၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလလယ်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၂၈၀ နီးပါး ပိုမိုရရှိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလလယ်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၂၈၀ နီးပါး ပိုမိုရရှိ
Published 24 December 2016
နီလာ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလလယ်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ သန်း ၂၈၀ နီးပါး ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“ဒီဘဏ္ဍာနှစ်မှာ လက်ရှိအချိန်အထိ ပဲမျိုးစုံ ပြည်ပတင်ပို့မှုကနေ ဒေါ်လာ ၁၀၅၇ ဒသမ ၈၀၅ သန်း ရရှိထားပါတယ်။ မနှစ်က ကာလတူက ဒေါ်လာ ၇၇၇ ဒသမ ၉၆၀ သန်း ရရှိခဲ့တဲ့အတွက် ဒီနှစ်က ဒေါ်လာ ၂၇၉ သန်း ပိုမိုရရှိခဲ့ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အဓိကအားဖြင့် ဆန်စပါးကို တင်ပို့ရောင်းချပြီး ဒုတိယ အနေဖြင့် ပဲမျိုးစုံတင်ပို့ခြင်းသည် နိုင်ငံခြား ဝင်ငွေအများဆုံး ရရှိသော ပြည်ပပို့ကုန်တစ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သော ပဲမျိုးစုံကို ပြည်တွင်းစားသုံးမှု နည်းပါးပြီး ပျှမ်းမျှထွက်ရှိသော ပမာဏ၏ ရာခိုင်နှုန်း ၉၀ ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ်ပဲတန်ချိန် ငါးသိန်း၊ ပဲတီစိမ်း နှစ်သိန်းခွဲမှ သုံးသိန်းနှင့် ပဲစင်းငုံတန်ချိန် နှစ်သိန်းခွဲအပါအဝင် ပဲမျိုးစုံတန်ချိန် စုစုပေါင်း ၁ ဒသမ ၅ သန်းမှ နှစ်သန်းခန့်အထိ စိုက်ပျိုးထွက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်နိုင်ရေး အကူအညီပေးရန် စီစဉ်နေကြောင်း သိရသည်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ပဲတန်ချိန် ကိုးသိန်းဝယ်ယူရန် ကမ်းလှမ်းထားကြောင်း၊ သို့သော်ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချနိုင်ရန်အတွက် နှစ်နိုင်ငံ အပြန်အလှန် ညှိနှိုင်း ဆွေးနွေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
သို့သော် ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချနိုင်ရန်အတွက် နှစ်နိုင်ငံ အပြန်အလှန် ညှိနှိုင်းဆွေးနွေးလျက် ရှိသည်။
“ပဲတင်ပို့ဖို့ ကိစ္စက လောလောဆယ် သူတို့ဘက်က ဘာမှအကြောင်း မပြန်သေးပါဘူး။ အဓိက,က သူတို့ဘက်က စိုက်ပျိုးရေးဘက်မှာ အကူအညီပေးဖို့ စိုက်ပျိုးရေးနဲ့ ညှိနှိုင်းနေတယ်လို့တော့ အကြမ်းဖျင်း သိရပါတယ်။ ပဲဝယ်မယ့် ကိစ္စကတော့ လောလောဆယ် ပြင်မယ့်ဟာတွေ အကြောင်းပြန်လိုက်တော့ သူတို့ဘက်က ဘာမှအကြောင်း မပြန်သေးပါဘူး။ စိုက်ပျိုးထုတ်လုပ်မှုဘက်မှာ တိုးတက်လာအောင် အရင်ကူညီမယ်လို့ အကြမ်းဖျင်း သိရပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ပဲဝယ်ယူရန် ကမ်းလှမ်းချက်၌ ၂၀၁၇ ခုနှစ်တွင် ပဲတန်ချိန် ကိုးသိန်းဖြင့် တဖြည်းဖြည်းတိုးကာ ငါးနှစ်ခန့် ဝယ်ယူမည်ဟု ပါရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ အိန္ဒိယသို့ မတ်ပဲနှင့် ပဲစင်းငုံ လက်ရှိတင်ပို့နေမှု အခြေအနေမှာ တန်ချိန်ခြောက်သိန်းခန့်သာ တင်ပို့နိုင်သဖြင့် အိန္ဒိယဘက်မှ လိုချင်သည့် တန်ချိန်ကိုးသိန်း ရောင်းချနိုင်ရန်မှာ အခက်အခဲ ရှိနေကြောင်း သိရသည်။ 

Most Read

Most Recent