လားရှိုးတိုးဂိတ်နှင့် ဘန့်ဘွေးတိုးဂိတ်တို့တွင် မူဆယ်သို့ သွားရောက်မည့်ယာဉ်များ ဒီဇင်ဘာ ၂၈ ရက်မှ စတင်၍ ဒီဇင်ဘာ ၃၀ ရက် နံနက်အထိ ဂိတ်ဖြတ်သန်းခွင့် ယာယီပိတ်ထားမည်

လားရှိုးတိုးဂိတ်နှင့် ဘန့်ဘွေးတိုးဂိတ်တို့တွင် မူဆယ်သို့ သွားရောက်မည့်ယာဉ်များ ဒီဇင်ဘာ ၂၈ ရက်မှ စတင်၍ ဒီဇင်ဘာ ၃၀ ရက် နံနက်အထိ ဂိတ်ဖြတ်သန်းခွင့် ယာယီပိတ်ထားမည်
မူဆယ်အသွားလမ်း တစ်နေရာတွင် ယာဉ်ကြောပိတ်ဆို့နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ -ထွန်းနေလှိုင်)
မူဆယ်အသွားလမ်း တစ်နေရာတွင် ယာဉ်ကြောပိတ်ဆို့နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ -ထွန်းနေလှိုင်)
Published 27 December 2016
ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ် (မြောက်ပိုင်း) မန္တလေး- လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် နောင်ချိုမြို့နယ် ဘန့်ဘွေးတိုးဂိတ်နှင့် လားရှိုးတိုးဂိတ်တို့အား ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှ စတင်ပြီး  ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီထိ ဖြတ်သန်းခွင့်အား ယာယီပိတ်ထားမည်ဖြစ်ကြောင်း လားရှိုးအိုရီယမ်တယ်လ် တိုးဂိတ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
လားရှိုး - မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြားရှိ ရှုခင်းသာအနီးတွင် ကားလမ်းပိတ်ဆို့မှုများ ဒီဇင်ဘာလအတွင်း ဆိုးရွားစွာ ဖြစ်ပေါ်နေခြင်းကြောင့် ပိတ်ဆို့နေသော ကုန်တင်ယာဉ်များ အမြန်ပြန်လည် သွားလာနိုင်ရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်းများ ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ဂိတ်များတွင် မူဆယ်သို့ သွားရောက်မည့်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထားသည့် ကာလအတွင်း မူဆယ်မှ လားရှိုး၊ မန္တလေးဘက်သို့ လာရောက်မည့်  အဆင်းကားများအား အချိန်သတ်မှတ်ကာ စနစ်တကျ ပြန်လည်ဖြတ်သန်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“အိုရီယမ်တယ်လ် တိုးဂိတ်ကနေ ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီကနေစပြီး ၃၀ ရက် နံနက် ၆ နာရီအထိ ဘန့်ဘွေးတိုးဂိတ်နဲ့ လားရှိုးတိုးဂိတ်တွေကို ဖြတ်သန်းခွင့် ပိတ်ထားမှာ ဖြစ်ပါတယ်။ နှစ်ရက်တိတိ နေ့ရော ညရော ပိတ်ထားမှာ ဖြစ်ပါတယ်။ မူဆယ်ကို တက်မယ့် အတက်ကုန်တင်ယာဉ်တွေ အားလုံးကိုပိတ်မှာပါ။ အဲဒီပိတ်ထားတဲ့ အချိန်အတောအတွင်းမှာ မူဆယ်၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်ကြားမှာ ပိတ်နေတဲ့ကားတွေကို ကွတ်ခိုင်တိုးဂိတ်နဲ့ နမ့်ခိုင်တံတားကနေ အတက် ၄ နာရီလွှတ် ၂ နာရီနား၊ အဆင်း ၄ နာရီလွှတ် ၂ နာရီနားစနစ်နဲ့ ကားလမ်းပိတ်နေတာတွေကို အမြန်ပြန် ရှင်းလင်းပေးမှာပါ” ဟု လားရှိုး အိုရီယမ်တယ်လ်မှ လက်ထောက်မန်နေဂျာ ဦးလှညွန့်က ပြောကြားသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကုန်စည်ကူးသန်းမှုများ လုံးဝနီးပါး ရပ်တန့်သွားခဲ့ပြီးနောက် ဒီဇင်ဘာလတွင် ကုန်စည်ကူးသန်းမှုမှာ ပုံမှန်အခြေအနေ အတိုင်း ပြန်ဖြစ်လာသော်လည်း နေ့စဉ်နီးပါး လမ်းကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကုန်တင်ယာဉ်များမှာ ပုံမှန်ရောက်ချိန်ထက် နောက်ကျပြီးမှသာ မူဆယ် ၁၀၅ မိုင်သို့ ရောက်ရှိကြကြောင်း သိရသည်။
“ဒီဇင်ဘာလအတွင်းမှာ မူဆယ်ကို သွားရတာ လမ်းပိတ်ဆို့မှုတွေနဲ့ နေ့တိုင်းနီးပါး ကြုံတွေ့နေရတယ်။ အဆိုးဆုံးကတော့ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားက ရှုခင်းသာမှာပဲ။ အဲဒီနားက လမ်းကျဉ်းတော့ တွဲကားတွေနဲ့ အမြဲလိုလို ပိတ်နေတတ်တယ်။ အဓိက,က မူဆယ်ကိုတက်တဲ့ ကုန်တင်ကားတွေများတာရယ်၊ တွဲကားတွေရဲ့ အနေအထားနဲ့ လမ်းကျဉ်းနေတာရယ်ကြောင့် လမ်းပိတ်ဆို့မှုက  ပိုပိုဆိုးနေပါတယ်။ ဒီဇင်ဘာလ အတွင်းမှာ ရှုခင်းသာနားမှာ ကားလမ်းက မပိတ်တဲ့နေ့ မရှိသလောက်ကို ဖြစ်နေတယ်။ ခရီးသည်တင် ကားငယ်လေးတွေတောင် မူဆယ်နဲ့ လားရှိုးကို မောင်းချိန် ၅ နာရီလောက်နဲ့ ရောက်ရမယ့်ခရီးက နှစ်ရက်လောက် မောင်းနေရတယ်” ဟု လားရှိုး -မူဆယ်ခရီးသည်တင် အမြန်ယာဉ်ငယ်မောင်းနှင်သူ ကိုစိုင်းက ပြောကြားသည်။
ဒီဇင်ဘာလအတွင်း ကားလမ်းပိတ်ဆို့မှုများကြောင့် လားရှိုး-မူဆယ်ခရီးသည်တင် ယာဉ်စီးခမှာလည်း ယခင်တစ်သောင်းကျော်မှ သုံးသောင်းကျပ်ထိ မြင့်တက်သွားပြီး အချို့ခရီးသည်တင် ယာဉ်ငယ်များ အနေဖြင့် ပုံမှန်သွားနေကျလမ်း မဟုတ်သော ကွတ်ခိုင်-တာမိုးညဲ-မူဆယ်လမ်းမှ သွားနေကြကြောင်း သိရသည်။ 

Most Read

Most Recent