မြိတ်ကျွန်းစုရှိ ကျွန်းများသို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် စက်တပ်ရွက်လှေ ၆၈ စင်းက ခရီးသည် ၅၉၁ ဦးဖြင့် စံချိန်တင် ဝင်ရောက်

မြိတ်ကျွန်းစုရှိ ကျွန်းများသို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် စက်တပ်ရွက်လှေ ၆၈ စင်းက ခရီးသည် ၅၉၁ ဦးဖြင့် စံချိန်တင် ဝင်ရောက်
Published 24 December 2016
မြတ်စုနိုင်

ပြည်ပခရီးသွားများ အနေဖြင့် မြိတ်ကျွန်းစုရှိ ကျွန်းများသို့ စက်တပ်ရွက်လှေများဖြင့် အဆက်မပြတ် ဝင်ရောက် လည်ပတ်လျက်ရှိရာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် စက်တပ်ရွက်လှေ ၆၈ စင်းက ခရီးသည် ၅၉၁ ဦးဖြင့် စံချိန်တင် ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုရှိ ကျွန်းများသို့ ကမ္ဘာလှည့် ခရီးသွားများ အပန်းဖြေ လေ့လာလည်ပတ်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ခရီးသွားကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် လာရောက် လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ အခြေစိုက် စက်တပ်ရွက်လှေဖြစ်သည့် Boonmee 2 ဖြင့် နယ်သာလန်နိုင်ငံသား ကိုးဦးသည် နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိလည်းကောင်း၊ MV Sea World စက်တပ်ရွက်လှေဖြင့် ဂျာမနီနိုင်ငံသား ၂၄ ဦးသည် နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ လည်းကောင်း၊ ထိုင်းနိုင်ငံသား ၁၆ ဦးသည် နိုဝင်ဘာ ၂၄ ရက်မှ ၂၉ ရက်ထိ လည်းကောင်း၊ SY La La Manzi  စက်တပ်ရွက်လှေဖြင့် တောင်အာဖရိက ခရီးသွားတစ်ဦးသည် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ လည်းကောင်း လာရောက် လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြိတ်ကျွန်းစု အတွင်းသို့ စက်တပ်ရွက်လှေများဖြင့် ဝင်ရောက် လည်ပတ်မှုကို နှစ်အလိုက်ကြည့်ပါက ၂၀၁၅ ခုနှစ်တွင် စက်တပ်ရွက်လှေ ၃၉၆ စင်းမှ ခရီးသွား ၃၂၇၀ ဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ စက်တပ်ရွက်လှေ ၃၉၃ စင်းမှ ခရီးသည် ၃၂၀၁ ဦး ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စက်တပ်ရွက်လှေဖြင့် ဝင်ရောက်သည့် လူဦးရေစာရင်းများအရ သိရသည်။
ထို့ပြင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် စက်တပ်ရွက်လှေ ၅၉ စင်းမှ ခရီးသွား ၄၉၄ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် စက်တပ်ရွက်လှေ ၆၈ စင်းမှ ခရီးသွား ၅၉၁ ဦးဖြင့် စံချိန်တင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံခြားခရီးသွားများ လည်ပတ်စီးနင်းရာ၌ အဆင်ပြေစေရန် စက်တပ်ရွက်လှေများကို တိုင်းရင်းသားပိုင် ရွက်လှေလုပ်ငန်းနှင့် နိုင်ငံခြားသားပိုင် ရွက်လှေလုပ်ငန်းများ ချိတ်ဆက်ကာ လာရောက် လည်ပတ်ကြပြီး နိုင်ငံခြားသားပိုင် စက်တပ်ရွက်လှေ ၅၆ စင်းနှင့် နိုင်ငံသားပိုင် စက်တပ်ရွက်လှေ သုံးစင်းတို့ကို ခွင့်ပြုပေးထားကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင် ဟိုတယ်ရှစ်လုံး၊ အခန်းပေါင်း ၄၈၂ ခန်း ဖွင့်လှစ်ပေးထားသည်။

Most Read

Most Recent