မအူပင်မြို့နယ် သီတာမြောင်းအင်းအတွင်း ပိုးသတ်ဆေးချ ငါးဖမ်းခြင်းကြောင့် ငါးများစွာ သေဆုံးခြင်းနှင့် ပတ်သက်၍ ဆက်လက် စစ်ဆေးနေ

မအူပင်မြို့နယ် သီတာမြောင်းအင်းအတွင်း ပိုးသတ်ဆေးချ ငါးဖမ်းခြင်းကြောင့် ငါးများစွာ သေဆုံးခြင်းနှင့် ပတ်သက်၍ ဆက်လက် စစ်ဆေးနေ
Published 24 December 2016
မင်းသူဝင်းထွဋ်

မအူပင်မြို့နယ် အောင်ဟိတ်ကျေးရွာရှိ သီတာမြောင်းအင်းအတွင်း ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် ပိုးသတ်ဆေးချ ငါးဖမ်းခြင်းကြောင့် ငါးများစွာ သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ ရေချိုငါးဖမ်း ဥပဒေကို ဖောက်ဖျက်ကာ တရားမဝင် ငါးဖမ်းသူများကို ဖော်ထုတ်နိုင်ရန် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် သီတာမြောင်းအင်းအနီး လယ်ယာလုပ်ကိုင်နေသူ ဦးအောင်ဇော်ဦးမှာ မိမိလယ်ယာ လုပ်ငန်းခွင်ကို သွားရောက်ရာလမ်းတွင် သီတာမြောင်းအင်းအတွင်း ငါးနှင့် ငါးရှဉ့်များ သေဆုံး၍ ပေါလောမျောနေသည်ကို တွေ့ရှိရသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ကြောင်း၊ ဒေသခံ လူမှုရေး အဖွဲ့အစည်းများ လွှတ်တော်ကိုယ်စားလှယ်များနှင့် ငါးဦးစီးဌာနမှ တာဝန်ရှိသူများ စစ်ဆေးမှုအရ အဆိုပါ ငါးများသေဆုံးမှုမှာ အဆိပ်ချ ဖမ်းဆီးခြင်းကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း၊ အခင်းဖြစ်သည့်နေရာတွင် အဆိပ်မိ သေဆုံးနေသည့် ငါးများကို လိုက်လံ ကောက်ယူနေရသည့်သူများကိုပါ တွေ့ရှိရကြောင်း သိရသည်။
“ကျွန်တော့်လယ်ထဲကို ပဲ့ထောင်နဲ့သွားရင်း အင်းချောင်းအဝကနေ နှစ်ဖာလုံ သုံးဖာလုံလောက် အကွာအဝေးမှာ ငါးသေတွေကို ပေါလောပေါ်နေတာ တွေ့တယ်၊ ပိုးသတ်ေဆေးက များပုံရတယ်။ မြေကြီးအောက်မှာ တိုးနေတဲ့ ငါးရှဉ့်တွေပါ သေနေတာကို တွေ့တယ်၊ ကျွန်တော်လည်း လူမှုအဖွဲ့အစည်းတွေ ငါးလုပ်ငန်းက တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တယ်။ မနေ့က ငါးလုပ်ငန်းက ဆင်းစစ်တော့ အင်းသမားခိုင်းထားတဲ့ လုပ်သားက လိုက်ကောက်နေတာ တွေ့တယ်။ ဒါကိုမေးတော့ အင်းပိုင်ရှင်က ကောက်ခိုင်းတာလို့ ပြောတယ်။ အဲဒီငါးတွေသာ ဈေးကွက်ထဲဝင်လာရင် စားသုံးသူတွေ အန္တရာယ် ဖြစ်နိုင်တယ်” ဟု အခင်းဖြစ်စဉ်အား စတင်တွေ့ရှိခဲ့သူ ကိုအောင်ဇော်ဦးက ပြောသည်။
ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးခဲ့သူ မအူပင်မြို့နယ် မဲဆန္ဒနယ်မှ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေးက “တရားမဝင်ငါးတွေ အဆိပ်ချ ဖမ်းဆီးတာကို ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့ဆိုတာကို ကျွန်တော်ကိုယ်တိုင်လည်း လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့ပါတယ်။ အခုဖြစ်စဉ်ကိုလည်း လေ့လာသိရှိရသလောက် အဆိပ်ချ ငါးဖမ်းဆီးတာပါ။ လုပ်ဆောင်သူကိုတော့ မသိရသေးဘူး။ ဒါကိုလုပ်ဆောင်သူကို ဖော်ထုတ်ဖို့ သေဆုံးတဲ့ ငါးတွေကိုလည်း ဈေးကွက်ထဲ မရောက်လာဖို့ကို ငါးလုပ်ငန်းဦးစီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေချိုငါးလုပ်ငန်း ဥပဒေကို လိုက်နာခြင်းမရှိဘဲ တရားမဝင် ငါးဖမ်းခြင်းများ ပြုလုပ်နေမှုများ များစွာရှိနေပြီး ယင်းတို့အား တိကျစွာအရေးယူ လုပ်ဆောင်ပေးရန်မှာ ပျက်ကွက်မှုများ ရှိနေကြောင်း ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဝေဖန် ထောက်ပြမှုများ ပြုလုပ်ခဲ့ကြသည်။      

Most Read

Most Recent