ရှမ်းပြည်နယ် ကြူကုတ်၊ ပန်ဆိုင်းဒေသသို့ ငြိမ်းချမ်းရေး ကော်မရှင် ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန် ညှိနှိုင်းဆဲဖြစ်ဟု ကော်မရှင်အဖွဲ့ဝင် ပြောကြား

ရှမ်းပြည်နယ် ကြူကုတ်၊ ပန်ဆိုင်းဒေသသို့ ငြိမ်းချမ်းရေး ကော်မရှင် ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန် ညှိနှိုင်းဆဲဖြစ်ဟု ကော်မရှင်အဖွဲ့ဝင် ပြောကြား
Published 26 December 2016
ကျော်ဇင်ဝင်း

ရှမ်းပြည်နယ် ကြူကုတ်၊ ပန်ဆိုင်းဒေသသို့ ငြိမ်းချမ်းရေးကော်မရှင် ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန် ညှိနှိုင်းဆဲဖြစ်ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ဒီဇင်ဘာလဆန်းက တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံရန်စီစဉ်ခဲ့သော်လည်း တွေ့ဆုံမှုပုံစံနှင့်ပတ်သက်၍ အဆင်မပြေဖြစ်ပေါ်ကာ တွေ့ဆုံပွဲဖြစ်မြောက် ခဲ့ခြင်းမရှိဘဲ ဆက်လက်တွေ့ဆုံရန် ညှိနှိုင်းနေသည့်အပေါ် မေးမြန်းမှုအား ၎င်းက ထိုသို့ပြောကြားခြင်း ဖြစ်သည်။
“ကျွန်တော်တို့ တရုတ်ကိုသွားမှာ မဟုတ်ဘူး။ ဒီမြန်မာပြည်ထဲမှာပဲ။ ကျွန်တော်တို့က မြောက်ပိုင်းအဖွဲ့ရယ်လို့။ အဲဒီမှာကျွန်တော်တို့က အဲဒီမှာ ၂၈ ရက်နေ့ထွက်မှာပါ။ (မြောက်ပိုင်းအဖွဲ့နှင့် တွေ့မည့်ကိစ္စ) လူကြီးပိုင်းတွေ ညှိနှိုင်းနေတုန်းဗျ။ ၂၈ ရက်နေ့ထွက်မှာတော့ သေချာသွားပြီ။ မြောက်ပိုင်းအဖွဲ့နဲ့ ဒါကို ကျွန်တော် အတိအကျ မပြောနိုင်သေးဘူးဗျ။ သူတို့ညှိနှိုင်း နေဆဲဗျ။ မြောက်ပိုင်းက ဖိတ်ခေါ်တာကလည်း တွေ့ဖို့ကြေညာချက်ထွက်တာ တစ်ပိုင်းပေါ့။ ကျွန်တော်တို့ ၂၈၊ ၂၉ ထွက်မှာက လားရှိုးကနေပြီးတော့ ကြူကုတ်၊ ပန်ဆိုင်းဘက်ကို ကျွန်တော်တို့သွားမှာပါ” ဟု ဦးအောင်စိုးက ပြောကြားသည်။
ထို့အတူ ယခုသွားရောက်မည့် ခရီးစဉ်အတွင်း မည်သည့်အဖွဲ့အစည်းများနှင့် တွေ့မည်ကို မသိရှိရသေးကြောင်း ၎င်းကပြောကြားသည်။
သို့ရာတွင် ငြိမ်းချမ်းရေး ကော်မရှင်သွားရောက်မည့် ကြူကုတ်၊ ပန်ဆိုင်းဒေသသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည့် ဒေသများဖြစ်သည်။
အလားတူ အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံရန်အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့သို့ ငြိမ်းချမ်းရေးကော်မရှင်မှ တွေ့မည့်ရက်အား ဆက်သွယ်လာခြင်း မရှိသေးကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ ဗိုလ်မှူးကြီး ညိုထွန်းအောင်က ပြောကြားသည်။
“တွေ့မယ့်အချိန်တော့ ကျွန်တော်တို့ မသတ်မှတ်ရသေးဘူး။ သူတို့ဘက်ကပဲ ပြောလာမလား။ ကျွန်တော်တို့ဘက်က ဘယ်လိုမျိုး ပုံစံမျိုးအနေနဲ့ ပြောရမယ်ဆိုတာတော့ ဒီတစ်ရက်၊ နှစ်ရက်မှာ ကျွန်တော်တို့လေးဖွဲ့ပြန်ပြီးတော့ တွေ့တဲ့အချိန်ကျရင်တော့ အဖြေတစ်ခု ထွက်လာနိုင်တယ်။ အဓိကတော့ ငြိမ်းချမ်းရေး ကော်မရှင်အနေနဲ့ ဘယ်နေ့မှာ အဆင်ပြေမယ့်ဟာမျိုး ပြောလာတော့ မရှိသေးဘူး။ အဓိက အခက်အခဲကတော့ ပထမတော့ရက်ပေါ့နော်။ ရက်ဆိုတဲ့ဟာက ဥပမာ ကျွန်တော်တို့ ၁၉ ရက် နေ့လောက်မှာ တွေ့မယ်ဆိုပြီးတော့မှ ပြောပြီးတော့ သူတို့ဘက်က၂၃ ရက်နေ့နောက်ပိုင်း တွေ့ရအောင်ဆိုပြီးတော့ ပြန်ပြောလာတယ်။ ဒီကြားထဲမှာ ခရစ္စမတ်ရှိတယ်ဆိုတော့ ကျွန်တော်တို့က ခရစ္စမတ်ကာလပြီးမှပဲ ပြန်ပြောရအောင်ဆိုတဲ့ ပုံစံမျိုးဆိုတော့ အဲဒီကြားထဲမှာ ကိုယ့်ဘက်က အားတဲ့အချိန် သူ့ဘက်က အဆင်မပြေဘူး။ ကျွန်တော်တို့ဘက်ကကျတော့ တကယ်လို့ သူတို့ပြောလာတဲ့အချိန် ကျလို့ရှိရင် ညှိပေးလို့ရတဲ့ အနေအထားရှိပါတယ်။ တကယ်လို့ အချိန်တစ်ခုနဲ့ ပြောလာမယ်ဆိုရင်ပေါ့နော်”ဟု ဗိုလ်မှူးကြီး ညိုထွန်း အောင်က ပြောကြားသည်။
