြား ယားယံခြင်းများကြောင့် ကလေးငယ်များ ဆေးရုံ ဆေးခန်းပြသနေရကြောင်း သိရသည်။
အဆိုပါ ပိုးဖလံမျိုးစိတ်ဝင် လက်သည်းခွံခန့်ရှိ အဝါရောင်လိပ်ပြာကောင်ငယ်လေးများမှာ ရက်သတ္တပတ်အတွင်း တစ်မြို့ပြီးတစ်မြို့ အများအပြားရောက်ရှိ ပေါက်ဖွားနေကာ ညအချိန် မီးအလင်းရောင်ရှိသည့် နေရာများတွင် စုဝေးနေထိုင်တတ်ပြီး ပိုးကောင်လေးများ ထိမိသည့် အဝတ်အထည်များ ဝတ်မိသည့် ကလေးငယ်များနှင့် အသားနှင့် ထိမိသူများပါ ယားယံခြင်း၊ အဖုအပိန့်များ ထွက်လာခြင်းတို့ကြောင့် ဆေးရုံဆေးခန်း ပြသနေရသည့် ကလေးငယ်များ များပြားလာနေကြောင်း မြို့ခံများထံက သိရသည်။
“ဖြစ်နေကြတာတော့ လေးငါးရက်လောက်ရှိပြီ လိပ်ပြာလေးတွေလိုပဲ အဝါရောင်၊ အဖြူရောင်၊ လက်သည်းခွံလောက်ကောင်လေးတွေ အသားထိရင်လည်း ယားယံတာပဲ၊ အင်္ကျီတွေကို နားမိလို့ အဲဒါကိုဝတ်ရင်လည်း ယားတာပဲ အဖုတွေပါ ထွက်လာတာ အိမ်တွေထဲမှာကို ထရံတို့နံရံတို့မှာ ကပ်နေတာ၊ ညဆိုပိုများတယ်၊ မီထွန်းလိုက်ရင် ရောက်လာကြရော အရမ်းများတယ်။ တစ်ခါမှ အဲဒီလို မကြုံဘူးဖူး။ ကြို့ပင်ကောက်ဘက်မှာလည်း ဖြစ်တယ်ကြားတယ်။ ကလေးတွေ ဆေးခန်းတောင် ပြရတာလို့ ကြားတယ်” ဟု ပေါင်းတည်မြို့ခံ ကိုချစ်ကိုက ပြောကြားသည်။
လက်ရှိအချိန်တွင်း သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ အုတ်ဖို၊ မင်းလှ၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ရွှေတောင်၊ ပြည်မြို့နှင့် ကျေးရွာအများအပြားတွင်လည်း ယင်းလိပ်ပြာကောင်လေးများ ကျရောက်နေကြောင်း ကိုယ်တွေ့ကြုံတွေ့ရသည့် အဖြစ်အအပျက်များကို အချင်းချင်း သတိပေး ရေးသားထားသည့် ပို့စ်များ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသည့်အတွက် ကလေးမိဘများ စိုးရိမ်မှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။
“ဒီဖြစ်စဉ်က စိုက်ပျိုးရေး အခေါ်နဲ့ပြောရင် (Burstout) ပေါက်ကွဲထွက်တာလို့ ပြောရမယ် ရာသီဥတု ဖေါက်ပြန်တာကနေ ဖြစ်တာများတယ်။ နှောင်းမိုးမပြတ်ခဲ့တော့ စိုထိုင်းစနဲ့ ရာသီကလည်း အေးလိုက်ပူလိုက်ဆိုတော့  အကောင်တွေကို ပေါက်ဖွားဥ ဥဖို့ အားပေးနေတာ ဆက်တိုက်ကို ဥနေတာမျိုး၊ ဒါမျိုးဖြစ်စဉ်က တစ်ဦးတစ်ယောက်တည်း လုပ်မရဘူး။ အစုအဖွဲ့တွေနဲ့ တစ်ပြိုင်နက်တည်း ဆိုသလို နှိမ်နှင်းမှရတာ။ စိုက်ပျိုးရေးဌာနက အလုပ်လုပ်ဖို့ လိုတယ်။ သူတို့မှာ ပိုးမွှားဌာနဆိုတာမျိုး ရှိတယ်။ ဒါမျိုးဖြစ်လာပြီဆို လေ့လာ၊ ဘယ်လို ပိုးအမျိုးအစားလဲ၊ ဘာကြောင့်ပေါက်ဖွားမှုများ လာတာလဲ ဘယ်လိုနှိမ်နှင်းရင်ရမလဲ၊ နည်းလမ်းရရင်လည်း လူထုကို အမြန်ချပြပြီး လုပ်ရမှာ နောက်တစ်ခုက ကျန်းမာရေးဌာနနဲ့ ပူးတွဲဆောင်ရွက်ရမယ်။ ဆောင်ရန်ရှောင်ရန်တွေ လုပ်ပေးရမယ်။ ဆရာတို့အိမ်မှာဆို ညဘက်ကို မီးထွန်းထားရင် မနည်းဘူးလာနေတာ၊ ပိုးသတ်ဆေးနဲ့ အမြန်နှိမ်နှင်းနေရတယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သြဂဲနစ်မြေသြဇာ ထုတ်လုပ်သူ ဦးနေဦးက ပြောကြားသည်။
ယင်းပိုးကောင်များမှာ နေ့ခင်းဘက်များတွင် အရိပ်ရသည့် နေအိမ်တွင်းနှင့် သစ်ပင်ရိပ်များတွင် ကပ်နေကြပြီး ညဘက်များမှာ လျှပ်စစ်မီး အလင်းရောင် ရရှိသည့်နေရာများတွင် စုဖွဲ့ရောက်ရှိလာတတ်ကြောင်း နားသည့်နေရာများတွင် ဥများအတွဲလိုက် ဥတတ်လေ့ရှိကြောင်း ဒေသခံများက ပြောကြားသည်။ 

Most Read

Most Recent