မြိတ်မြို့နယ်တွင် အကောင်အထည် မဖော်ဖြစ်သည့် ကျောက်ဖျာမြို့သစ် စီမံကိန်း ဖျက်သိမ်းရန်နှင့် သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရန် ရွာခြောက်ရွာမှ ဒေသခံများ ဆန္ဒထုတ်ဖော်

မြိတ်မြို့နယ်တွင် အကောင်အထည် မဖော်ဖြစ်သည့် ကျောက်ဖျာမြို့သစ် စီမံကိန်း ဖျက်သိမ်းရန်နှင့် သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရန် ရွာခြောက်ရွာမှ ဒေသခံများ ဆန္ဒထုတ်ဖော်
Published 24 December 2016
ဇော်မိုးဦး (မြိတ်)

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်တွင် အကောင်အထည် မဖော်ဖြစ်ခဲ့သည့် ကျောက်ဖျာမြို့သစ် စီမံကိန်းအား ဖျက်သိမ်းရန်၊ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရန်နှင့် မြေယာမှတ်ပုံတင်ခွင့် ရရှိရန် ရွာခြောက်ရွာမှ ဒေသခံများက ဒီဇင်ဘာ ၂၄ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု အတွင်းရှိ အဒွင်း၊ ကဘင်း၊ အထူးဆိပ်၊ ကျောက်ဖျာ၊ အထူးယာကြီးနှင့် လော့လော့ ကျေးရွာများတွင် မြေယာများ မတရားသိမ်းဆည်းခံထားရပြီး ဒေသခံများ အနေဖြင့် မြေယာများကို တရားဝင် မှတ်ပုံတင်ခွင့် မရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာခြောက်ရွာရှိ ဒေသခံများ ပိုင်ဆိုင်သည့် မြေယာများကို ကျောက်ဖျာမြို့သစ် စီမံကိန်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကြောင်းပြုကာ ၂၀၀၅ ခုနှစ်တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
မြေယာများ သိမ်းဆည်းခံရမှုကြောင့် မူလတန်း ကျောင်းတစ်ကျောင်းနှင့် အိမ်ခြေ ၃၀ ရှိ အထူးယာကြီး ကျေးရွာမှာ လုံးဝပျောက်ကွယ်သွားခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များအတွက် ဒေသခံများက ဌာနဆိုင်ရာ အဆင့်ဆင့်နှင့် လွှတ်တော်များသို့ တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသေးသည့်အတွက် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးထံ တင်ပြကာ တရားဝင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ကျောက်ဖျာကျေးရွာအုပ်စု တစ်ခုလုံးမှာ ဧက ၅၆၀၀ ကျော် သိမ်းဆည်းခံရတဲ့အတွက် သိမ်းဆည်းမြေယာ ပြန်လည်ရရှိရေးနဲ့ မြေယာမှတ်ပုံတင်ခွင့် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ မြို့သစ်စီမံကိန်းဆိုတဲ့ စီမံကိန်းကြီး တစ်ခုကြောင့် ကျွန်တော်တို့တွေရဲ့ မြေယာ ၅၆၀၀ ဧက သိမ်းဆည်းခံခဲ့ရတယ်။ အဲဒီရွာခြောက်ရွာထဲမှာမှ လုံးဝပျောက်ဆုံးသွားတဲ့ ရွာကတော့ အထူးယာကြီး ကျေးရွာဖြစ်ပါတယ်။ တစ်ရွာလုံးကို သိမ်းဆည်းခံခဲ့ရတာပါ။ အိမ်ခြေ ၃၀ နဲ့ မူလတန်း ကျောင်းတစ်ကျောင်း ရှိပါတယ်။ လုံးဝပျောက်သွားတဲ့ရွာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိတက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများ၊ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား အခုကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲများကို အမြန်ဆုံး ကူညီဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ကျောက်ဖျာ ကျေးရွာသား ဦးသန်းနိုင်က ပြောကြားသည်။
