ယာဉ်ကြောပိတ်ဆို့မှု မရှိသောနေ့များတွင် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်သို့ တစ်နေ့လျှင် သစ်သီးကား အစီးရေ ၂၀၀ ကျော် ဝင်ရောက်နေ

ယာဉ်ကြောပိတ်ဆို့မှု မရှိသောနေ့များတွင် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်သို့ တစ်နေ့လျှင် သစ်သီးကား အစီးရေ ၂၀၀ ကျော် ဝင်ရောက်နေ
Published 24 December 2016
ထွန်းနေလှိုင် (နောင်ပိန်)

လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ကားလမ်းပိတ်ဆို့မှု မရှိသော နေ့ရက်များ၌ မူဆယ် (၁၀၅) မိုင်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ တစ်နေ့လျှင် သစ်သီးတင် ကားအစီးရေ ၂၀၀ ကျော် ပုံမှန်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ဒီဇင်ဘာလအတွင်း နေ့စဉ်နီးပါး ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်လျက် ရှိသော်လည်း ကားလမ်းပြန်ပွင့်သောနေ့များတွင် တစ်ရက်လျှင် သစ်သီးကား အစီးရေ ၂၀၀ ကျော် ဝင်ရောက်လျက် ရှိနေပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
“လက်ရှိအချိန်က ဖရဲ၊ သခွား အများဆုံး ဝင်ရောက်တဲ့ အချိန်ဖြစ်တယ်။ မူဆယ် (၁၀၅) မိုင် သစ်သီးဈေးကွက် အတွင်းမှာ သစ်သီးဝယ်လက်တွေကလည်း များလာတယ်။ ဈေးကောင်းလည်း ရနေတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလကလည်း နီးလာတော့ အရောင်းအဝယ်က မကျဘူး။ အရောင်းအဝယ် ကောင်းနေတယ်” ဟု မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးပွဲရုံတစ်ခုမှ ဦးစိုင်းအိုက်မောင်က ပြောကြားသည်။
လက်ရှိ မူဆယ် (၁၀၅) မိုင် သစ်သီးဈေးကွက်တွင် ခရစ္စမတ်ကာလ၊ ၂၀၁၆ နှစ်ကုန် နှစ်သစ်ကူးကာလ၊ တရုတ်နှစ်သစ်ကူး ကာလများသည် ရက်ကွာခြားမှု နည်းနေခြင်းကြောင့် သစ်သီးဈေးများ ကျဆင်းနိုင်ခြေ မရှိဘဲ ဈေးကောင်းရနေဦးမည် ဖြစ်ကြောင်း သိရသည်။
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကုန်စည်ကူးသန်းမှုများ လုံးဝနီးပါး ရပ်တန့်သွားခဲ့ပြီးနောက် ဒီဇင်ဘာတွင် ကုန်စည်ကူးသန်းမှုမှာ ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်လာသော်လည်း နေ့စဉ်နီးပါး လမ်းကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကုန်တင်ယာဉ်များမှာ ပုံမှန်ရောက်ချိန်ထက် နောက်ကျပြီးမှသာ မူဆယ် (၁၀၅) မိုင်သို့ ရောက်ရှိကြကြောင်း သိရသည်။
“ဒီဇင်ဘာလအတွင်း လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းပေါ်မှာ လမ်းပိတ်ဆို့မှု ဖြစ်စဉ်တွေ နေ့စဉ်နီးပါး ဖြစ်နေတယ်။ အဆိုးဆုံးက ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားက ရှုခင်းသာမှာ လမ်းအမြဲလိုလိုပိတ်တယ်။ လမ်းပိတ်ပြီဟေ့ဆိုရင် ဒီရှုခင်းသာမှာပဲ ပိတ်တာများတယ်။ လမ်းက အကွေ့အကောက်များတော့ တွဲကားတစ်စီးလောက် ပျက်လိုက်ရင် ရှေ့ဆက်တိုးလို့ မရတော့ဘူး။ ဒီလိုပျက်ရင် ကားတွေက စနစ်တကျ မသွားဘဲ ကျော်တက်ကြရင် လမ်းပိတ်တာက ပိုဆိုးတော့တာပါပဲ။ လမ်းတွေ ရက်ကြာကြာပိတ်လေ သစ်သီးကားတွေအတွက် ပိုဒုက္ခရောက်လေပါပဲ။ ဖရဲသီးဆိုတာက လမ်းမှာ သုံးရက်ထက်ကျော်သွားရင် သိပ်အခြေအနေ မကောင်းဘူး။ အောက်ဆုံးက အသီးတွေက အပေါ်ကပိတဲ့ဒဏ်နဲ့ ဈေးကွက် မဝင်တော့ဘူး။ လမ်းပိတ်ရင် သစ်သီးကားတွေအပြင် အချိန်နဲ့ မောင်းနှင်ရတဲ့ ဂဏန်းကားတွေအတွက် အဆင်မပြေဘူး” ဟု မူဆယ်သို့ သွားရောက်သည့် ကုန်တင်ယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုညီညီက ဆိုသည်။
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံ ကုန်စည်ဈေးကွက် အတွင်းသို့ ဒီဇင်ဘာ ၁ ရက်မှ ၂၀ ရက်အတွင်း ဖရဲသီးတင်ယာဉ် ၁၆၁၁ စီးဖြင့် ဖရဲသီးတန်ချိန် ၂၆၂၅၃ ဒသမ ၅ တန်၊ သခွားမွှေးတင်ယာဉ် ၄၆၁ စီးဖြင့် သခွားမွှေးတန်ချိန် ၂၈၅၃ ဒသမ ၅ တန် ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ဖရဲသီး အကြားသီး တစ်တန်လျှင် ၃၀၀၀ ယွမ်မှ ၅၀၀၀ ယွမ်၊ ဂျပ်ဖာသီး တစ်တန်လျှင် ၂၀၀၀ ယွမ်မှ ၅၅၀၀ ယွမ်၊ ရွှေသခွား တစ်တန်လျှင် ၃၀၀၀ ယွမ်မှ ၇၀၀၀ ယွမ်၊ ဖရဲသခွား တစ်တန်လျှင် ၄၀၀၀ ယွမ်မှ ၉၀၀၀ ယွမ်၊ ပိုက်ကွက် တစ်တန်လျှင် ၄၀၀၀ ယွမ်မှ ၆၀၀၀ ယွမ်အထိ ဈေးရှိပြီး တရုတ်ငွေဈေးမှာ တရုတ်ငွေ တစ်ယွမ်လျှင် မြန်မာကျပ်ငွေ ၁၉၄ ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။ 

Most Read

Most Recent