ပုဂံတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် စူဠာမဏိ စေတီတော်မှ ထီးတော်ကြုတ်ဟု ယူဆရသော ရှေးလက်ရာ ပစ္စည်းတစ်ခု တွေ့ရှိ

ပုဂံတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် စူဠာမဏိ စေတီတော်မှ ထီးတော်ကြုတ်ဟု ယူဆရသော ရှေးလက်ရာ ပစ္စည်းတစ်ခု တွေ့ရှိ
Published 24 December 2016
ကိုနော် (ပုဂံ)

ပုဂံတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် စူဠာမဏိ စေတီတော်အား ဆရာတော် ဦးပညာ ဦးဆောင်သည့် ပရဟိတအဖွဲ့မှ သန့်ရှင်းရေး ဆောင်ရွက်စဉ် ဘုရားအထက်ပစ္စယာမှ ထီးတော်ကြုတ်ဟုဆိုသော အမျိုးအမည် မခွဲခြားရသေးသည့် ရှေးခေတ်လက်ရာဟု ယူဆရသော ပစ္စည်းတစ်ခု ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
“တွေ့တာက မနေ့က ညနေ ၄ နာရီဝန်းကျင်ပါ။ စူဠာမဏိဘုရား သန့်ရှင်းရေး လုပ်နေတဲ့အဖွဲ့က တွေ့တာပါ။ အထက်ပစ္စယာ အုတ်ပုံကြားကတွေ့တာ။ ငလျင်လှုပ်တုန်းက ပြိုထားတဲ့ အုတ်ပုံသန့်ရှင်းရေးလုပ်တဲ့ ဆရာတော်ဦးပညာ ဦးစီးတဲ့ ကုသိုလ်တော် ပရဟိတအဖွဲ့ကတွေ့လို့ အပ်တာပါ။ ဘာပစ္စည်းရယ်လို့ အတိအကျ ပြောလို့မရသေးပါဘူး” ဟု ပုဂံရှေးဟောင်း သုတေသနဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။ မည်သည့်ခေတ်ဟုလည်း မပြောဆိုနိုင်သေးကြောင်း ရုံးချုပ်သို့ တင်ပြထားကြောင်း သိရသည်။ အဆိုပါ ပစ္စည်းသည် ရွှေဟု ယူဆရသည့် သတ္တုထည်ပေါ်တွင် ကျောက်မျိုးစုံ ၃၃ လုံးများ စီခြယ်ထားပြီး ပုလဲဟု ယူဆရသော ပစ္စည်းတစ်လုံးလည်း ပါဝင်ကြောင်း သိရသည်။ စူဠာမဏိစေတီသည် အေဒီ ၁၂ ရာစု လက်ရာပုဂံခေတ် ကွမ်းတောင်ပေါက်စေတီ တစ်ဆူဖြစ်ပြီး သြဂုတ် ၂၄ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရှေးဟောင်းအနုပညာ ဗိသုကာလက်ရာ ထိခိုက်ဆုံးရှုံးမှု များခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent