ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ ယခင်နှစ် ဒီဇင်ဘာလလယ်အထိ ဒေါ်လာသုံးဘီလျံကျော် ရရှိခဲ့သော်လည်း ယခုနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၆ ဘီလျံသာရရှိ

ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ ယခင်နှစ် ဒီဇင်ဘာလလယ်အထိ ဒေါ်လာသုံးဘီလျံကျော် ရရှိခဲ့သော်လည်း ယခုနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၆ ဘီလျံသာရရှိ
Published 24 December 2016
နီလာ

မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ ယခင်နှစ် ဒီဇင်ဘာလလယ်အထိ အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရရှိခဲ့သော် ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၁ ဒသမ ၆ဘီလျံကျော်သာ ရရှိထားသဖြင့် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ၂ ဘီလျံကျော် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် ဒီဇင်ဘာ၁၆ ရက်အထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၃၀၈၆ ဒသမ ၁၁၁ သန်း ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် လက်ရှိအချိန် အထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံသာရရှိသဖြင့် ယခုနှစ်မှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၂၄၄ ဒသမ ၆၃၂ သန်း လျော့နည်းနေခြင်း ဖြစ်သည်။ ယင်းကဲ့သို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရရှိငွေ လျော့နည်းနေခြင်းမှာ သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်ပို့ မှုအနေဖြင့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များအား၂၀၁၄ ခုနှစ်မှစ၍ တရုတ်နိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်သည်။
ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း အား TOTAL ကုမ္ပဏီမှ ရှာဖွေထုတ်ယူနေပြီး ထိုင်းနိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်းက ရရှိသောစာရင်းများအရ စုစုပေါင်း ထွက်ရှိမှုပမာဏတစ်ရက်လျှင် ကုဗပေ သန်းပေါင်း ၉၁၀ ရှိပြီး ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗပေ ၇၁၁ သန်း တင်ပို့နေပြီး ကုဗပေသန်းပေါင်း ၁၁၉ သန်းကို ပြည်တွင်းသုံးစွဲရန်အတွက် ပေးထားကြောင်း ယင်းလုပ် ကွက်အား ၁၉၈၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၉၈ ခု နှစ်တွင် စတင်ထုတ်ယူခဲ့ကြောင်း သိရသည်။
ထို့အတူ တနင်္သာရီကမ်းလွန်တွင်ရှိသော ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းအား ၁၉၉၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင်ထုတ်ယူခဲ့ကြောင်း ယင်းသဘာဝဓာတ်ငွေ့သိုက်မှ တစ်နေ့လျှင် ကုဗပေသန်းပေါင်း ၃၃၀ တင်ပို့နေကြောင်း၊   ရဲတံခွန်မှ ပြည်တွင်းသုံးစွဲမှုအတွက် ရယူထားခြင်း မတွေ့ရကြောင်း၊ အလားတူ ဇောတိက သဘာဝဓာတ်ငွေ့သိုက်အား ၁၉၉၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မှစတင်တင်ပို့ခဲ့ကြောင်း၊ ယင်းသဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ ထုတ်လုပ်မှု ကုဗပေ သန်းပေါင်း ၃၅၃ သန်းထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ ကုဗပေ ၂၇၉ သန်းတင်ပို့နေပြီး ပြည်တွင်းသုံးအတွက် ကုဗပေ ၆၄ သန်း ရရှိထားကြောင်း သိရသည်။                         

Most Read

Most Recent