သီပေါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ငါးနေရာတွင် စစ်ရှောင်သူ ၂၀၀၀ ကျော် နေရပ် မပြန်နိုင်သေး

သီပေါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ငါးနေရာတွင် စစ်ရှောင်သူ ၂၀၀၀ ကျော် နေရပ် မပြန်နိုင်သေး
Published 26 December 2016
စည်သာ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ငါးနေရာတွင် စစ်ရှောင်သူ ၂၀၀၀ ကျော် နေရပ်မပြန်နိုင်သေးကြောင်း သက်ဆိုင်ရာစခန်းများမှ သတင်းရရှိသည်။
ဒီဇင်ဘာ ၂၆ ရက်တွင် ကောက်ခံရရှိသော စာရင်းများအရ သီပေါမြို့ သာသနာ ၂၅၀၀ တိုက်သစ်ကျောင်း စစ်ဘေးရှောင်စခန်းတွင် နမ္မတူမြို့နယ် ပန်လုံအုပ်စု မန်ကျန်းကျေးရွာတို့မှ ထွက်ပြေးလာသော စစ်ရှောင်အိမ်ထောင်စု ၆၈ စု၊ ရှင်သာမဏေ ၁၅ ပါး ကလေးလူကြီးပေါင်း ၂၇၆ ဦး၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘော်ကြိုဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် သီပေါမြို့နယ် အုံမှုအုပ်စု ပန်ခါးရွာ၊ မန်လွယ်ရွာတို့မှ စစ်ရှောင်အိမ်ထောင်စု ၁၂၂ စု၊ လူဦးရေ ၅၂၃ ဦး၊ သီပေါမြို့နယ် မိုးတေအုပ်စု မိုးဘေဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် နမ္မတူမြို့နယ် ပန်လုံအုပ်စု ပန်လုံရွာ၊ နားခိုလျှံရွာမှ ထွက်ပြေးလာသော အိမ်ထောင်စု ၅၉ စု၊ လူဦးရေ ၃၅၆ ဦး၊ သီပေါမြို့နယ် မိုးတေအုပ်စု မန်ကောင်းကျေးရွာ စစ်ဘေးရှောင်စခန်းတွင် နမ္မတူမြို့နယ် ပန်လုံအုပ်စု ပန်လုံရွာ၊ နမ့်ဟိုင်းအုပ်စု ကုံးမုံရွာ၊ မော်နေရွာ၊ ကောင်းမှုရွာ၊ ကုန်းညောင်ရွာ၊ ဝမ်မိုင်ရွာတို့မှ ထွက်ပြေးလာသော စစ်ဘေးရှောင်အိမ်ထောင်စု ၄၅ စု၊ လူဦးရေ ၁၅၉ ဦး၊ သီပေါမြို့နယ် တာပုတ် ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင် စခန်းတွင် နမ္မတူမြို့နယ် ပန်လုံအုပ်စု ပန်လုံရွာ၊ ပန်သပြေရွာ၊ မန်လီရွာတို့မှ အိမ်ထောင်စု ၁၉၄ စု၊ လူဦးရေ ၆၇၄ ဦး၊ သီပေါမြို့နယ် မိုးတေအုပ်စု ခွန်စံလိတ်ဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ ၃၀၊ စခန်း ခြောက်နေရာတွင် စုစုပေါင်း အိမ်ထောင်စု ၄၈၈ စု ကလေးလူကြီး ၂၀၁၈ ဦးရှိကြောင်း သတင်းရရှိသည်။
သီပေါမြို့နယ်၊ နမ္မတူမြို့နယ်၊ မန်တုံမြို့နယ် စသည့်မြို့နယ်သုံးမြို့နယ်၊ ကျေးရွာအုပ်စု သုံးစု ၊ ကျေးရွာပေါင်း ၁၃ ရွာမှ စစ်ဘေးတိမ်းရှောင်လာကြခြင်းဖြစ်ပြီး အချို့စခန်းများတွင် စိတ်မချရသဖြင့် ရွာသို့မပြန်ရဲတော့ဘဲ အပြီးတိုင်နေထိုင်မည့်သူများလည်း ရှိကြောင်း သိရသည်။
