ဟုမ္မလင်းမြို့နယ်တွင် ရွှေမျောတိုက်ရင်း မြေစာပြိုကျရာမှ မြေစာများပိကာ လူလေးဦး သေဆုံး

ဟုမ္မလင်းမြို့နယ်တွင် ရွှေမျောတိုက်ရင်း မြေစာပြိုကျရာမှ မြေစာများပိကာ လူလေးဦး သေဆုံး
Published 24 December 2016
အောင်သူထွန်း၊ မဖေငြိမ်း

ဟုမ္မလင်းမြို့နယ် နန်တောကျေးရွာနှင့် နောင်ပိုအောင်ကျေးရွာအကြားရှိ ဝေဖလာ ရွှေမှော်တွင် ဒီဇင်ဘာ ၂၂ ရက် ညနေ ၄ နာရီခန့်က ရွှေမျောပြုလုပ်ရင်း မြေစာများ ပြိုကျရာမှ မြေစာများပိကာ (ဒေသအခေါ် ရွှေမျောပိခြင်း) လူသုံးဦး သေဆုံးခဲ့ပြီး နန်တောကျေးရွာ အထက်ဘက် ဖားတခုံမျောတွင် ဒီဇင်ဘာ ၂၃ ရက်က ရွှေမျောပိ၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း နောင်တောကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဥရုနိဗ္ဗာန်နာရေးကူညီမှုအသင်းမှ နာရေးကားမောင်းသူ၏ ပြောကြားချက်အရ သိရသည်။
“ဝေဖလာက သုံးယောက်ကတော့ ၂၂ ရက် ညနေ ၄ နာရီလောက်ကတည်းက မျောပိတာလို့ ကြားတယ်။ ည ၁၂ နာရီလောက်အထိ ပြန်ဖော်ကြတာမရလို့ ၂၃ ရက် နံနက်စောစောမှ ဆက်ဖော်ပြီးရလို့ နန်တောဆေးရုံကို သယ်ခဲ့ရတာပါ။ ဖားတခုံက တစ်ယောက်ကတော့ ၂၃ ရက်က ပိပြီးသေလို့ နန်တောဆေးရုံကို သယ်ခဲ့ရတာပါ။ အခု မျောပိလို့ သေတဲ့လူ လေးယောက်လုံးက ကုန်းမျောလုပ်ရင်း မျောမြီးခုံပြိုကျလို့ မြေစာပိပြီး သေရတာပါ”ဟု ဥရုနိဗ္ဗာန်နာရေးကူညီမှုအသင်းမှ နာရေးကားမောင်းသူက ဆိုသည်။
ယခင်က ရွှေမျောများပြုလုပ်ခဲ့သော နေရာများတွင် ၊ ရွှေမျောများမှ မျောစာ (ရွှေမျောစင်သို့ ရောက်ရှိလာသော ရွှေပါသာ သဲမြေနှင့် ရေအရောအနှော) စွန့်ပစ်ရာမျောမြီး (ရွှေမျောများမှ မြေစာများပစ်ရာ ရွှေမျောစဉ်၏ အမြီးပိုင်း) ဘက်တွင် သဲများ မြေများစုပုံနေသည့် မျောမြီးခုံဟုခေါ်ဆိုသည့်နေရာများတွင် တစ်ပိုင်တစ်နိုင် ရွှေလုပ်သူများမှ ပြန်လည်ရွှေရှာကြပြီး အဆိုပါမြေသားများမှ မြေသားခိုင်မာမှု မရှိသောကြောင့် မြေပြိုမှု ဖြစ်ကာ သေဆုံးသွားကြခြင်းဖြစ်သည်ဟု သိရသည်။
“အမှန်အတိုင်းပြောရရင် ဒီဘက်မှာ ရွှေလုပ်စရာနေရာတွေက မရှိတော့ပါဘူး။ အရင်တိုက်ခဲ့တဲ့ မျောကွက်ဟောင်းတွေမှာ မျောမြီးခုံကိုပြန်လှန်ပြီး အောက်ကြောလေး ပြန်ရှာပြီး တိုက်ကြတာပါ။ မျောမြီးခုံ မြေစာတွေဆိုတာက ဖို့မြေ (ခိုင်မာမှုမရှိသော ယာယီ မြေသား) ဆိုတော့ မြေသားက ခိုင်ခန့်မှုမရှိဘူးလေ။ အဲဒီတော့ ခဏလေးပြိုလွယ်တာပေါ့။ ဒီဘက်ကလည်း ရွှေတောင်သူလို့ ပြောလို့ရအောင် ရွှေကို မိရိုးဖလာ လုပ်ကိုင်ခဲ့ကြတော့ ရွှေကလွဲရင် လုပ်စရာမရှိဘူးလေ။ အခုကြတော့ ရွှေလုပ်စရာနေရာတွေကလည်း မရှိသလောက် ကုန်သွားပြီဆိုတော့ အများစုက မျောမြီးခုံကို ပြန်ပြန်ဖော်ပြီး တိုက်နေကြတော့ မျောပိပြီးသေတာတွေ မကြာခဏဖြစ်လာတယ်။ ဝေဖလာမှာပိတဲ့ လူသုံးယောက်ကလည်း ပိတဲ့အချိန်က ကျွန်တော်တို့ကို လာရောက်အကြောင်းကြားခဲ့လို့ တာဝန်ကျရဲတွေ ကိုယ်တိုင်သွားစစ်ဆေးပြီး နန်တောဆေးရုံကို ပို့လိုက်ကြတာပါ”ဟု နောင်တောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်က ပြောပြသည်။
အဆိုပါ ရွှေမျောပိ၍ သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ဝေဖလာရွှေမျောတွင် မျောပိ၍ သေဆုံးခဲ့သူ လူသုံးဦးအား သေမှုသေခင်း အမှတ်စဉ် (ပ) ၅၉/၂၀၁၆ ဖြင့် လည်းကောင်း ဖားတခုံရွှေမျောတွင် မျောပိ၍ သေဆုံးခဲ့သူ လူတစ်ဦးအား သေမှုသေခင်း အမှတ်စဉ် (ပ) ၆၀/၂၀၁၆ ဖြင့်လည်းကောင်း ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးထားကြောင်း ဟုမ္မလင်းမြို့နယ် မြေရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

Most Read

Most Recent