SSA (ဝမ်ဟိုင်း) အဖွဲ့၏ မိုင်းရှူးမြို့နယ်တွင် လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်းတို့ကြောင့် ဒေသခံပြည်သူအချို့ ရပ်စောက်မြို့နယ်သို့ တိမ်းရှောင်လာကြောင်း တပ်မတော် ထုတ်ပြန်

SSA (ဝမ်ဟိုင်း) အဖွဲ့၏ မိုင်းရှူးမြို့နယ်တွင် လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်းတို့ကြောင့် ဒေသခံပြည်သူအချို့ ရပ်စောက်မြို့နယ်သို့ တိမ်းရှောင်လာကြောင်း တပ်မတော် ထုတ်ပြန်
Published 24 December 2016
ကျော်ဇင်ဝင်း

SSA (ဝမ်ဟိုင်း) အဖွဲ့၏ မိုင်းရှူးမြို့နယ်တွင် လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်းတို့ကြောင့်  ဒေသခံပြည်သူအချို့ ရပ်စောက်မြို့နယ်သို့ တိမ်းရှောင်လာကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်စာမျက် နှာတွင် ဖော်ပြထားသည်။
အဆိုပါ  SSA (ဝမ်ဟိုင်း) အဖွဲ့မှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့ဖြစ်ပြီး အဆိုပါအဖွဲ့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့်အဖွဲ့ ဖြစ်သည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ဟိုဆိုင်းကျေးရွာအုပ်စု၊ ပန်ခမ်းကျေးရွာနှင့် ဝမ်မိုင်ကျေးရွာတို့၌ SSA (ဝမ်ဟိုင်း) အဖွဲ့က မကြာခဏ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့ကြောင့် ၎င်းကျေးရွာများရှိ ပလောင်တိုင်းရင်းသား မိသားစုလေးစု၊ အမျိုးသားခြောက်ဦး၊ အမျိုးသမီးခုနစ်ဦး စုစုပေါင်း ၁၃ ဦးတို့သည် နေရပ်စွန့်ခွာထွက်ပြေး၍ ဒီဇင်ဘာ ၂၀ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာအုပ်စု၊ ရေဖြူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာကြောင်း ဖော်ပြပါရှိသည်။
ထိုသို့ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့သော ပလောင်တိုင်းရင်းသား မိသားစုများအား နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ နယ်လှည့် ဆေးကုသရေးအဖွဲ့များဖြင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ယင်းသို့ တပ်မတော်၏ ထုတ်ပြန်မှုနှင့် ပတ်သက်၍ SSPP / SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
အလားတူ နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် SSA (ဝမ်ဟိုင်း) အဖွဲ့က မိုင်းရှူးမြို့နယ်၊ လွယ်ပန်လုံရွာမှ ရွာသားခုနစ်ဦးအားလည်းကောင်း၊ ပန်ခန်းရွာမှ ရွာသား ၁၂ ဦးအား လည်းကောင်း လူသစ်စုဆောင်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံ ပြည်သူတစ်ဦးထံမှ သိရှိရကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားများအား အမြန်ဆုံး ပြန်လည်စေလွှတ်ပေးရေး အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်အနေဖြင့် SSA (ဝမ်ဟိုင်း) အဖွဲ့ထံသို့ ကန့်ကွက်အကြောင်း ကြားသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်ထုတ် တပ်မတော်ပိုင် မြဝတီသတင်းစာတွင် သတင်းဖော်ပြခဲ့သည်။
ထိုသို့ အရပ်သား ၁၉ ဦးအား ဖမ်းဆီးသွားခြင်းမှာ  လူသစ်စုဆောင်းခြင်း မဖြစ်နိုင်ဘဲ မူးယစ်ဆေးဝါး တားဆီးရေးစီမံချက်ကြောင့် ဖြစ်နိုင်ကြောင်း SSPP/ SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဆုက နိုဝင်ဘာ ၅ ရက်က ပြန်လည် ပြောကြားထားသည်။
SSPP/ SSA အဖွဲ့အနေဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၁ ရက်မှစတင်ကာ ၎င်းတို့ လက်လှမ်း မီနိုင်သည့် နေရာများတွင် မူးယစ်ဆေးဝါး          ပိတ်ပင်တားဆီးရေး ပညာပေးစီမံချက်အရ အရောင်းအဝယ် ပြုလုပ်သူများအားဖမ်းဆီး၍ ထောင်ဒဏ်နှစ်ရှည်ချထားခြင်း၊ သုံးစွဲသူများအား ခေါ်ယူဆေးဖြတ်ကာသုံးလမှ ခြောက်လအကြာ ပြန်လည်စေလွှတ်ပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အခြားအကြောင်းကြောင်းကြောင့် ဖမ်းဆီးမှုများရှိခဲ့ပါက ဗဟိုကခိုင်းစေခြင်း မျိုးမဟုတ်ဘဲ အောက်ခြေအဆင့် အုပ်ချုပ်ရေးပိုင်း၊ နယ်မြေတာဝန်ခံများက ဆောင်ရွက်ခြင်းမျိုးဖြစ်နိုင်ကြောင်း ထိုစဉ်အချိန်က ဗိုလ်မှူးစိုင်းဆု၏ ပြောကြားချက်အရ သိရသည်။
တပ်မတော်နှင့် SSPP /SSA တို့သည် အောက်တိုဘာ ၇ ရက်က မိုင်းရှူးမြို့နယ် လွိုင်နိုင်းတိုက်နယ်၊ လွယ်နွဲ့တောင်ခြေ၌ SSPP/ SSA တပ်စခန်းအနီး၌ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လမ်းလုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းနှင့် မတော်တဆ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံရှင်းလင်းပြီးဖြစ်ကြောင်း ထိုစဉ်အချိန်က SSPP/ SSA သတင်းထုတ်ပြန်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
သို့ရာတွင် တပ်မတော်ပိုင်  အောက်တိုဘာ ၁၀ ရက်ထုတ် မြဝတီသတင်းစာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ ပလောင်ချောင်းကျေးရွာသို့ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် SSA (ဝမ်ဟိုင်း) အဖွဲ့မှ အင်အားခြောက်ဦး ခန့်ရောက်ရှိလာပြီး အဆိုပါကျေးရွာမှ ရွာသားငါးဦးအား ဖမ်းဆီးကာ သုံးဆယ်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါအဖွဲ့သည် ဖမ်းဆီးသွားသည့် ရွာသားငါးဦးထံမှ ဆက်ကြေးငွေအဖြစ် တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ငါးသိန်းအား တောင်းခံခဲ့ပြီး  ညနေ ၃ နာရီခွဲ တွင်ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ ထို့နောက် လွယ်ခွင်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာ သွားကြောင်း သိရှိရကြောင်း ပလောင်ချောင်းကျေးရွာနှင့် အရှေ့ကြူအင်းကျေးရွာရှိ တောင်သူများထံမှလည်း မြေတစ်ဧကလျှင် ကျပ် ၅၀ဝ၀ နှုန်းဖြင့် ဆက်ကြေးပေးဆောင်ရန် ကျေးရွာမှ တာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။
မိုင်းရှူးမြို့နယ်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒနယ် ကြေညာပြီးနောက် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပခြင်း မပြုဘဲရွှေ့ဆိုင်းခဲ့ကာ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျင်းပရန် ကြေညာထားသည့် လစ်လပ်မဲဆန္ဒနယ်များတွင် ပါဝင်သည်။     

Most Read

Most Recent