နေပြည်တော်တွင် အငြိမ်းစားဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာစီမံကိန်းဖော်ဆောင်ကာ CHD ဘဏ်စုငွေဖြင့် အရစ်ကျရောင်းချပေးသွားမည်

နေပြည်တော်တွင် အငြိမ်းစားဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာစီမံကိန်းဖော်ဆောင်ကာ CHD ဘဏ်စုငွေဖြင့် အရစ်ကျရောင်းချပေးသွားမည်
Published 26 December 2016
ကျော်မျိုး

နေပြည်တော်တွင် အငြိမ်းစားဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာစီမံကိန်းများ ဖော်ဆောင်ကာ CHD ဘဏ်စုငွေဖြင့်  အရစ်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အိမ်ရာစီမံကိန်းများကို နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ် ရန်အောင်မြင်သစ်တော ကြိုးဝိုင်းဧရိယာရှိ မြေဧက ၁၀၀ ပေါ်တွင် အိမ်ခန်းပေါင်း ၂၁၀၀ ကျော် ဖော်ဆောင်မည့် ရန်အောင်မြင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှင့် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက်အနီး ပျဉ်းမနား တောင်ညိုလမ်းမပေါ်ရှိ မြေ ၈ ဒသမ ၅ ဧကပေါ်တွင် အိမ်ခန်းပေါင်း ၄၇၆ ခန်းဖော်ဆောင်မည့် ရွှေနံ့သာတန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ စုစုပေါင်းစီမံကိန်း နှစ်ခု ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“မြေဧက ၁၀၀ ပေါ်မှာ ဆောက်မယ်။ ဒဏ္ခိဏသီရိမြို့နယ် နေပြည်တော်မြို့ပတ်လမ်း၊ ရန်အောင်မြင် သစ်တောကြိုးဝိုင်းဧရိယာပေါ့၊ မြို့ပတ်လမ်းနဲ့ ရတနာမဉ္စူလမ်းကြားမှာ၊ ဒီဇိုင်းတွေဆွဲပြီးပါပြီ။ မြေဧက ၁၀၀ ရဲ့  ၃၄ ရာခိုင်နှုန်းလောက်ကို အဆောက်အအုံ အတွက်သုံးမယ်။ ကျန်ဧရိယာကို စိမ်းလန်းမြေတို့ facilty အတွက် တို့စာသင်ကျောင်း အုပ်ချုပ်ရေးရုံး၊ ပန်းခြံစသည်ဖြင့် မြေအသုံးချဖို့ ခွဲဝေရပါတယ်။ အိမ်ဆောက်ဖို့ သက်သက်က ၃၄ ရာခိုင်နှုန်းသုံးပြီး ဆောက်တဲ့အခါ အိမ်ခန်းပေါင်း ၂၁၄၄ ခန်းထွက်ပါတယ်။ ရန်အောင်မြင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းပေါ့” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ အိုးအိမ်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။
အဆိုပါ အိမ်ရာစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ပြီး တည်ဆောက်ကာလ နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ အဆောက်အအုံများကို ကွန်ကရစ်အမျိုးအစား လေးထပ်ဆောက်လုပ်မည်ဖြစ်ပြီး တိုက်ခန်းများကို ခန့်မှန်းတန်ဖိုးအဖြစ် အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းအား ကျပ်သိန်း ၁၀၀ ဝန်းကျင်၊ အိပ်ခန်း နှစ်ခန်းပါအခန်းအား သိန်း ၂၀၀ ဝန်းကျင်၊ အိပ်ခန်းသုံးခန်းပါ အခန်းအား သိန်း ၃၀၀ ဝန်းကျင်၊ ပိုမိုကျယ်ဝန်းသော အိပ်ခန်း သုံးခန်းပါအခန်းအား သိန်း ၄၀၀ ဝန်းကျင်စသည်ဖြင့် ရောင်းချနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
“ဦးစားပေးမှာကတော့ အငြိမ်းစားဝန် ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ ပြည်သူတွေနဲ့ ဒေသခံယာစိုက်တဲ့ တောင်သူတွေကိုလည်း ဦးစားပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းနိုင်က ပြောကြားသည်။
အဆိုပါ အိမ်ခန်းများကို ဝယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ ဖြိုးရေးဘဏ်တွင် အိမ်ခန်းဝယ်ယူရန် ခေါင်းစဉ်ဖြင့် ငွေစုရန်လိုအပ်ကြောင်း၊ လစဉ်ငွေစုခြင်းဖြင့် ဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ အားပြည့်မီပါက ဆောက်လုပ်ရေးဝန်ကြီးဌာနက စိစစ်ကာ နေထိုင်ခွင့်ပြု မည်ဖြစ်ပြီး ငွေအကျေပြီးဆပ်ပြီးမှသာလျှင် ပိုင်ဆိုင်မှုအထောက်အထားများ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
“တစ်လကို ဘယ်လောက်စုစု၊ တစ်ခါတည်း ကျပ်သိန်း ၃၀ စုတာမျိုးတော့  မရည်ရွယ်ဘူး။  ကျွန်တော့်တို့ ရည်ရွယ်တာက မိသားစုတွေရဲ့ ဝင်ငွေဟာ လခစားဝန်ထမ်းတွေရဲ့ တစ်ဦးချင်းဝင်ငွေနဲ့ကြည့်ရင် တစ်လဝင်ငွေဟာ သုံးသိန်းလောက်ရှိတယ်။ တစ်ဦးချင်းဖြစ်စေ၊ မိသားစုတစ်ဦး၊ နှစ်ဦးဖြစ်စေ သုံးသိန်းကနေ ငါးသိန်းအတွင်း မိသားစုဝင်ငွေရှိတယ်လို့ ပျမ်းမျှသတ်မှတ်ပါတယ်။ အဲဒီတစ်လကို သုံးသိန်းကနေ ငါးသိန်းဝင်ငွေရှိတဲ့ မိသားစုတွေက တစ်လကို တစ်သိန်းတော့ အိမ်ဝယ်ဖို့ စုနိုင်လိမ့်မယ်လို့ မျှော်မှန်းပြီးတော့ ဒီအစီအစဉ်ကို ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။
ဥတ္တသီရိမြို့နယ်တွင် တည်ဆောက်မည့် အိမ်ရာစီမံကိန်းမှာ ကုန်ကျစရိတ်သိရှိနိုင်ရန် ရှေ့ပြေး စမ်းသပ်ဆောက်လုပ်သည့် တစ်လုံးလျှင် အိမ်ခန်း ၄၀ ပါရှိသည့် ငါးထပ် အဆောက်အအုံ နှစ်လုံးအား ဆောက်လုပ်လျက်ရှိကြောင်း၊ ကျန်အိမ်ခန်းများအတွက် ဆက်လက်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။                         

Most Read

Most Recent