လှိုင်မြစ်အတွင်း စက်လှေတစ်စီးပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ သုံးဦးအား ဖမ်းဆီးစစ်ဆေးရာ ခိုးမှုခုနစ်မှု ပေါ်ပေါက်

လှိုင်မြစ်အတွင်း စက်လှေတစ်စီးပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ သုံးဦးအား ဖမ်းဆီးစစ်ဆေးရာ ခိုးမှုခုနစ်မှု ပေါ်ပေါက်
Published 26 December 2016
သီဟအောင်၊ သန့်ဇင်ကျော်

လှိုင်မြစ်အတွင်းရှိ စက်လှေတစ်စီးပေါ်တွင် မသင်္ကာဖွယ် တွေ့ရှိသူသုံးဦးအား ဖမ်းဆီးစစ်ဆေးရာ ခိုးမှုခုနစ်မှု ပေါ်ပေါက်ခဲ့ကြောင်း ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဒီဇင်ဘာ ၁၃ ရက် နံနက် ၂ နာရီခန့်က အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်၊ လှိုင်မြစ်ကမ်းနံဘေးရှိ အအေးစက်ရုံတစ်ရုံ၏ ဆိပ်ခံတံတားအနီးတွင် မောင်းနှင်လာသည့် စက်လှေအား မသင်္ကာသဖြင့် ခေါ်ယူကာ စက်လှေပေါ်တွင် လိုက်ပါလာသည့် အင်းစိန်မြို့နယ်နေ သက်ဦး (ခ) သက်နိုင်ဦး (၂၉ နှစ်)၊ ညိုဝင်း (ခ) ကိုဖြိုး (၁၉ နှစ်)နှင့် ရွှေ ပြည်သာမြို့နယ်နေ ငွေခိုင် (ခ) ချစ်ကို (၃၁ နှစ်)တို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာ သက်ဦး (ခ) သက်နိုင်ဦးထံမှ ဓားမြှောင်တစ်ချောင်း တွေ့ရှိခဲ့သဖြင့် အင်းစိန်မြို့မရဲစခန်းတွင် (ပ)၂၆၅၅/ ၂၀၁၆ လက်နက်အက်ဥပဒေပုဒ်မ ၁၉ (င) ဖြင့်လည်းကောင်း၊ စက်လှေပေါ်တွင် ဂွဆိုဒ်မျိုးစုံ ခုနစ်ချောင်း၊ ပလာယာ တစ်ချောင်း၊ ဝက်အူလှည့် လေးချောင်း၊ ဆောက်တစ်လက်၊ လွှတစ်လက် နှင့် ငါးဖမ်းပိုက် တစ်စုံတို့အား ထပ်မံတွေ့ရှိ ခဲ့သဖြင့် ၎င်းတို့သုံးဦးအား မေးမြန်းရာ ပိုင်ဆိုင်ကြောင်း အထောက်အထား မပြနိုင်သဖြင့် အင်းစိန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၉/ ၅၄ ဖြင့် အမှုဖွင့်ကာ အခြားကျူးလွန်မှုများ ရှိ မရှိ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးရာ သက်ဦး (ခ) သက်နိုင်ဦးသည် ၂၀၁၆ ခုနှစ် မေ၊ စက်တင်ဘာ၊ နိုဝင်ဘာလများအတွင်းက ညပိုင်းအချိန်များတွင် အင်းစိန်မြို့နယ်၊ လှိုင်မြစ်ကမ်း၊ ဖော့ကန်သံမဏိစက်ရုံ ဆိပ်ကမ်းအနီးတွင် ရပ်ထားသော ဆိုင်ကယ်တစ်စီး၊ အင်းစိန်မြို့နယ် အောင်ဇေယျတံတား အောက်ဘက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုအတွင်းမှ သစ်သားငါးချောင်း၊ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခုအတွင်းမှ လက်ကိုင်ဖုန်း လေးလုံး၊ လှိုင်သာယာမြို့နယ် အောင်ဇေယျတံတားအနီးရှိ ဆောက်လက်စ အဆောက်အအုံ တစ်ခုအတွင်းမှ လက်ကိုင်ဖုန်း ခြောက်လုံး၊ မရမ်းကုန်းမြို့နယ် လှိုင်မြစ်ကမ်း ဘုရင့်နောင်ပွဲရုံဘက်ခြမ်းတွင် ရပ်ထားသော သင်္ဘောတစ်စီးပေါ်မှ လက်ကိုင်ဖုန်း ငါးလုံးကိုလည်းကောင်း ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် သက်ဦး (ခ) သက်နိုင်ဦးနှင့် ညိုဝင်း (ခ) ကိုဖြိုးတို့ နှစ်ဦးသည် စက်တင်ဘာလအတွင်းက အင်းစိန်မြို့နယ်၊ လှိုင်မြစ်ကမ်းရှိ ကြွေထည်မြေထည်ဆိပ်ကမ်းမှ သစ်သားချောင်း ကိုးချောင်းအားလည်းကောင်း၊ ငွေခိုင် (ခ) ချစ်ကိုသည် ဒီဇင်ဘာလအတွင်းက တိုက်ကြီးမြို့နယ်၊ ရန်ကုန်ပြည်လမ်းရှိ ဘုန်းကြီးကျောင်းတစ်ခုအနီးတွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးကို လည်းကောင်း အသီးသီး ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ခိုးမှုများကျူးလွန်ခဲ့သည့် ၎င်းတို့ သုံးဦးအား သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent