မောင်တောဒေသဖြစ်စဉ်သည် ၂၀၁၂ ခုနှစ်နောက်ပိုင်း၌ အကြမ်းဖက်အဖွဲ့အစည်းများက အချိန်ယူကာ စနစ်တကျ ဖွဲ့စည်းပြင်ဆင်၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးသည့် အကြမ်းဖက် တိုက်ခိုက်မှုမျိုးဖြစ်ကြောင်း ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ပြောကြား

မောင်တောဒေသဖြစ်စဉ်သည် ၂၀၁၂ ခုနှစ်နောက်ပိုင်း၌ အကြမ်းဖက်အဖွဲ့အစည်းများက အချိန်ယူကာ စနစ်တကျ ဖွဲ့စည်းပြင်ဆင်၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးသည့် အကြမ်းဖက် တိုက်ခိုက်မှုမျိုးဖြစ်ကြောင်း ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ပြောကြား
ဒီဇင်ဘာ ၂၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ၃/၂၀၁၆ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်စဉ် (Photo : Myanmar President Office Facebook)
ဒီဇင်ဘာ ၂၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ၃/၂၀၁၆ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်စဉ် (Photo : Myanmar President Office Facebook)
Published 26 December 2016
ကျော်ဇင်ဝင်း

မောင်တောဒေသဖြစ်စဉ်သည် ၂၀၁၂ ခုနှစ်နောက်ပိုင်း၌ အကြမ်းဖက်အဖွဲ့အစည်းများက အချိန်ယူကာ စနစ်တကျ ဖွဲ့စည်းပြင်ဆင်၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးသည့် အကြမ်းဖက်တိုက်ခိုက်မှုမျိုး ဖြစ်ကြောင်း ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ၃/၂၀၁၆ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပြိး အဆိုပါ အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအစည်းအဝေးတွင် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပထမအကြိမ် ရခိုင်ပြည်နယ် ခရီးစဉ်အဖြစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ သွားရောက်ခဲ့သည့် အတွေ့အကြုံ များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား အစီရင်ခံစာ (မူကြမ်း) ရေးသားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြောကြားမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ပြောကြားရာတွင် ကော်မရှင်အနေဖြင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်ဒေသနှင့် ကျေးရွာများသို့ သွားရောက်၍ စုံစမ်းစစ်ဆေးခြင်း၊ တွေ့ဆုံမေးမြန်းခြင်း၊ သတင်းထုတ်ပြန်ခြင်း၊ ပြည်တွင်း ပြည်ပမီဒီယာများအား သွားရောက်သတင်းယူနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့မှုများကြောင့် ယခုအချိန်တွင် ရခိုင်ပြည်နယ် မောင်တောဒေသ ဖြစ်စဉ်များ၏ အဖြစ်မှန်ရုပ်လုံး ပေါ်လာပြီဖြစ်ကြောင်း၊ ယခုဖြစ်စဉ်သည် ရခိုင်ပြည်နယ်အတွင်း ယခင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် မတူကွဲပြားလျက်ရှိပါကြောင်း၊ ယခင်ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များသည် ဒေသခံပြည်သူ အချင်းချင်းအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများဖြစ်သော်လည်း ယခုဖြစ်စဉ်သည် ၂၀၁၂ ခုနှစ်နောက်ပိုင်း၌ အချိန်ယူပြီး အကြမ်းဖက်အဖွဲ့အစည်းများက စနစ်တကျ ဖွဲ့စည်းပြင်ဆင်၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးသည့် အကြမ်းဖက် တိုက်ခိုက်မှုမျိုး ဖြစ်ပါကြောင်း၊ ပြည်ပနှင့်လည်း ဆက်စပ်နေသည့် ကွင်းဆက်များလည်း ပေါ်ပေါက်နေသဖြင့် ပိုမိုသိမ်မွေ့ရှုပ်ထွေးလျက်ရှိသည်မှာ အမှန်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ထို့ကြောင့် မိမိတို့ကော်မရှင်က ပြုစုရေးသားမည့် အစီရင်ခံစာတွင် နောင်အလားတူ အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်ရေး၊ နိုင်ငံတော်နှင့်အမျိုးသား လုံခြုံရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများအနေဖြင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ကို ဝိုင်းဝန်းစဉ်းစားပြီး အကြံပြုပေးရန်လိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။
ထို့ပြင် ဖြစ်စဉ်နှင့်ပတ်သက်၍ အမှန်ကို အမှန်အတိုင်း အရှိကိုအရှိအတိုင်း စိစစ်ဖော် ထုတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ ကော်မရှင်အနေဖြင့် အစီရင်ခံစာကို သတ်မှတ်ချိန်အတွင်း တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံရေးသားနိုင်ရန် ရခိုင်ပြည်နယ်သို့ အချိန်ရလျှင်ရသလို ထပ်မံသွားရောက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများနှင့် တွေ့ဆုံမေးမြန်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
ထို့အတူ အစည်းအဝေး၌ ကော်မရှင်အဖွဲ့ဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဇော်ဝင်းက ရခိုင်ပြည်နယ် မောင်တောဒေသတွင် ထပ်မံဖြစ်ပွားခဲ့သည့် မီးလောင်မှုများနှင့် အကြမ်းဖက်မှု ဆက်စပ်ဖြစ်စဉ်များ၊ အကြမ်းဖက်သမားများက ဒေသခံပြည်သူအချို့ကို ခြိမ်းခြောက် သတ်ဖြတ် ကျူးလွန်နေမှုများ၊ မောင်တောဒေသ နောက်ဆုံးအခြေအနေများကို ရှင်းလင်းခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက အစီရင်ခံစာမူကြမ်း၏ နိဒါန်း၊ ရည်ရွယ်ချက်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အချက်အလက်များ၊ ကော်မရှင်၏ စိစစ်တွေ့ရှိချက်များနှင့် ထပ်မံ စစ်ဆေးဆောင်ရွက် ရန် လိုအပ်သည့် ကိစ္စရပ်များကိုလည်းကောင်း၊ ရေးသားမည့် အစီရင်ခံစာ၏ အကြောင်းအရာ အချက်အလက်များကို လည်းကောင်း ရှင်းလင်းပြောကြားမှုများပြုလုပ်ခဲ့ပြီး ကော်မရှင် အဖွဲ့ဝင်များက သတင်းအချက်အလက်များ ပြည့်စုံစွာရရှိရေး၊ အကြမ်းဖက်တိုက်ခိုက်ခံရမှုများ၊ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေး အတွက် ကြိုတင်ပြင်ဆင်ကာကွယ်ရေး၊ အစီရင်ခံစာ ရေးသားရာတွင် ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် ဆွေးနွေး အကြံပြုမှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးအောင်ကြည်၊ ဦးထွန်းမြတ်၊ ဒေါက်တာသက်သက်ဇင်၊ ဒေါက်တာ အောင်ထွန်းသက်၊ ဦးညွန့်ဆွေ၊ ဦးစောသလေးစော၊ ဒေါ်ကျိန်ငိုက်မန်၊ ရဲချုပ်ဇော်ဝင်း၊ ဦးအောင်နိုင်၊ ဒေါက်တာလှမောင်၊ ဦးသာဉာဏ်၊ အတွင်းရေးမှူး ဦးဇော်မြင့်ဖေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေး မှတ်တမ်းများအား အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent