ခရိုင်တရားရုံးသို့ ထပ်မံလျှောက်ထားသည့် ဦးမျိုးရန်နောင်သိန်း၏ အာမခံ အကြောင်းပြချက် မခိုင်လုံဟုဆိုကာ ပယ်ချခံရ

ခရိုင်တရားရုံးသို့ ထပ်မံလျှောက်ထားသည့် ဦးမျိုးရန်နောင်သိန်း၏ အာမခံ အကြောင်းပြချက် မခိုင်လုံဟုဆိုကာ ပယ်ချခံရ
Published 26 December 2016
ဉာဏ်ဝင်းရှိန်

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ဖမ်းဆီး အရေးယူခံထားရသူ NLD ဗဟို သုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း၏ အာမခံအား အနောက်ပိုင်းခရိုင်တရားရုံးက အကြောင်းပြချက် မခိုင်လုံဟုဆိုကာ ဒီဇင်ဘာ ၂၆ ရက်က ပယ်ချခဲ့ကြောင်း သတင်းရရှိသည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် ဦးမျိုးရန်နောင်သိန်းဘက်မှ လျှောက်ထားခဲ့သည့် အာမခံအား ကမာရွတ်မြို့နယ် တရားရုံးက ပယ်ချခဲ့သည့်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ ထပ်မံလျှောက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အာမခံထပ်မံလျှောက်ထားမှုအား ဒီဇင်ဘာ ၂၆ ရက်က အမိန့်ချမှတ်ခဲ့ပြီး အာမခံလျှောက်ထားသည့် အကြောင်းပြချက် မခိုင်လုံသည့်အတွက် ပယ်ချခဲ့ကြောင်း ဦးမျိုးရန်နောင်သိန်း၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။
“အနောက်ပိုင်းခရိုင် တရားရုံးကနေပြီး အာမခံကို ပယ်လိုက်ပါတယ်။ ကျွန်တော်တို့ဘက်ကနေ ထူးခြားတဲ့အခြေအနေကို မတင်ပြနိုင်တဲ့ အတွက်ကြောင့်ဆိုပြီး ပယ်ပါတယ်။ အာမခံပေးလောက်အောင် ထူးခြားတဲ့အခြေအနေကို မတင်ပြနိုင်တဲ့အတွက်ကြောင့် ပယ်ချလိုက်ပါတယ်” ဟု ဦးကျော်ဟိုးက ပြောကြားသည်။
ထိုသို့ ခရိုင်တရားရုံးက အာမခံအား ပယ်ချခဲ့သည့်အတွက် တရားစီရင်ရေး လမ်းကြောင်းအရ တိုင်းတရားလွှတ်တော်အား ထပ်မံ တက်ရောက်နိုင်သော်လည်း စွပ်စွဲခံထားရသူမှာ အချုပ်တွင်းမှ တရားရင်ဆိုင်နေရသောကြောင့် နစ်နာနိုင်သဖြင့် မြို့နယ်တရားရုံးတွင်သာ အမှုကိုဆက်လက် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဦးကျော်ဟိုးက ဆက်လက်ပြောကြားသည်။
ယင်းအမှုဖြစ်စဉ်မှာ Myo Yan Naung Thein Facebook  အကောင့်မှ အောက်တိုဘာ ၁၄ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသရေဖျက်သည့်စာများ ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ အောက်တိုဘာ ၃၁ ရက်တွင် အမှုဖွင့်တိုင် ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုကို ကမာရွတ် မြို့မရဲစခန်းက (ပ) ၆၂၄/၂၀၁၆ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီး ဦးမျိုးရန်နောင်သိန်းအား နိုဝင်ဘာ ၃ ရက် တွင် ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တစ်လကျော်ကြာ အချုပ်နှင့် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

Most Read

Most Recent