အပြုသဘောဆောင်သည့် ငြိမ်းချမ်းရေးလုပ်ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်ပေးရန် ချင်းအရပ်ဘက်အဖွဲ့အစည်းများ သဘောထားထုတ်ပြန်

အပြုသဘောဆောင်သည့် ငြိမ်းချမ်းရေးလုပ်ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်ပေးရန် ချင်းအရပ်ဘက်အဖွဲ့အစည်းများ သဘောထားထုတ်ပြန်
Published 24 December 2016
ဇာလီမြင့်ဦး

တိုင်းရင်းသား အရေးကိစ္စများအပေါ် စစ်ရေးဖြင့် အဖြေရှာသည့် လုပ်ရပ်များ ချက်ချင်းရပ်တန့်ပေးရန် ၊ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုပျက်ပြားစေမည့် အပြောအဆို အပြုအမူများကို ရပ်တန့်ပေးရန်နှင့် အပြုသဘောဆောင်သည့် ငြိမ်းချမ်းရေးလုပ်ဆောင်မူများ တိုးမြှင့်လုပ်ဆောင်ပေးရန် ချင်းအရပ်ဘက် အဖွဲ့အစည်းများက ဒီဇင်ဘာ ၂၃ ရက်တွင် သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်တိုက်တွန်းခဲ့သည်။
စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အမျိုးသားရင်ကြားစေ့ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစသည့်အရေး ကြီးကိစ္စများ စတင်အကောင်အထည်ဖော်နေသည့် တစ်ချိန်တည်းမှာပင် ဖြစ်ပေါ်လာသည့် တိုင်းရင်းသားအချင်းချင်း ကြားယုံကြည်မှု ပျက်ပြားစေနိုင်သော၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှု လမ်းကြောင်းတစ်ခုလုံး သွေဖည်စေနိုင်သော၊ အမျိုးသား ရင်ကြားစေ့ရေးကို ထိပါးစေနိုင်သော တိုင်းရင်းသား ဒေသအချို့ တွင် စစ်ရေးထိပ်တိုက်တွေ့မှု ပိုမိုများပြားလာခြင်း၊ ထိပ်တိုက်တွေ့မှု ဖြစ်စဉ်များတွင် အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်များ၏ ကြားဝင်ဖျန်ဖြေမှုများ အားနည်းခြင်းနှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးအား မှေးမှိန်ပျက်ပြယ်စေနိုင်သည့် ရှမ်းပြည်နယ် လွှတ်တော်၏ တိုင်းရင်းသား လက်နက်ကိုင် အချို့အား အကြမ်းဖက်စာရင်းတွင် သွပ်သွင်းခြင်း၊ တိုင်းရင်းသားဒေသအချို့တွင် အကြီးစား စစ်ဆင်မှုများ ပြုလုပ်နေချိန်တွင် စစ်ရေးအသုံးစရိတ် ထပ်တိုးတောင်းဆိုမှုအား ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးခြင်း အစရှိသော အဖြစ်အပျက်များကြောင့် လွန်စွာဝမ်းနည်းမိကြောင်းလည်း အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းအရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရ သစ်သည် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အစိုးရ၏ ပထမဦးစားပေးလုပ်ငန်းအဖြစ် ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်ကို ကြိုဆိုကြောင်းနှင့် စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တွေ့ဆုံဆွေးနွေးရေးကို အခြေခံသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သဖြင့် အစိုးရ၏ ကြိုးပမ်းလုပ်ဆောင်မှုကို အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။
ထို့အတွက် စစ်မှန်သော ငြိမ်းချမ်းရေး နှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ “ အားလုံး ပါဝင်ဆွေးနွေးအဖြေရှာရေး” ဟူသည့် ငြိမ်းချမ်းရေးလမ်းစဉ်ကို အခြေခံကာ တိုင်းရင်းသားအရေး ကိစ္စများအပေါ် စစ်ရေးဖြင့် အဖြေရှာသည့် လုပ်ရပ်များ ချက်ချင်းရပ်တန့်ပေးရန် ၊ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ပျက်ပြားစေမည့် အပြောအဆို အပြုအမူများကို ရပ်တန့်ပေးရန်နှင့် အပြုသဘောဆောင်ပြီး ငြိမ်းချမ်းရေးရှေးရှုသော လုပ်ဆောင်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် စသည့် အချက်များအား မဖြစ်မနေ ဖော်ဆောင်ပြီးမှသာလျှင် တည်ငြိမ်အေးချမ်းသော အနာဂတ်ကို ပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်ကို ချင်းအရပ်ဘက် အဖွဲ့အစည်း ၁၆ ခုက ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူများမှတစ်ဆင့် နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးတို့ကို ပေးပို့ရန်ရှိကြောင်း အရပ်ဘက်အဖွဲ့ အစည်းများက ပြောကြားသည်။

Most Read

Most Recent