ကရင်အမျိုးသားနှင့် တိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေးများကို လေးစားအသိအမှတ်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း အတိအလင်း ရေးသားပြဋ္ဌာန်းထားရန်အတွက် စည်းလုံးညီညွတ်စွာ လုပ်ဆောင်သွားကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

ကရင်အမျိုးသားနှင့် တိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေးများကို လေးစားအသိအမှတ်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း အတိအလင်း ရေးသားပြဋ္ဌာန်းထားရန်အတွက် စည်းလုံးညီညွတ်စွာ လုပ်ဆောင်သွားကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
Published 24 December 2016
ကျော်ဇင်ဝင်း

ကရင်အမျိုးသားနှင့် တိုင်းရင်းသား လူမျိုးတို့၏ အခွင့်အရေးများကို လေးစား အသိအမှတ်ပြုပြီး နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း အတိအလင်း ရေးသားပြဋ္ဌာန်းထားရန်အတွက် စည်းလုံးညီညွတ်စွာ လုပ်ဆောင်သွားကြရန် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းပြောကြားသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ကျရောက်မည့် ကရင့်သက္ကရာဇ် ၂၇၅၆ ခုနှစ်၊ သလေးလဆန်း (၁)ရက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့တွင် ပြောကြားမည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ မိန့်ခွန်းအား ကရင်အမျိုးသားအစည်းအရုံး၏ rean National Union HQ ဖေ့စ်ဘွတ်စာမျက်နှာ၌ ဒီဇင်ဘာ ၂၄ ရက်တွင် ကြိုတင် ထုတ်ပြန်ထားရာ အဆိုပါမိန့်ခွန်းတွင် KNU ဥက္ကဋ္ဌက ထိုသို့ထည့်သွင်း ရေးသားထားခြင်း ဖြစ်သည်။
ကရင်အမျိုးသားများ၏ နိုင်ငံရေး ရည်မှန်းချက်နှင့် အဓိကလိုအင်ဆန္ဒသည် လူမျိုးတစ်မျိုးဖြစ်သည့်အလျောက် လူမျိုးတစ်မျိုး၏ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိတို့၏ကံကြမ္မာကို မိမိတို့သာလျှင် စီမံဆုံးဖြတ်ပိုင်ခွင့်ကို ရယူလိုခြင်းဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ခြင်းဖြင့် အခြားသောလူမျိုးများနှင့် အပြန်အလှန် အသိအမှတ်ပြုလေးစားကြပြီး အတူတကွ အေးချမ်းစွာ နေထိုင်နိုင်ရန်တို့ဖြစ်ကြောင်း၊ မိမိတို့၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့၏ နိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိနေကြသော လူမျိုးတိုင်းနှင့် နိုင်ငံသားတိုင်းအတွက် အာမခံချက်များ ရရှိရန်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဆိုပါမိန့်ခွန်းတွင် ရေးသားထားသည်။
“သို့ရာတွင် အုပ်ချုပ်သူလူတန်းစားများမှ မိမိတို့၏ အမျိုးသားများကို နိုင်ထက်စီးနင်း ဖိနှိပ်ချုပ်ချယ်ခဲ့ကြပြီး မိမိတို့၏နိုင်ငံရေး ရပ်တည်ချက်များကို လက်နက်ဖြင့်အနိုင်ကျင့် အကြမ်းဖက်ခဲ့သောကြောင့် ကေအင်န် ယူ- ကရင် အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားတို့သည် မိမိတို့အမျိုးသားတို့၏ နိုင်ငံရေးရပ်တည်ချက်နှင့် မိမိအမျိုးသားတို့၏ လိုအင်ဆန္ဒအတွက် လက်နက်ကိုင်တော် လှန်ရေးကိုမလွှဲသာမရှောင်သာ ဆင်နွှဲခဲ့ကြရသည်မှာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပါပြီ” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ရေးသားပြောကြားသည်။