ထို့ပြင် ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ တွေ့ဆုံရာတွင် တရုတ်နိုင်ငံဘက်မှ ကိုယ်စားလှယ်နှင့် ‘ဝ’အဖွဲ့တို့အား သက်သေထားကာ ဆွေးနွေးမည်ဖြစ်ကြောင်း မြောက်ပိုင်းအဖွဲ့က တောင်းဆိုထားမှုအပေါ် ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ လက်မခံလိုသည့်သဘောဖြစ်နေ၍ တွေ့ဆုံဆွေး နွေးရန် အဆင်မပြေဖြစ်နေကြောင်း သတင်းအချို့ ထွက်ပေါ်လျက်ရှိသည်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုတော့ အဲဒီမှာတော့ တွေ့ရမယ်ဆိုတဲ့ ပုံစံမျိုး အနေအထားကိုတော့ သူတို့ဘက်ကလည်း တရုတ်အစိုးရကို ပြောထားတာရှိတယ်ဆိုတော့ တရုတ်မပါဘဲနဲ့တော့ မဖြစ်နိုင်လောက်ဘူး ထင်တယ်။ ‘ဝ’ အဖွဲ့အစည်းပေါ်မှာကျတော့ သူတို့ အရင်ကတည်းက ‘ဝ’ အဖွဲ့အစည်း မပါရင် မဖြစ်ဘူးလားဆိုတဲ့ ပုံစံမျိုးတော့ နောက်ဆုံးပြောသွားတဲ့ အနေအထားမှာတော့ အဲဒီလိုမျိုး ကမ်းလှမ်းထားတာတော့ရှိတယ်။ ကျွန်တော်တို့ကလည်း ‘ဝ’အဖွဲ့အစည်းကို ဘာကြောင့် ဒီအစည်းအဝေးမှာ ခေါ်ရတယ်ဆိုတဲ့ ဟာမျိုးကိုလည်း ကြေညာချက်တွေကော၊ အင်တာဗျူးတွေမှာကော ပြောထားပြီးပြီလေ” ဟု ဗိုလ်မှူးကြီးညိုထွန်းအောင်က ပြောကြားသည်။
မည်သည့် တွေ့ဆုံဆွေးနွေးပွဲတွင်မဆို မိမိတို့အဖွဲ့အားလုံး အတူတကွ တစ်ပြိုင်နက်တည်း တွေ့ဆုံရန် သဘောထားရှိသည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား သက်သေအဖြစ်ပါဝင်ပြီး ‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ၏ ပါဝင်မှုဖြင့် တွေ့ဆုံသွားမည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လိုက်လံတက်ရောက်နေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ဂေါင်ရှန်နှင့် ဒီဇင်ဘာ ၂၀ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ဘုံရပ်တည်ချက် သဘောထားများ တင်ပြဆွေးနွေးခဲ့ကာ နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာများ ကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာကြရန် ဆွေးနွေးတိုင်ပင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်သောကြောင့် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မည့်နည်းလမ်းကို အဆက်မပြတ် ဆောင်ရွက်နေကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကူညီမှုကြောင့် ဒီဇင်ဘာ ၁ ရက်တွင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင်ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံမည့်အရေးတွင် တရားဝင်မတွေ့ဖြစ်ခဲ့သော်လည်း နှစ်ဖက်တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်းများ ရရှိခဲ့သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။                      
 

Most Read

Most Recent