ဆန္ဒထုတ်ဖော်ပွဲသို့ ဒေသခံ ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ကျောက်ဖျာကျေးရွာ ဓမ္မိကာရာမ ပညာဒါနကျောင်းမှ ကျောက်ဖျာရွာလမ်းအတိုင်း ချီတက်ကာ ဘောလုံးကွင်းတွင် ဟောပြောမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်သူများမှာ ‘မြေယာ မှတ်ပုံတင်ရရှိရေး၊ သိမ်းဆည်းမြေများ ပြန်လည်ရရှိရေး၊ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရရှိရေး၊ ပျောက်ဆုံးသွားသော အထူးယာကြီးကျေးရွာ ပြန်လည်ရရှိရေးနှင့် အကောင်အထည် မဖော်ဖြစ်သော ကျောက်ဖျာမြို့သစ် စီမံကိန်း ဖျက်သိမ်းပေးရေး” စသည့် ကြွေးကြော်သံမ ျားဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
“ဥပဒေရေးရာနှင့် ပတ်သက်ပြီးတော့ ဌာနဆိုင်ရာတွေ ပြောတာကို တောင်သူတွေက ဥပဒေအကြောင်းတွေ နားမလည်တော့ ကြောက်ကြတယ်။ ဒီလိုနဲ့ ပြန်ရမယ့်ဟာကို ဟိုလုံးလည်၊ ဒီလုံးလည်နဲ့ တောင်သူတွေ ပြန်မရတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ အခု NLD အစိုးရဟာ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ တောင်သူတွေကို မြေယာလုပ်ပိုင်ခွင့် ပြန်လည်ပေးစေချင်တယ်။ ဒါကို လုပ်ဆောင်ရမယ့် အပိုင်းတွေကိုလည်း မြိတ်မြို့နယ် ကိုယ်စားလှယ်တွေက ဆောင်ရွက်ပေးစေချင်ပါတယ်။ ကိုယ်စားလှယ်တွေကလည်း ကျေးရွာအထိဆင်းပြီး ဒေတာတွေကောက်ပြီး လွှတ်တော်ထဲအထိ ပြစေချင်တယ်။ ဒါပေမဲ့ ကိုယ်စားလှယ်တွေက အားနည်းတဲ့အတွက် တောင်သူလယ်သမားတွေကိုယ်တိုင် ဆောင်ရွက်ရမယ့် ပုံစံဖြစ်နေပါတယ်” ဟု သမုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ကျောက်ဖျာမြို့သစ် စီမံကိန်းကို ၂၀၀၅ ခုနှစ်တွင် စတင်အကောင်အထည် ဖော်ခဲ့သော်လည်း ယနေ့အချိန်အထိ အောင်မြင်မှု မရှိခဲ့သလို ၂၀၁၂ ခုနှစ်တွင်လည်း လော့လော့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက်ဟုဆိုကာ တောင်သူများထံမှ ၁၀၄ ဧကကို သိမ်းယူခဲ့ပြီး တစ်ဧကလျှင် ကျပ်တစ်သိန်းပေးကာ စွန့်လွှတ်ကြောင်း အတင်းအကျပ် လက်မှတ် ထိုးခိုင်းခဲ့သည်ဟု ဦးသန်းနိုင်က ပြောကြားသည်။
၂၀၁၂ ခုနှစ်တွင် မြေယာဥပဒေ ထွက်ပေါ်လာပြီးနောက် မြေယာလျော်ကြေးအဖြစ် လယ်ယာမြေဖြစ်ပါက တစ်ဧကလျှင် ကျပ် ၂၅ သိန်းနှင့် ဓနိတောမြေဖြစ်ပါက ကျပ် ၁၅ သိန်းပေးရန် သတ်မှတ်ထားသော်လည်း မပေးသည့် ကုမ္ပဏီများ ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။

Most Read

Most Recent