ထို့ပြင် KNU နှင့် ကရင်အမျိုးသားတို့သည် မိမိတို့၏ နိုင်ငံရေးရပ်တည်ချက်ကို ကာကွယ်ရန်အတွက် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲခဲ့ကြရသော်လည်း KNU အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းသည်သာလျှင် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်ခံယူထားကြောင်း၊ ထိုကဲ့သို့သော ယုံကြည်ခံယူချက်များကြောင့် KNU နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် အုပ်ချုပ်သူများကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြရန် လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်းကပင် တောင်းဆိုခဲ့ကြောင်း၊ သို့ရာတွင် အုပ်ချုပ်သူ အစိုးရအဆက်ဆက်မှ တိုင်းရင်းသားများ၏ တောင်းဆိုမှုများကို တွေ့ဆုံဆွေး နွေးခြင်းမပြုဘဲ မိမိတို့၏ နိုင်ငံရေးရပ်တည်ချက်ကို စစ်ရေးနည်းဖြင့် အင်အားသုံး ဖြိုခွင်းနိုင်ရေးကိုသာ ကျင့်သုံးခဲ့သောကြောင့် လက်နက်ကိုင် တော်လှန်ရေးမှအပ အခြားသောနည်းလမ်းများ မရှိခဲ့ကြောင်း KNU ဥက္ကဋ္ဌက ရေးသားထားသည်။
လက်ရှိအချိန်တွင် ကရင်အမျိုးသား အစည်းအရုံးသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်း၊ ငြိမ်းချမ်းသောနည်းနှင့် တွေ့ဆုံဆွေးနွေးသော နည်းလမ်းများဖြင့် အဖြေရှာရန်ဖြစ်ကြောင်း ၎င်းက မိန့်ခွန်းတွင် ရေးသားထားသည်။
“မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေသည် ကရင်အမျိုးသားများ အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး မိမိတို့အမျိုးသားများ၏ အခွင့်အရေး၊ မိမိတို့အမျိုးသားများ၏ ရေရှည်ရပ်တည် ရှင်သန်နိုင်ရေးနှင့် မိမိတို့အမျိုးသား၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးရန် အခွင့်အခါသင့်သောအချိန် ဖြစ်ပါသည်။ ကရင်အမျိုးသားနှင့် တိုင်းရင်းသား လူမျိုးတို့၏ အခွင့်အရေးများကိုလေးစား အသိအမှတ်ပြုပြီး နိူင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း အတိအလင်းရေးသား ပြဋ္ဌာန်းထားရန်အတွက် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် လုပ်ဆောင်သွားကြရန် လိုအပ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း အာမခံပြဋ္ဌာန်းထားရန် ဖြစ်ပါသည်။ ကရင်အမျိုးသားများ၏ နိုင်ငံရေး လိုအင်ဆန္ဒနှင့် နိုင်ငံသူနိုင်ငံသားတိုင်း၏ အခွင့်အရေးအတွက် နိုင်ငံရေးစားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးကြရပါမည်။ အမျိုးသား တန်းတူရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို တည်ထောင်နိုင်ရန် အတူတကွ လက်တွဲလုပ်ဆောင်ကြရပါမည်။ တစ်ချိန်တည်းမှာပင် လူမျိုးတိုင်းနှင့် နိုင်ငံသားတိုင်း၏ အခွင့်အရေးအတွက် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် အတူတကွလက်တွဲပြီး ကြိုးစားလုပ်ဆောင်ကြရပါမည်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက နှစ်သစ်ကူး မိန့်ခွန်းစာရွက်တွင် ရေးသားထားသည်။
ထို့အတူ ကရင့်အမျိုးသားနှင့် နိုင်ငံသူ နိုင်ငံသားအားလုံးအတွက် ယခုကဲ့သို့သော ကရင့်နှစ်သစ်ကူးနေ့ အခါသမယတွင် မိမိတို့ လူမျိုးများ၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံသူ နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးအတွက် သံန္နိဋ္ဌာန်ချမှတ် ကြရန်နှင့် မိမိတို့အမျိုးသားများ၏ နိုင်ငံရေးလို အင်ဆန္ဒနှင့် နိုင်ငံရေး ရည်မှန်းချက်များပြီး ပြည့်စုံသည်အထိ စည်းစည်းလုံးလုံးနှင့် တစ်စိတ်တစ်ဝမ်းတည်း လုပ်ဆောင်သွားကြရန် တိုက်တွန်းကြောင်း၊ မိမိတို့၏ အမျိုးသားများနှင့် တကွ နိုင်ငံသူနိုင်ငံသား အပေါင်းမကောင်းမှု၊ အခက်အခဲနှင့် စိုးရိမ်ကြောင့်ကြမှုအပေါင်းတို့မှ ကင်းဝေးကြပြီး နှစ်သစ်တွင် စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းမှု၊ ကြွယ်ဝမှုတို့အပြင် စိတ်၏ချမ်းသာခြင်းနှင့် ပျော်ရွှင်ခြင်းများ ခံစားရရှိကြပါစေကြောင်းနှင့် ဆုမွန်တောင်းစကားများလည်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက နှစ်သစ်ကူးမိန့်ခွန်းတွင် ရေးသားထားသည်။

Most Read

Most Recent