မန္တလေးစက်မှုဇုန် (၁) ရှိ E – Lan ဆပ်ပြာမှုန့်စက်ရုံ အလုပ်သမားများ အချက်ခြောက်ချက်ဖြင့် တောင်းဆိုဆန္ဒထုတ်ဖော်

မန္တလေးစက်မှုဇုန် (၁) ရှိ E – Lan ဆပ်ပြာမှုန့်စက်ရုံ အလုပ်သမားများ အချက်ခြောက်ချက်ဖြင့် တောင်းဆိုဆန္ဒထုတ်ဖော်
Published 26 December 2016
ဌေးလှအောင်

မန္တလေးစက်မှုဇုန် (၁) ၊ (၆၂) လမ်းနှင့် ကနောင်မင်းသားကြီးလမ်းရှိ EAC (Europe & Asia Commercial Co.,Ltd.) ကုမ္ပဏီ၏ E - Lan ဆပ်ပြာမှုန့်စက်ရုံမှ နေ့စားအလုပ် သမား ၁၀၀ ဝန်းကျင်ခန့်က ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းကစတင်ပြီး အလုပ်သမားအခွင့်အရေးများ ရရှိရေးအတွက် အလုပ်သမားများက အချက်ခြောက်ချက်ဖြင့် စက်ရုံရှေ့တွင် ထိုင်သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် ညနေ လေးနာရီခွဲခန့်တွင် အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဖက်ညှိနှိုင်းမှု အဆင်ပြေသွားခဲ့ကြောင်း သိရသည်။
အလုပ်သမား အခွင့်အရေးများရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုကို E – Lan ဆပ်ပြာမှုန့်စက်ရုံမှ နေ့စားအလုပ်သမား ၁၀၀ ဝန်းကျင်ခန့်က အချက်ခြောက်ချက်ဖြင့် အဓိကတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အလုပ်ချိန် ၈ နာရီအပြင် လစာတိုးမြှင့်ရရှိရေး ဒို့အရေး၊ အလုပ်သွား အလုပ်ပြန် ဖယ်ရီကားစီစဉ်ပေးရေး ဒို့အရေး၊ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များအား ခွဲခြားဆက်ဆံမှုအလိုမရှိ၊ နိုင်ငံခြားသား အုပ်ချုပ်မှု အလိုမရှိ၊ မူးယစ်သောက်စား၍ အလုပ်သမားများအား အုပ်ချုပ်မှု အရေးယူပေးရေး ဒို့အရေး၊ အလုပ်သမားများအပေါ် တစ်ဖက်သတ် ဖိနှိပ်အုပ်ချုပ်သော စီမံအုပ်ချုပ်ရေးအဖွဲ့အား ပြုပြင်ပြောင်းလဲပေးရေး ဒို့အရေး အစရှိသည့် အဓိအချက်ခြောက်ချက်ကို တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အလုပ်သမားများ တောင်းဆိုထားသည့် တောင်းဆိုချက်များနှင့် ပတ်သက်၍ အလုပ်ရှင် အလုပ်သမားတို့အကြား ညှိနှိုင်းမှုများကို မွန်းလွဲပိုင်းအချိန်တွင် စက်ရုံအတွင်း၌ ပြုလုပ်ခဲ့ကြသည်။ အလုပ်သမားများ တောင်းဆိုထားသည့်  အထက်ပါ အချက်ခြောက်ချက်အား အလုပ်ရှင်ဘက်က ညနေပိုင်းတွင် သဘောတူညီခဲ့ပြီး ညှိနှိုင်းမှုအဆင်ပြေသွားခဲ့ကြောင်း အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောကြားသည်။
“ကျွန်မတို့ အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်ခြောက်ချက်လုံး အလုပ်ရှင် ဘက်ကနေ လိုက်လျောပေးသွားမယ်လို့ ညှိနှိုင်းအဆင်ပြေခဲ့ပါတယ်။ အလုပ်ချိန် ၈ နာရီ ကလည်း အဆင်ပြေသွားတယ်။ လစာကိစ္စတွေလည်း အဆင်ပြေသွားပါတယ်။ အလုပ်ချိန်ကတော့ နှစ်ဆိုင်းခွဲလိုက်ပါတယ်။ မနက် တစ်ဆိုင်းနဲ့ ညပိုင်းတစ်ဆိုင်းပေါ့။ အခုအဆင်ပြေသွားပြီဖြစ်တဲ့အတွက် သပိတ်စခန်းလည်း သိမ်းလိုက်ပါပြီ။ ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းတော့မှာပါ” ဟု ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ မဇင်မာဖြိုးက ပြောကြားသည်။
အလုပ်သမားများ တောင်းဆိုခဲ့သည့် အချက်များအား အလုပ်ရှင်ဘက်က လိုက်လျောပေးခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား ညှိနှိုင်းမှုအဆင်ပြေသည့် သဘောတူ စာချုပ်ကိုလည်း ထပ်မံချုပ်ဆိုခဲ့ကြကြောင်း သိရသည်။ အလုပ်သမား အခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် E - Lan စက်ရုံမှ အလုပ်သမားများသည် ဒီဇင်ဘာ ၂၆ ရက် နံနက် ၇ နာရီခွဲမှ စတင်ကာဆန္ဒထုတ်ဖော်ခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင် အလုပ်ရှင်နှင့်အလုပ် သမားတို့အကြား ညှိနှိုင်းမှုများ အဆင်ပြေခဲ့ ခြင်းဖြစ်သည်။                   

Most Read

Most Recent