အော်လန်ဒို နိုက်ကလပ် ပစ်ခတ်မှုမှ ဓားစာခံများ၏ မိသားစုများက Facebook, Google, Twitter တို့ကို တရားစွဲ

အော်လန်ဒို နိုက်ကလပ် ပစ်ခတ်မှုမှ ဓားစာခံများ၏ မိသားစုများက Facebook, Google, Twitter တို့ကို တရားစွဲ
Published 22 December 2016

အော်လွန်ဒိုတွင် ဇွန်လက ဖြစ်ပွားခဲ့သော နိုက်ကလပ် ပစ်ခတ်မှုမှ ဓားစာခံ သုံးဦး၏ မိသားစုများက အစွန်းရောက် ဝါဒဖြန့်မှုများ ပျံ့နှံ့စေခြင်းတို့ကို ထောက်ပံ့မှုပေးသည်ဟူသော စွပ်စွဲချက်ဖြင့် Facebook, Google နှင့် Twitter တို့ကို တရားစွဲဆိုခဲ့သည်။ လူ ၄၅ ဦး သေဆုံးစေခဲ့သော အော်လန်ဒိုနိုက်ကလပ် ပစ်ခတ်မှုကို ဆောင်ရွက်ခဲ့သည့် သေနတ်သမား အိုမာမာတင်းသည် IS တို့ကို သစ္စာခံထားသည်ဟု ပြောကြားခဲ့သည်။
အသက် ၂၉ နှစ်အရွယ် အမေရိကန်ဖွား အာဖဂန်နွယ် မာတင်းသည် ဓားစာခံများအား ဖမ်းဆီးထားခဲ့ပြီးနောက် နိုက်ကလပ်အတွင်း၌ လူအစုလိုက် အပြုံလိုက် သတ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့် တိုက်ပွဲတွင် သေဆုံးခဲ့သည်။ ယင်းလူသတ်ပွဲတွင် သေဆုံးခဲ့သူများ အနက်မှ သုံးဦး၏ မိသားစုဝင်များက ယင်းအင်တာနက် ကုမ္ပဏီကြီးများသည် လူသူစုဆောင်းမှု၊ ဝါဒဖြန့်ချိမှု၊ အလှူခံငွေ စုဆောင်းမှုတို့အတွက် IS တို့က လူမှုမီဒီယာကို အသုံးချနေခြင်းအား သိသိနှင့် မျက်ကွယ်ပြုထားခဲ့ကြောင်း တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။
"ကုန်ကြမ်းထောက်ပံ့မှု" သည် IS တို့ အားကောင်းရခြင်းအတွက် အခရာဖြစ်ခဲ့ပြီး  အကြမ်းဖက် တိုက်ခိုက်မှုများကို ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ခွင့် ရရှိစေခဲ့ကြောင်း တိုင်ကြားမှုက စွပ်စွဲထားသည်။ အမေရိကန် ဥပဒေအရ "ကုန်ကြမ်းထောက်ပံ့မှု" ဟူသော အသုံးအနှုန်းသည် ရာဇဝတ်မှုမြောက်သည့် ဥပဒေအသုံးဖြစ်သည်။ Facebook နှင့် Google တို့က ယင်းတိုင်တန်းမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် အေအက်ဖ်ပီက ဆက်သွယ်ခဲ့မှုကို ချက်ချင်းမတုံ့ပြန်ဘဲ Twitter ကမူ ငြင်းဆိုခဲ့သည်။
အကြမ်းဖက်သမားများကို သတ်မှတ်ဖော်ထုတ်ရန်နှင့် အကြမ်းဖက်မှု ဖြစ်နိုင်ခြေရှိသော အကြောင်းအရာများကို ဖယ်ရှားရန်အတွက် ဒစ်ဂျစ်တယ် အချက်အလက်မှတ်တမ်းဘဏ် တည်ထောင်မည်ဟု ယင်းကုမ္ပဏီသုံးခုနှင့် Microsoft တို့က ဒီဇင်ဘာ အစောပိုင်းတွင် ကြေညာခဲ့သည်။ IS တို့သည် Twitter တွင် ၂၀၁၀ ပြည့်နှစ်၌ ပထမဆုံး ထွက်ပေါ်လာခဲ့ပြီးနောက် အံ့အားသင့်စရာကောင်းသော တိုးတက်မှုနှုန်းဖြင့် ပျံ့နှံ့လာခဲ့ပြီး မကြာသေးခင် အချိန်အထိ IS တို့က ၎င်းတို့၏ တရားဝင် Twitter စာမျက်နှာကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ယင်းတိုင်ကြားချက်က စွပ်စွဲထားသည်။
Ref : AFP

Most Read

Most Recent