ချောင်းသာကြိုးဝိုင်း အမှတ် (၁၄) အတွင်းမှ နှစ်လသားအရွယ် တောဆင်ရိုင်း အမတစ်ကောင် တွေ့ရှိ

ချောင်းသာကြိုးဝိုင်း အမှတ် (၁၄) အတွင်းမှ နှစ်လသားအရွယ် တောဆင်ရိုင်း အမတစ်ကောင် တွေ့ရှိ
Published 26 December 2016
နီလာစိုး (ပုသိမ်)

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ သစ်တောကြိုးဝိုင်း အမှတ် (၁၄) အတွင်းမှ နှစ်လသားအရွယ် တောဆင်းရိုင်း အမတစ်ကောင်အား ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရှောပြာဘိနယ်ရုံးမှ သိရသည်။
အဆိုပါ တောဆင်ရိုင်းပေါက် ဆင်မတစ်ကောင်အား ဒေသခံများက တွေ့ရှိခဲ့ပြီး နွားအုပ်နောက်တွင် လိုက်ပါလာသောကြောင့် ဖမ်းဆီးကာ သစ်တောကို အကြောင်းကြားသဖြင့် ရှောပြာဘိနယ်ရုံးတွင် ထားရှိကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ဧရာဝတီတိုင်းဒေသကြီး ဆင်ဆေးကုဆရာဝန် ဒေါက်တာမျိုးမင်းအောင်ထံမှ သိရသည်။
"ဆင်မလေးပါ။ အသက်က နှစ်လသားလောက် ခန့်မှန်းတယ်။ အရပ်သုံးပေ၊ အလုံးက လေးပေသုံးလက်မ၊ ဆင်မဖြစ်တဲ့အတွက် အမျိုးအစားတော့ မရှိပါဘူး။ နှစ်လလောက် မိခင်နို့စို့ရတဲ့အတွက် ကျန်းမာရေး ကောင်းပါတယ်။ မိခင်နဲ့ကွဲတာ ဘယ်လောက်ကြာပြီလဲ မသိနိုင်ပါဘူး။ ဆင်မုဆိုးတွေ လိုက်သလား၊ တောထဲမှာ အန္တရာယ် တစ်စုံတစ်ခုနဲ့တွေ့ပြီး ချောက်ကမ်းပါးထဲကျပြီး ကျန်ခဲ့တာလား မသိပါဘူး။ အခုတလော ဒီဘက်မှာ ဆင်မုဆိုးတွေလည်း အသံကြားနေရလို့ အခုသစ်တောအဖွဲ့က ဆင်လေးတွေ့တဲ့နေရာမှာ တောနင်းရှာနေတယ်။ ဆင်မကြီး အသတ်ခံရလားလို့ပါ" ဟု မြန်မာ့သစ်လုပ်ငန်းမှ ဧရာဝတီတိုင်းဒေသကြီး ဆင်ဆေးကုဆရာဝန် ဒေါက်တာမျိုးမင်းအောင်က ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်လက ငရုတ်ကောင်းမြို့ နယ်ဘက်တွင် မိကောက်ရဆိုသော ဆင်မလေး တစ်ကောင်အား ချောင်းအတွင်းမှ ရရှိ၍ မွေးခဲ့သော်လည်း မိခင်နို့ရည် သောက်သုံးခဲ့ရခြင်း မရှိသဖြင့် ၂၃ ရက်သာ အသက်ရှင်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း၊ ယခုဆင်မလေးအတွက် နို့မှုန့်များ လှူဒါန်းထားသူများရှိပြီး ကျန်းမာရေးလည်း ကောင်းမွန်သဖြင့် ရှင်သန်ရန် ရာခိုင်နှုန်း ၇၀ အထိရှိကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်း တောတောင်များထဲတွင် စိမ့်စမ်းပေါများသဖြင့် တောဆင်ရိုင်း အကောင် ၂၀၀ ကျော် ခိုလှုံကျက်စား လျက်ရှိကြောင်း သိရသည်။
 

Most Read

Most Recent