ဒေါ်လာဈေးကျဆင်းမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ဇူလိုင် ၂၇ ရက်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျပ် ၈၄၀၀၀၀ အောက် ပြန်ဆင်း

ဒေါ်လာဈေးကျဆင်းမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ဇူလိုင် ၂၇ ရက်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျပ် ၈၄၀၀၀၀ အောက် ပြန်ဆင်း
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အတွင်းရှိ ပုဂ္ဂလိက ရွှေအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အတွင်းရှိ ပုဂ္ဂလိက ရွှေအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်
Published 24 December 2016
စည်သူအောင်

ဈေးကွက်အတွင်း ဒေါ်လာဈေး ကျဆင်းမှုကြောင့် ဒီဇင်ဘာ ၂၄ ရက်၌ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၄၀၀၀၀ အောက် ရောက်ရှိခဲ့ပြီး ဇူလိုင် ၂၇ ရက်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျပ် ၈၄၀၀၀၀ အောက်ပြန်ဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ဒီဇင်ဘာ ၁၅ ရက်က ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်တွင် ၁၁၃၉  ဒေါ်လာအထိ ပြန်လည်မြင့်တက်ခဲ့သော်လည်း ဒီဇင်ဘာ ၂၄ ရက်တွင် ၁၁၃၃ ဒေါ်လာ ဝန်းကျင်သာရှိခဲ့သည်။ ပြီးခဲ့သည့် ဇွန်လအတွင်း ဒေါ်လာ ၁၃၇၀ ကျော်အထိ မြင့်တက်ခဲ့သော ရွှေဈေးနှုန်းသည် နိုဝင်ဘာလဆန်းပိုင်းအထိ အမြင့်ပိုင်းတွင် ရှိခဲ့သည်။
နိုဝင်ဘာ ၈ ရက်က ၁၃၃၇ ဒေါ်လာ အထိဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ရွှေဈေးသည် အမေရိကန် ရွေးကောက်ပွဲရလဒ်ထွက်ပေါ်ချိန်တွင် ဆက်တိုက်ကျဆင်းခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်တွင် ဒေါ်လာ ၁၂၂၀ ကျော်၊ နိုဝင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂၁၀ ကျော်၊ နိုဝင်ဘာ ၂၅ ရက်တွင် ဒေါ်လာ ၁၁၇၀၊ ဒီဇင်ဘာ ၉ ရက်တွင် ဒေါ်လာ ၁၁၅၀ ကျော်၊ ဒီဇင်ဘာ ၁၅ ရက် တွင် ၁၁၂၀ ကျော်အထိ ဆက်လက်ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်အထိ အကျပိုင်းတွင်သာ ဆက်လက်ရှိနေသည်။ 
၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၀၂၀၀ အထိမြင့်တက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးကျဆင်းလာသော်လည်း နိုင်ငံခြားငွေလဲနှုန်း ဆက်လက်မြင့်တက်မှုကြောင့် ဒီဇင်ဘာ ၂၂ ရက် အထိ ကျပ် ၈၅၀၀၀၀ အထက်တွင် တည်ရှိခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းမှုကြောင့် ရွှေဈေးပြန်ကျလာပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ငါးလနီးပါးကာလအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၈၄၀၀၀၀ အောက်ပြန်ရောက်လာ ခြင်းဖြစ်သည်။      

Most Read

Most Recent