အာရှ၏ နောက်ဆုံးထွန်းသစ်စ ဈေးကွက်ဖြစ်သော မြန်မာနိုင်ငံတွင် ဈေးကွက်အလားအလာ ကြီးထွားလာသောကြောင့် ဂျပန်ကားကုမ္ပဏီများ လုပ်ငန်းအပြိုင်အဆိုင်တိုးချဲ့နေ

အာရှ၏ နောက်ဆုံးထွန်းသစ်စ ဈေးကွက်ဖြစ်သော မြန်မာနိုင်ငံတွင် ဈေးကွက်အလားအလာ ကြီးထွားလာသောကြောင့် ဂျပန်ကားကုမ္ပဏီများ လုပ်ငန်းအပြိုင်အဆိုင်တိုးချဲ့နေ
Published 24 December 2016
စည်သူအောင်

အာရှ၏ နောက်ဆုံးထွန်းသစ်စ ဈေးကွက်ဖြစ်သော မြန်မာနိုင်ငံတွင် ဈေးကွက် အလားအလာများ  ကြီးထွားလာသောကြောင့် ဂျပန်ကားကုမ္ပဏီများ လုပ်ငန်းအပြိုင်အဆိုင် တိုးချဲ့နေကြောင်း ဂျပန်သတင်း ဌာနတစ်ခုဖြစ်သော NHK ၏ ဖော်ပြချက်အရ သိရသည်။
ရန်ကုန်မြို့ တောင်ပိုင်းရှိ သီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျပန်ကားကုမ္ပဏီ တစ်ခုဖြစ်သော Suzuki Motor ကား တပ်ဆင်ထုတ်လုပ်ရေး စက်ရုံသစ်ဆောက်လုပ်နေပြီး လက်ရှိတွင်လည်း ကုန်တင်ယာဉ်ငယ်နှင့် မီနီဗင်ကားများ ထုတ်လုပ်ရောင်းချလျက် ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာသည့် ဈေးကွက်အနေအထားများကြောင့် တပ်ဆင်ထုတ်လုပ်ရောင်းချမည့် ကားအမျိုးအစားများကို တိုးချဲ့ရန် စီစဉ်နေကြောင်း သိရသည်။
အခြားဂျပန်ကား ကုမ္ပဏီတစ်ခုဖြစ်သော Nissan Motor ကလည်း မြန်မာနိုင်ငံတွင် ၎င်း၏ ပထမဦးဆုံး ကားတပ်ဆင်ထုတ်လုပ်ရေး စက်ရုံကို ရန်ကုန်မြို့မြောက်ဘက်ရှိ ပဲခူးမြို့တွင် တည်ဆောက်လျက်ရှိသည်။  ယင်းစက်ရုံကို ၂၀၁၇ နှစ်ဆန်းပိုင်းတွင် ပြီးစီးမည်ဟု မျှော်မှန်းထားပြီး လာမည့်မတ်လတွင် အသေးစားမော်တော်ယာဉ်များ စတင်ထုတ်လုပ်နိုင်မည်ဖြစ်ကာ လူပေါင်း ၃၀၀ ကို အလုပ်အကိုင် ပေးနိုင်မည့် စက်ရုံတစ်ရုံလည်း ဖြစ်သည်။
Honda Motor ကလည်း ၎င်း၏ ဝန်ဆောင်မှုစင်တာကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာဈေးကွက်တွင် လက်ရှိအသုံးပြုနေသော Honda ကားများ ပြုပြင်ထိန်းသိမ်းမှုများ နိုင်ငံတကာအဆင့်မီ အလွယ်တကူ ပြုပြင်နိုင်ရန်ဆောင် ရွက်ခဲ့သည်။
အခြား ဂျပန်ကားကုမ္ပဏီများဖြစ်သော Toyota၊ Mazda၊ Mitsubishi ကုမ္ပဏီတို့ကလည်း မြန်မာဈေးကွက်တွင် ကားအသစ် ရောင်းချသည့် အရောင်းစင်တာများ၊ ဝန်ဆောင်မှု စင်တာများ ဖွင့်လှစ်ထားပြီးဖြစ်ကာ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခွင့် ရရှိထားသော လုပ်ငန်းများမှာ Isuzu ၊ UTong Bus ၊ Suzuki ၊ Sinor Truck ၊ Grand Tiger ၊ KIA၊ Ford ၊ Lifan ၊ Nissan ၊ SC Auto (Volvo Truck) ၊ Ssang Yong စသည်တို့ဖြစ်ပြီး ကုမ္ပဏီအချို့ကလည်း လုပ်ကိုင်ခွင့်ရရှိရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ တင်ပြထားကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်မှစပြီး နိုင်ငံတကာ ကားကုမ္ပဏီများဝင်ရောက်လာရာ Ford ၊ Chevrolet ၊ Jaguar ၊ Land Rover ၊ Toyota ၊ BMW ၊ Mercedes Benz ၊ DFM ၊ Houndai ၊ Nissan ၊ Isuzu ၊ KIA ၊ Mazda ၊ SSangYang ၊ MG ၊ TATA ၊ Mitsubishi ၊ Peugeot ၊ GAC တို့သည် မော်တော်ယာဉ် အရောင်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်နေပြီ ဖြစ်ပြီး Volkswagen ကလည်း ကားအရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်စီးရေ ၇၈၀၀၀၀ ဝန်းကျင်ရှိပြီး ငါးနှစ်အတွင်း မော်တော်ယာဉ်စီးရေ  ၅၇၀၀၀၀ ကျော်တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ကားသစ်ရောင်းချသော အရောင်းစင်တာများ ပေါ်ထွက်လာသော်လည်း ပြည်ပမှ တင်သွင်းသော တစ်ပတ်ရစ်ကားများကိုသာ အဓိကအသုံးပြုနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်များ တပ်ဆင်ထုတ် လုပ်ပါက အခွန်နှင့် အခြားအဖိုးအခများ လျော့နည်းလာနိုင်သောကြောင့် ပြည်တွင်း ပြည်ပလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် လုပ်ငန်းကဏ္ဍတစ်ခု ဖြစ်သည်။
ထို့ပြင် ၂၀၁၇ ခုနှစ်အတွက် ချမှတ်လိုက်သည့် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မူဝါဒကြောင့် မြန်မာဈေးကွက်တွင် ကားဈေးများ မြင့်တက်စေမည်ဖြစ်ပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ကားကုမ္ပဏီများအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent