နိုင်ငံတော်၏ အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် နယ်စပ်ဒေသလုံခြုံရေးအား များစွာအထောက်အကူပြုနိုင်မည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် လုံခြုံစိတ်ချရသည့် အတားအဆီးကာရံပေးရေး ရခိုင်ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်

နိုင်ငံတော်၏ အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် နယ်စပ်ဒေသလုံခြုံရေးအား များစွာအထောက်အကူပြုနိုင်မည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် လုံခြုံစိတ်ချရသည့် အတားအဆီးကာရံပေးရေး ရခိုင်ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်
Published 26 December 2016
သန်းလှိုင် (စစ်တွေ)

နိုင်ငံတော်၏ အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် နယ်စပ်ဒေသ လုံခြုံရေးအား များစွာအထောက်အကူပြုနိုင်မည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် လုံခြုံစိတ်ချရသည့် အတားအဆီး ကာရံပေးရေးအဆိုအား ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုအား ဘူးသီးတောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ဦးဇော်ဇော်မြင့်က ဒီဇင်ဘာ ၂၁ ရက်တွင် တင်သွင်းခဲ့ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
ထိုသို့ အဆိုတင်သွင်းရခြင်းသည် နယ်စပ်ဒေသလုံခြုံရေးအတွက်ဖြစ်ပြီး ယခုလုပ် ဆောင်ထားသော ခြံစည်းရိုးထက် ပိုမိုကောင်းမွန်ပြီး ခိုင်ခန့်လုံခြုံသော ခြံစည်းရိုးများ ဖြစ်လာစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယင်းအဆိုနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်လေးဦးက အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းအဆိုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း ကလည်း “ယခုထက်ပိုမိုကောင်းမွန်တဲ့ လုံခြုံမှု စနစ်တွေလုပ်ဖို့ လိုပါတယ်။ အဲဒီအထဲမှာ နယ်မြေဒေသ တည်ငြိမ်ရေး၊ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားကျေးရွာများ ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ဝန်ထမ်းများ စနစ်တကျရှိရေးတို့ ပါဝင်ပါတယ်။ လက်ရှိ ခြံစည်းရိုး တည်ဆောက်ခြင်း လုပ်ငန်းဟာလည်း ဆောင်ရွက်ဆဲလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ခြံစည်းရိုးကာရံခြင်းကို ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဆိုပြီး ခွဲခြား ဆောင်ရွက်နေပါတယ်။ မိုင်ပေါင်း ၁၂၈ ဒသမ ၆၈ မိုင် ရှိပါတယ်။ ကင်းလှည့်လမ်းတွေကိုလည်း လုပ်ဆောင်နေပြီဖြစ်သလို လမ်းကွန်ရက်နဲ့ ကင်းစခန်း ၅၂ ခုကိုလည်း တည်ဆောက်လျက် ရှိပါတယ်။ နယ်စပ်ဒေသ လုံခြုံရေးကို ယခုထက်ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးစနစ်  ထားရှိဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဆိုရှင်ရဲ့ တင်ပြချက်အပေါ် ကန့်ကွက်လိုခြင်း မရှိပါဘူး။ ဒါကြောင့် လိုအပ်တာတွေဖြည့်စွက် ဆွေးနွေးသင့်ပါတယ်။ လွှတ်တော်ကလည်း အတည်ပြုသင့်တယ်လို့ အကြံပြုလိုပါတယ်” ဟုလည်း တင်ပြဆွေးနွေးခဲ့သည်။
အလားတူစွာတွင် သံတွဲမြို့မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေး ကလည်း စင်ကာပူနိုင်ငံတွင် အုတ်တံတိုင်း ကာရံထားခြင်းမရှိသော်လည်း မိမိတို့၏လူမျိုးနှင့် တိုင်းပြည်ကို ကာကွယ်ချင်စိတ်ဖြစ်အောင် နယ်စပ်ဒေသတွင် မြေယာပိုင်ဆိုင်ခွင့်များကို  ပေးအပ်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် တိုင်းရင်းသားများသည် စိုက်ပျိုးလုပ်ကိုင်ရန် မြေမရှိတော့သည့်အတွက် နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြရကြောင်း၊ ယင်းသို့သွားရောက်နေထိုင်သူ တစ်သန်းကျော်ရှိနေပြီဖြစ်ကြောင်း၊ ထိုသူတို့အား ရခိုင်ပြည်နယ် နယ်စပ်ဒေသတွင် ပိုင်ဆိုင်မှုများ၊  လုပ်ကိုင်မှုများပေးပြီး ပြန်ခေါ်ကာ လူတံတိုင်းဖြင့် ကာရံနိုင်မည့် လူခြံစည်းရိုးဖြစ်သဖြင့် လူတံတိုင်းဖြင့်သာ ကာရံပေးစေလိုကြောင်းလည်း တင်ပြဆွေးနွေးခဲ့သည်။
“စောင့်ကြည့်ရုံသက်သက် မဟုတ်ဘဲ ရခိုင်ပြည်နယ်ရဲ့လုံခြုံရေး၊ မြန်မာနိုင်ငံရဲ့ လုံခြုံရေးကို ပြီးပြည့်စုံတဲ့ အဖြေတစ်ခုမဟုတ်ဘူးလို့လည်း ယူဆပါတယ်။ လိုအပ်တဲ့နေရာတွေမှာ အုတ်တံတိုင်း ကာရံပေးဖို့အတွက်လည်း လိုအပ်တယ်လို့ ကျွန်တော်မြင်တယ်” ဟုလည်း မြေပုံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် မှ ဦးအောင်ဝင်းက ပြောကြားသည်။
“နယ်စပ်ကို ကာကွယ်တယ်ဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေထက် ခြံစည်းရိုး၊ နည်းပညာ တွေအပါအဝင် ကျွန်တော်တို့ရဲ့ လုံခြုံရေးတွေကို နည်းပေါင်စုံနဲ့ ကာကွယ်ရမှာဖြစ်ပါတယ်။ အဲဒီနည်းပေါင်စုံနဲ့ ကာကွယ်တဲ့နေရာမှာ ဘယ်လောက်အထိ တိုးတက်မှုရှိသလဲဆိုတာကို ကျွန်တော်တို့လုံခြုံရေးအရ စောင့်ကြည့်သွားသင့်တယ်လို့ ယုံကြည်ပါတယ်။ အဆိုအပေါ်မှာ အခုချက်ချင်း လက်ငင်းအကောင်အထည် ဖော်ရမယ်လို့ မဆိုလိုပါဘူး။ နိုင်ငံသားအပေါ်မှာ အချုပ်အခြာအာဏာဟာ ဘယ်လောက်အထိ အရေးကြီးလဲ။ အဲဒီအတွက် ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်” ဟု ဦးဇော်ဇော်မြင့်က တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent