၂၀၁၆ ခုနှစ်ကို သက်ဝင်လှုပ်ရှားစေခဲ့သည့် သြဇာအကြီးဆုံး ပုဂ္ဂိုလ်များ

၂၀၁၆ ခုနှစ်ကို သက်ဝင်လှုပ်ရှားစေခဲ့သည့် သြဇာအကြီးဆုံး ပုဂ္ဂိုလ်များ
Photo : AFP
Photo : AFP
Published 25 December 2016
Ref:AFP

၂၀၁၆ ခုနှစ်တွင် သတင်းများကို လှုပ်ခတ်စေခဲ့သော အဓိကပုဂ္ဂိုလ်များအား ကမ္ဘာတစ်ဝန်းမှ အေအက်ဖ်ပီ ဂျာနယ်လစ် ၃၀၀ နီးပါးက ရွေးချယ် မဲပေးရွေးချယ်ခဲ့မှုကို အခြေခံ၍ သြဇာလွှမ်းမိုးခဲ့သော ပုဂ္ဂိုလ် ၁၀ ဦးအား ရွေးချယ် ဖော်ပြလိုက်ပါသည်။
ဝါရှင်တန်နိုင်ငံရေး အစဉ်အလာကို ချိုးဖျက်ခဲ့သော ထရန့်
ကြမ်းတမ်းရိုင်းပျသော ဘာသာစကားများ အသုံးပြု၍ မဲဆွယ်မှုများမှသည် လွတ်လပ်စွာ ဖော်ပြခွင့်ဟုဆိုသော အခြေခံအခွင့်အရေးများအား ကြိုးကြားကြိုးကြား အပြစ်တင်တတ်မှုအထိ အမေရိကန်မူဝါဒ စည်းမျဉ်းများအား တစ်စစီဖျက်ဆီးခဲ့သော ရီပက်ဘလီကင် ဒေါ်နယ်ထရန့်သည် ဒီမိုကရက် ဟီလာရီကလင်တန်အား အံ့အားသင့်ဖွယ် အနိုင်ရခဲ့သည်။ ယခင်သမ္မတများ နှင့်မတူဘဲ ထရန့်က ‘ကျေးဇူးတင်ခရီးစဉ်’ များထွက်ခွာခဲ့သည်။
အိုဘားမား ရွေးချယ်ခံရစဉ်က သတင်းစာ ရှင်းလင်းပွဲများစွာ ပြုလုပ်ခဲ့သော်လည်း ထရန့်က တစ်ခုမျှမလုပ်ခဲ့ဘဲ အင်တာဗျူး အနည်းငယ်သာ ပြုလုပ်ခဲ့သည်။ ယခင်သမ္မတများက ၎င်းတို့အဆိုပြုထားသည့် ရာထူးများအား မီဒီယာများထံ ထုတ်ပြန်လေ့ရှိသော်လည်း ထရန့်က ကြေညာချက်များသာ ထုတ်ပြန်ခဲ့ပြီး အများစုအား နံနက် ၆ နာရီ သို့မဟုတ် ညနက်ပိုင်းမှသာ ထုတ်ပြန်ခြင်း သို့မဟုတ် Twitter မှ ရိုးရိုးရှင်းရှင်း ထုတ်ပြန်ခြင်း ပြုလုပ်ခဲ့သည်။
ပုံမှန်အားဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် အထက်လွှတ်တော် အမတ်များသည် အစိုးရဝန်ကြီး နေရာများအတွက် ရွေးချယ်ခံရလေ့ ရှိသော်လည်း ထရန့်ကမူ အဓိကအားဖြင့် လူဖြူများ၊ အမျိုးသားများ၊ သန်းကြွယ်သူဌေးများနှင့် ဘီလျံနာများ အပါအဝင် လုပ်ငန်းရှင်များကိုသာ ရွေးချယ်ခဲ့သည်။
အင်ပါယာခေတ်လွန် အာဏာရှင်ဆန်သည့် ခေါင်းဆောင်နှစ်ဦး
တူရကီသမ္မတ ရီဆပ်တေယစ် အာဒိုဂန်သည် IS ဂျီဟတ်များနှင့် ရေနံကုန်သွယ်မှု လုပ်ဆောင်ခဲ့ကြောင်းနှင့် ခေတ်သစ် တူရကီနိုင်ငံ ထူထောင်သူ အတာတက်ကိုလည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ် စေခဲ့ကြောင်းဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က စွပ်စွဲခဲ့သည်။ နိုင်ငံရေး ဆရာကြီး နှစ်ဦးအကြား အပြန်အလှန် တိုက်ခိုက်မှုအဖြစ် အာဒိုဂန်ကလည်း ပူတင်သည် ဆီးရီးယားတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ပြန်လည်ရှုတ်ချခဲ့သည်။
 ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ဆီးရီးယား၌ ရုရှား စစ်လေယာဉ်တစ်စင်းအား တူရကီက ပစ်ချခဲ့မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အဆိုးရွားဆုံးသို့ ကျဆင်းခဲ့ပြီးနောက် တစ်နှစ်ပြည့်သည့် ယခုနှစ်တွင်မူ ၎င်းတို့နှစ်ဦးအကြား မဟာမိတ် ဆက်ဆံရေး ပြန်လည်တည်ဆောက်ခဲ့မှုက အနောက်နိုင်ငံများအား ဒေါသထွက်စေခဲ့သည်။ အသက် ၆၀ ကျော်စွန်းစွန်း အရွယ်များဖြစ်သော ၎င်းတို့နှစ်ဦးစလုံးသည် စီးပွားရေးပြိုလဲရန် နီးကပ်နေသော နိုင်ငံများအား ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွင် ဆက်ခံခဲ့ရသည့် အင်ပါယာ ခေတ်လွန် ခေါင်းဆောင်များ ဖြစ်သည်။
ဆိုဗီယက် ယူနီယံပြိုကွဲမှုသည် ၂၀ ရာစု၏ အကြီးမားဆုံး ပထဝီနိုင်ငံရေး ကြေကွဲဖွယ်ဖြစ်ရပ်ဟု ခိုင်းနှိုင်းခဲ့သော ပူတင်က ၎င်း၏အိမ်နီးချင်း နိုင်ငံများအား သြဇာပြန်လည် လွှမ်းမိုးနိုင်ရန် ကြိုးပမ်းရာတွင် အလျှော့ပေးမည် မဟုတ်ကြောင်း ပြသခဲ့ပြီး ဆီးရီးယားတွင် ရုရှား၏ သြဇာကြီးမားမှုအား ကမ္ဘာကို ပြန်လည်အမှတ်ရစေခဲ့သည်။
လာမည့် ရွေးကောက်ပွဲများတွင်သာ ထပ်မံအနိုင်ရမည်ဆိုပါက ၎င်းတို့နှစ်ဦးသည် လာမည့် ဆယ်စုနှစ်အထိ အာဏာချုပ်ကိုင် ထားနိုင်မည်ဖြစ်သည်။   
အင်ဂျလာမာကယ်    
နိုင်ငံတကာ မီဒီယာများက လစ်ဘရယ် ဒီမိုကရေစီ၏ ရှေ့ဆောင်လမ်းပြ အသစ်ဟု ခေါ်ဝေါ်နေသော အသက် ၆၂  နှစ်အရွယ် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်သည် ၎င်း၏အာဏာသက်တမ်း ၁၁ နှစ်အတွင်း ယူရိုဇုန် အကျပ်အတည်းများ၊ ရုရှားနှင့် တင်းမာမှုများ၊ သမိုင်းတင်လောက်သော ဒုက္ခသည် အစုလိုက်အပြုံလိုက် ဝင်ရောက်မှုများ အစရှိသည့် အခက်အခဲကြီးများစွာကို ကျော်ဖြတ်ပြီး ဂျာမနီကို ဥရောပ၏ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်နိုင်စေရန် ဦးဆောင်ခဲ့သူဖြစ်သည်။ မာကယ်သည် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း ဝန်ကြီးချုပ် သက်တမ်း နောက်ထပ် လေးနှစ်အတွက် ထပ်မံယှဉ်ပြိုင်မည်ဟု ကြေညာထားသည်။
Facebook တည်ထောင်သူ ဇက်ကာဘတ်
၂၀၁၆ တွင်Facebook အားနေ့စဉ် အသုံးပြုသူ တစ်ဘီလျံကျော် ရှိလာခဲ့ပြီး လူမှုမီဒီယာကြီး၏ အလှမ်းအကမ်းသည် အတိုင်းအဆမရှိ ကျယ်ပြန့်လာခဲ့သည်။
Facebook တွင် သတင်းတုများ ကူးစက်ပျံ့နှံ့မှုက အမေရိကန်သမ္မတ ရွေးကောက်ပွဲ၏ ရလဒ်များအား ပြောင်းလဲရန် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး Facebook ၏အမှုဆောင်ချုပ် မာ့ဇက်ကာဘတ် သည်လည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။
ဇက်ကာဘတ်က Facebook သည်အစဉ်အလာ မီဒီယာကုမ္ပဏီ မဟုတ်ဘဲ နည်းပညာကုမ္ပဏီသာဖြစ်ကြောင်း ကနဦးတွင် ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် သတင်းတု စိစစ်ရေးနည်းလမ်းများ ထုတ်ပြန်ခဲ့သည်။
နိုင်ငံ့ခေါင်းဆောင်ဟောင်းမှ ပထမဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ဂူတာရက်
လာမည့် ဇန်နဝါရီ ၁ ရက်တွင် ဘန်ကီမွန်ထံမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူးဆက်ခံမည့် ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတာရက်က ဆီးရီးယား ပြည်တွင်းစစ်ပွဲ၊ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခ၊ ယီမင်၊ တောင်ဆူဒန် ပဋိပက္ခ၊ နိုင်ငံအများအပြားတွင် ထပ်တလဲလဲ ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများ၊ ရုရှားနှင့် အနောက်နိုင်ငံများအကြား တင်းမာမှု မြင့်တက်လာမှု စသည့်ပြဿနာများဖြင့် ကမ္ဘာ့အကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သည်။
ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ် ရာစုနှစ်ထက်ဝက်ခန့် ကြာခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ကြိုးပမ်းခဲ့ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့သူဖြစ်သည်။
ဘာရက်အိုဘားမား
အမေရိကန်သမ္မတအဖြစ် ရှစ်နှစ်ကြာ ထမ်းဆောင်ခဲ့ပြီးနောက် ဘာရက်အိုဘားမားသည် အိမ်ဖြူ တော်ကို မစွန့်ခွာမီသူ၏ ကောင်းမွေ၊ ဆိုးမွေများကို ချန်ထားရန် အစွမ်းကုန် ကြိုးပမ်းခဲ့သည့်နှစ် ဖြစ်သည်။
 ဖရန်စစ် ပုပ်ရဟန်းမင်း
ဒီဇင်ဘာ ၁၇ ရက်က အသက် ၈၀ ပြည့်ခဲ့သော လက်တင်အမေရိကမှ ပထမဆုံး ပုပ်ရဟန်းမင်းသည် ကက်သလစ်ကျောင်းတော်ကို ပုံစံအသစ် ဖော်ထုတ်ရန် မရပ်မနား ကြိုးပမ်းနေခဲ့သည်။
တရုတ်သမ္မတ ရှီကျင်ပင်း
တရုတ်ကွန်မြူနစ်ပါတီက ရှီကျင်ပင်းအား မဏ္ဍိုင်ခေါင်းဆောင်အဖြစ် ယခုနှစ်ပါတီစုံညီ အစည်းအဝေးတွင် ဂုဏ်ပြုခဲ့ပြီး ရှီ၏အာဏာမှာလည်း ပို၍ခိုင်မာလာသည်။

Most Read

Most Recent