၂၀၁၇-၂၀၁၈ အတွက် ဘတ်ဂျက်အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန်မှုများ ထွက်ရှိခဲ့သောကြောင့် တိုင်းဒေသကြီး အစိုးရနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ အားလုံး ညှိနှိုင်းဆွေးနွေး

၂၀၁၇-၂၀၁၈ အတွက် ဘတ်ဂျက်အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန်မှုများ ထွက်ရှိခဲ့သောကြောင့် တိုင်းဒေသကြီး အစိုးရနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ အားလုံး ညှိနှိုင်းဆွေးနွေး
Published 24 December 2016
နီလာစိုး (ပုသိမ်)

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ရေးဆွဲထားသော ဘတ်ဂျက်အား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၏ ဝေဖန်မှုများ ထွက်ရှိခဲ့သောကြောင့် တိုင်းဒေသကြီး အစိုးရနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ အားလုံးတို့ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရရုံးမှ သိရသည်။
ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေး (၁။၁၂၀၁၆) တွင် တင်ပြခဲ့သော ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ရေးဆွဲထားသော ဘတ်ဂျက်မှာ ဘတ်ဂျက်ကို စိစစ်ရန် တိုင်းလွှတ်တော် ငွေစာရင်း ကော်မတီကို ပေးသည့်အချိန် နည်းပါးခြင်းနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန် အားနည်းခြင်း  စသည်တို့ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်မှုများ ထွက်ပေါ်လာခြင်းကြောင့် နောက်ထပ် ရေးဆွဲရမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြင်ဆင်ဖြည့်စွက် ဘတ်ဂျက်မှ စတင်ကာ ပြီးပြည့်စုံသော ဘတ်ဂျက်တစ်ခု ရေးဆွဲနိုင်ရန် ဒီဇင်ဘာ ၂၁ ရက်က ညှိနှိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ခေတ္တစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လျှပ်စစ်စွမ်းအင်နှင့် စက်မှုလက်မှု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးထံမှ သိရသည်။
“ပြည်သူ့အကျိုးပြုတဲ့ ဘတ်ဂျတ်ဖြစ်ဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ပြည်သူတွေ လိုအပ်ချက်ကို လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြလာတာတွေကို ဌာနဆိုင်ရာတွေရဲ့ နည်းစနစ်ကျစွာ တွက်ချက်ထားမှုတွေနဲ့ ပေါင်းစပ်ပြီး ပြည်သူ့အကျိုးပြုတွေဖြစ်အောင် လုပ်ဆောင်ရမှာပါ” ဟု ခေတ္တစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လျှပ်စစ်စွမ်းအင်နှင့် စက်မှုလက်မှု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
၂၀၁၇-၂၀၁၈ ငွေလုံးငွေရင်း ဘတ်ဂျက်ကို တိုင်းဒေသကြီး လွှတ်တော်ငွေစာရင်း ကော်မတီမှ စီစစ်ရန် နည်းပါးခြင်းဟူသော ဝေဖန်မှုအား စည်ပင်သာယာဌာနများနှင့် လျှပ်စစ်နှင့် လမ်းဦးစီးဌာနစသည့်တို့မှ  တစ်လခွဲခန့်ကပင် မြေပုံများနှင့်တကွ ကြိုတင်တင်ပြထားပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီး အမှုများ ရှိသကဲ့သို့ အခြားဌာနဆိုင်ရာများ ကြိုတင်ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရမှ  ညွှန်ကြားခဲ့ကြောင်း ဆက်လက် သိရသည်။
အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲတွင် စီမံကိန်းများမှ ဘတ်ဂျက်စနစ်သို့ သွားနေခြင်းဖြစ်သဖြင့် မြို့နယ်များတွင် ပြည်သူအကျိုးပြု လုပ်ငန်းများ ဦးစားပေး အဆင့်သုံးဆင့် ကြိုတင်စဉ်းစားကာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ ကြိုတင် ညှိနှိုင်းထားရန်နှင့် ညှိနှိုင်းထားရှိပြီးသည့် စီမံကိန်းကိုသာ ရေးဆွဲရန်၊ ဌာနဆိုင်ရာများမှ ခန့်မှန်းကုန်ကျငွေ တွက်ချက်ရာတွင် ဌာနတစ်ခုနှင့် တစ်ခုတူညီမှု မရှိခြင်းအား ဌာနအားလုံး တညီတညွတ်တည်းဖြစ်အောင် တိုင်းဒေသကြီး တည်ဆောက်ရေး ကော်မတီမှ တွက်ချက် သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ ဌာနသုံး ယာဉ်စက်ယန္တရား ဝယ်ယူရာတွင်လည်း တိုင်းဒေသကြီး ယာဉ်ဆိုင်ကယ်နှင့် ရုံးသုံးစက်ပစ္စည်းများ ပြင်ဆင်စိစစ်မှု အဖွဲ့မှ ဈေးနှုန်းညှိနှိုင်း ဆောင်ရွက်ရန်စသည့် အချက်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ဘတ်ဂျက် တွက်ချက်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းများ၏ လုပ်ငန်းသဘောများရှိပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်မှ တောင်းဆိုသော်လည်း ဥပမာအားဖြင့်  ဆည်မြောင်းဌာနမှ မြစ်ကောချောင်းကောများ ဆယ်ယူရာတွင် ဆက်စပ်ထိစပ်နေသော နေရာများကို ခြုံငုံတွက်ချက် လုပ်ဆောင်ရမှုများကိုလည်း ရှိသည်ကို ပြန်လည်တင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent