ပြည်သူများ အဆင့်ရှိ၊ တန်ဖိုးရှိသည့် အိမ်ရာများတွင် နေထိုင်နိုင်ရေး ပုဂ္ဂလိက လုပ်ငန်းရှင်များ ဝိုင်းဝန်းကူညီရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

ပြည်သူများ အဆင့်ရှိ၊ တန်ဖိုးရှိသည့် အိမ်ရာများတွင် နေထိုင်နိုင်ရေး ပုဂ္ဂလိက လုပ်ငန်းရှင်များ ဝိုင်းဝန်းကူညီရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ
Published 24 December 2016
ရှိုင်းလင်းအောင်

ပြည်သူများ အဆင့်ရှိ၊ တန်ဖိုးရှိသည့် အိမ်ရာများတွင် နေထိုင်နိုင်ရေး ပုဂ္ဂလိက လုပ်ငန်းရှင်များ ဝိုင်းဝန်းကူညီရန် ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ဧရာဝဏ်-ရတနာစီမံကိန်းမှ ရတနာနှင်းဆီအိမ်ရာ ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တန်ဖိုးမြင့်အိမ်ရာ စီမံကိန်းများမှ ရရှိသည့်ဝင်ငွေများ၊ ဘဏ္ဍာအတွက် အထောက်အကူများကို တန်ဖိုးနိမ့်အိမ်ရာ စီမံကိန်းများတွင် သုံးစွဲရန် အစီအစဉ်ရှိကြောင်း၊ ယင်းအစီအစဉ်သည် ဝင်ငွေအပေါ်တွင် အခြေခံခြင်း မဟုတ်ဘဲ ပြည်သူပြည်သားများ ဖြစ်သည်ဆိုသည့် အခြေအနေပေါ် မူတည်၍ အဆင့်ရှိသော၊ တန်ဖိုးရှိသော အိမ်ရာများတွင် နေနိုင်ဖို့ဖြစ်ကြောင်း၊ အဆင့်ရှိသည် ဆိုသည်မှာ ပိုက်ဆံကုန်မှ အဆင့်ရှိသည် မဟုတ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် ဆီလျော်မည့် တန်ဖိုးများရှိမည်ဆိုလျှင် အဆိုပါ အိမ်ရာများသည် တန်ဖိုးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ နေပျော်မည်ဖြစ်ကာ နိုင်ငံ့အတွက် တန်ဖိုးရှိမည့် အိမ်ရာများ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “အဲဒီတော့ ဒီလိုဖြစ်လာဖို့ဆိုတာ အားလုံးက ဝိုင်းပြီးတော့ ကူညီရပါမယ်။ ကျွန်မတို့ရဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေဟာလည်း ဒီလိုစီမံကိန်း အောင်မြင်အောင်လို့ ဝိုင်းဝန်းပြီးတော့ ကူညီပေးကြပါ။ အစိုးရ တစ်ခုတည်းကိုပဲ တာဝန်ရှိတယ်။ အစိုးရသာ လုပ်ဆိုတဲ့ စိတ်ဓာတ်တွေကို မမွေးကြပါနဲ့။ ဒါဟာ ဒီမိုကရေစီစိတ်ဓာတ် မဟုတ်ပါဘူး။ ဒီမိုကရေစီ စိတ်ဓာတ်ဆိုတာဟာ ပြည်သူလူထုမှာ အခွင့်အရေးတွေ ရှိသလို ပြည်သူလူထုမှာ တာဝန်တွေလည်း ရှိပါတယ်။ အားလုံးက ဝိုင်းဝန်းပြီးတော့ ကြိုးစားမယ်။ အားလုံးမှာ တာဝန်ရှိတယ်။ ဒီနိုင်ငံရဲ့ တိုးတက်ရေးဟာ အားလုံးရဲ့ တိုးတက်ရေးဆိုတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရ လုပ်ပေးမှာကိုပဲ ထိုင်ပြီးတော့ မကြည့်နေကြပါနဲ့။ အစိုးရ လုပ်ပေးတာကိုပဲ ထိုင်ပြီးတော့ကြည့်ရင် အစိုးရက လုပ်ချင်တာ လုပ်သွားရင်လည်း ပြည်သူလူထုအတွက် မကောင်းပါဘူး။ ဒါကြောင့် ကျွန်မတို့ အခုလို ရေတိုစီမံကိန်းတွေ စပြီးအကောင်အထည် ဖော်ပြီဆိုရင်တော့ ပြည်သူတွေ ပါဝင်ပတ်သက်လာရေးဟာ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ အဲဒီဟာအတွက်လည်း ကျွန်မတို့ရဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြိုးစားနေပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်နှင့် ပတ်သက်သည့် စီမံကိန်းများအားလုံး တစ်ခုချင်းစီ အောင်မြင်ရန်အတွက် ပြည်သူများ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကြရန် မေတ္တာရပ်ခံခဲ့ပြီး ရန်ကုန်မြို့ကြီး တိုးတက်ရန် တတ်နိုင်သမျှ ကူညီမည်ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့သူမြို့သားများကလည်း မိမိတို့နေထိုင်သည် မြို့တော်ကြီး တိုးတက်စေရန် ဝိုင်းဝန်း ကူညီပေးကြပါဟု ပြောကြားခဲ့သည်။
အဆိုပါ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ စီမံကိန်းဖွင့်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ စီမံကိန်းအား စင်ကာပူနိုင်ငံမှ Surbana Jurong က ဒီဇိုင်းရေးဆွဲ၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းစီမံကိန်းသည် အထပ် ၁၈ ထပ် မြင့်မားပြီး ၆၀၀ စတုရန်းပေနှင့် ၁၂၀၀ စတုရန်းပေ ကျယ်ဝန်းကြောင်း သိရပြီး ဈေးနှုန်းများအား ကျပ်သိန်း ၆၀၀ မှ ၁၂၀၀ အထိ သတ်မှတ်ထားသည်။ အဆိုပါ ကွန်ဒိုတိုက်ခန်းများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD) နှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည့်အပြင် လက်ငင်း ငွေချေစနစ်ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။ 

Most Read

Most Recent