သီပေါမြို့နယ် မိုးတေ ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် ရေသန့်ရှင်းမှု မရှိသဖြင့် ဝမ်းရောဂါများ အနည်းငယ် ဖြစ်ပွားနေကြောင်း ကျန်းမာရေးမှူးထံမှ သိရသည်။
ထို့ပြင် သီပေါမြို့နယ် တောင်မြို့ရပ်ကွက်ရှိ သာသနာ ၂၅၀၀ တိုက်သစ်ကျောင်းတွင် ပုန်းခိုနေသော စစ်ဘေးရှောင်များသည် ပလောင် တိုင်းရင်းသားအများစု ဖြစ်ကြပြီး ထိခိုက်ဆုံးရှုံးမှုများပြားပြီး ဆန်စပါး၊ ကျွဲ၊ နွား တိရစ္ဆာန်များ ဆုံးရှုံးမှုများပြားနေသဖြင့် ရှမ်း ပြည်နယ်အစိုးရထံ အမြန်ဆုံး ကူညီကယ် ဆယ်ပေးနိုင်ပါရန် တောင်းဆိုထားကြောင်း သိရသည်။
အိမ်ခြေ ၂၀ ကျော်မှ စုဆောင်းထား သော ဆန်စပါးများ၊ စပါးကြိတ်စက်၊ ပြောင်းကြိတ်စက်များနှင့် ငွေကြေးများကို ကျေးရွာလူကြီးအိမ်တွင် သိမ်းဆည်းထားစဉ် တိုက်ပွဲများကြောင့် လက်နက်ကြီး ထိခိုက်ခဲ့သဖြင့် အိမ်မီးလောင်ခဲ့ကာ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အချို့ကျေးရွာများသည် တောထဲတွင် ရက်ပေါင်းများစွာ ပုန်းခိုခဲ့ရပြီးမှ စစ်ဘေးရှောင် စခန်းများသို့ ရောက်ရှိလာသည်လည်းရှိကြောင်း၊ အချို့သည် ဖိနပ်များ ဦးထုပ်များပင် မယူနိုင်တော့ဘဲ အသက်လုကာ ပြေးလွှားရကြောင်း၊ ဘော်ကြိုကျောင်းနှင့် တောင်မြို့ ရပ်ကွက်ရှိ သာသနာ ၂၅၀၀ ကျောင်းတွင် မွေးကင်းစ ကလေးငယ်နှစ်ဦးလည်း ရှိနေကြောင်း သိရသည်။
သီပေါမြို့နယ်ရှိ ဘော်ကြိုစစ်ရှောင်စခန်းနှင့် တောင်မြို့ရပ်ကွက် သာသနာ ၂၅၀၀ တိုက်သစ်ကျောင်းတွင် ပုန်းခိုနေသည့် စစ်ဘေးရှောင်အများစုမှာ ပလောင်တိုင်းရင်းသားများဖြစ်ကြပြီး ကျန်စခန်းများသည် ရှမ်းတိုင်းရင်းသားများဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်မှစ၍ ထွက်ပြေးလာကြခြင်းဖြစ်ပြီး ထိတွေ့မှု ဖြစ်ပွားနေသော ကျေးရွာများသို့ ယနေ့တိုင် မပြန်ရဲသေးဘဲ ပုန်းခိုနေရသေးကြောင်း  သိရသည်။
စစ်ဘေးရှောင်စခန်းများတွင် အဝတ်အထည်များ၊ စားစရာများ လုံလောက်နေကြပြီး၊ အများစုမှာ ကျန်းမာရေးစောင့်ရှောက်မှု  အသိပညာများနှင့် ဆုံးရှုံးခဲ့သော ဆန်စပါး၊ ကျွဲ၊ နွား၊ ပစ္စည်းများ လိုအပ်ချက်ရှိနေကြောင်း ဒုက္ခသည်များထံမှ သိရသည်။
“ဖြစ်တာက ရွာထဲမှာ ဖြစ်တာပါ။ ဆန် ရေ စပါးတွေကို အိမ် ၂၀ လောက်က လူကြီးအိမ်မှာ စုထားတယ်။ စုထားတဲ့နေရာကို ဗုံးထိပြီး မီးလောင်သွားတယ်။ သူတို့ ထွက်သွားချိန်မှာ ဘာမှမရလိုက်ဘူး။ သူတို့ ချန်ထားတာတွေကို ဘာမှမကျန်ဘူး။ အားလုံးဆုံးရှုံးသွားပါတယ်”  ဟု ပန်လုံရွာမှ မအေးက ပြောကြားသည်။

Most Read

Most Recent