၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလလယ်အထိ ပြည်ပသို့ ဆန်တန်ချိန် ခြောက်သိန်းနီးပါး တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်တစ်သိန်းခွဲခန့် လျော့ကျ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလလယ်အထိ ပြည်ပသို့ ဆန်တန်ချိန် ခြောက်သိန်းနီးပါး တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်တစ်သိန်းခွဲခန့် လျော့ကျ
Published 24 December 2016
နီလာ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလလယ်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ခြောက်သိန်းနီးပါးတင်ပို့ထားပြီး ယခင် နှစ်ကာလတူထက် တန်ချိန်တစ်သိန်းခွဲခန့် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ငါးသိန်းကိုးသောင်းကျော် တင်ပို့ထား သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကာလတူက ပြည်ပသို့ ဆန်တန်ချိန် ခုနစ်သိန်းကျော် တင်ပို့ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှဆန်ကို မူဆယ်နယ် စပ်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပနိုင်ငံ ၃၀ ကျော်သို့ တင်ပို့နေခြင်းဖြစ်သည်။
မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ယခုနှစ်အတွင်း တရုတ်နိုင်ငံဘက်မှ အဖမ်းအဆီးများပြုလုပ်ခြင်း၊ နိုဝင်ဘာ လကုန်ပိုင်းက မူဆယ်မြို့ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် မူဆယ်နယ်စပ်မှ ဆန်တင်ပို့မှု လျော့ကျခဲ့သည်။ ယခုနှစ် ဒီဇင်ဘာ ၁၆ ရက်အထိ မူဆယ်နယ်စပ်မှ ကုန်သွယ်မှုအနေအထားကို လေ့လာကြည့်ပါက ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ရရှိပြီး သွင်းကုန်ကဏ္ဍတွင် ဒေါ်လာ  ၁  ဒသမ  ၁  ဘီလျံကျော် ရရှိထားသည်။
အဆိုပါပမာဏကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ကြည့်ပါက ပို့ကုန်ပိုင်းတွင် ဒေါ်လာ ၂၃၈ သန်းကျော် လျော့နည်းပြီး သွင်းကုန်ပိုင်းတွင် ဒေါ်လာခြောက်သန်းကျော် လျော့ကျကာ စုစုပေါင်း ကုန်သွယ်မှုပမာဏ ၂၄၅ သန်းကျော် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မူဆယ်နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် တရုတ်ဘက်သို့  ဆန်တင်ပို့မှု လျော့ကျနေချိန်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် အခြားပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ရန် ဆောင်ရွက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ဆန်ကို လက်ရှိတွင် အာဖရိကနှင့် အီးယူဈေးကွက်က အဓိက ဝယ်ယူလျက်ရှိကြောင်း၊ အာဖရိကဈေးကွက်သို့ တစ်လလျှင် ဆန်တန်ချိန် ခြောက်သောင်းဝန်းကျင်အထိ တင်ပို့နေရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ စပါးထွက်ရှိရာ ဒေသအများစု၌ မျိုးစပါးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ဈေးကွက်အတွင်းသို့ ယခုနှစ် စပါးဝင်ရောက်နေပြီဖြစ်ကြောင်းနှင့် စပါးအမျိုးအစားကိုလိုက်၍ သက်လျင်စပါးမျိုး တင်း ၁၀၀ လျှင် ကျပ်လေးသိန်းဝန်းကျင်နှင့် အခြားပေါ်ဆန်း၊ တောင်ပျံစသည့် စပါးမျိုးမှာ အမျိုးအစားကိုလိုက်၍ ကျပ်ရှစ်သိန်း ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။                                 

Most Read

Most Recent