ခုနစ်နှစ်အရွယ် ဆီးရီးယားဘလော့ဂါ မိန်းကလေးနှင့် တူရကီသမ္မတ အာဒိုဂန်တို့ တွေ့ဆုံ

ခုနစ်နှစ်အရွယ် ဆီးရီးယားဘလော့ဂါ မိန်းကလေးနှင့် တူရကီသမ္မတ အာဒိုဂန်တို့ တွေ့ဆုံ
Published 22 December 2016
Ref:AFP

ဆီးရီးယားရှိ အလက်ပိုတွင် အစိုးရ၏ ဗုံးကြဲမှုများကို ကြေကွဲဖွယ်ရာ ဖော်ပြနိုင်ခဲ့သည့် Twitter အကောင့်ပိုင်ရှင် ခုနစ်နှစ်အရွယ် ဘာနာအယ်အာဘတ်သည် ဒီဇင်ဘာ ၂၁ ရက်က တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်နှင့် အင်ကာရာရှိ သမ္မတနန်းတော်တွင် တွေ့ဆုံခဲ့သည်။ အာဒိုဂန်သည် ဘာနာအား ခံစားမှုအပြည့်နှင့် ပွေ့ဖက်ခဲ့ပြီး သမ္မတ၏ဇနီးက ဘေးတွင်ခြံရံလျက်ရှိခဲ့သည်။ “မစ္စတာအာဒိုဂန်နဲ့ တွေ့ရတာအရမ်း ပျော်ရွှင်ပါတယ်” ဟု ဘာနာက Twitter တွင်ရေးသားခဲ့ပြီး ပြုံးနေသော အာဒိုဂန်၏ ပါးကိုကပ်ထားသည့် ပုံအားလွှင့်တင်ခဲ့သည်။
တူရကီနှင့် ရုရှားတို့က ကြားဝင်စေ့စပ်ခဲ့သော သဘောတူညီချက်အရ အလက်ပိုမှ သူပုန်တို့ ထိန်းချုပ်ထားသော အရှေ့ဘက်ခြမ်းရှိ ပြည်သူထောင်ပေါင်းများစွာကို ကယ်ထုတ်ခဲ့ရာ ဆီးရီးယား မိန်းကလေးငယ် ဘာနာ ပါဝင်လာခဲ့ခြင်းဖြစ်သည်။ ဘာနာကို ဒီဇင်ဘာ ၁၉ ရက်က ကယ်ထုတ်ခဲ့ခြင်းဖြစ်ပြီး မိသားစုနှင့် တူရကီသို့ လာရောက်နိုင်ရန် တူရကီ တာဝန်ရှိသူများက ကတိပေးထားခဲ့သည်။ သို့သော် ဘာနာသည် တူရကီနယ်စပ်ကို မည်သို့ ဖြတ်ကျော်လာသည်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရပေ။ ဘာနာသည် တူရကီတွင် နေထိုင်မည် မနေထိုင်မည်ကိုလည်း လောလောဆယ်တွင် မသိရသေးပေ။
Twitter တွင်နောက်လိုက် နောက်ပါ ၃၃၀၀၀၀ ရှိသောဘာနာသည် ဆီးရီးယားတွင် ကြေကွဲမှုများ၏ သင်္ကေတတစ်ခုဖြစ်သည်။ ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ် အစိုးရက ဘာနာနှင့် သူ၏မိခင်တို့ Twitter တွင်နေ့စဉ်နီးပါး ရေးသားခဲ့သော တွတ်ထိုးစကားများသည် ဝါဒဖြန့်ချိမှုများ ဖြစ်သည်ဟု ရှုတ်ချထားသည်။
အာဒိုဂန်နှင့် ဘာနာတို့ တွေ့ဆုံမှုတွင် မိခင်ဖြစ်သူ ဖာတီမာလည်း တက်ရောက်ခဲ့ကြောင်း တူရကီသမ္မတရုံးက ပြောကြားခဲ့သည်။ တူရကီသည် ဆီးရီးယားပဋိပက္ခမှ ထွက်ပြေးလာသူ ဒုက္ခသည် ၂ ဒသမ ၇ သန်းကို လက်ခံထားပြီး ယခုအခါနယ်စပ်၏ ဆီးရီးယားအခြမ်းမှ မကြာသေးမီက နေရပ်ပျောက်ဆုံးခဲ့သူ ဒုက္ခသည်များကို ပို၍စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခြောက်နှစ်နီးပါး ရှိခဲ့ပြီဖြစ်သော ဆီးရီးယားစစ်ပွဲတွင် လူ ၃၀၀၀၀၀ ကျော်သေဆုံးခဲ့ပြီး ကလေး ၁၅၀၀၀ ထက်မနည်းပါဝင်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ မဆောင်ရွက်မီ မိခင်ဖြစ်သူ ဖာတီမာနှင့် နောက်ဆုံးရေးသားခဲ့သော Twitter စကားတွင် ဘာနာက ကြန့်ကြာမှုများပြီးနောက် ရရှိထားသော ယိုင်နဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အောင်မြင်စွာ ဆောင်ရွက်ရန် အာဒိုဂန်နှင့် တူရကီနိုင်ငံခြားရေး ဝန်ကြီးတို့အား တောင်းဆိုခဲ့သည်။
ဘာနာသည် အလက်ပို၏ လူသတ်ပွဲကို လူမှုမီဒီယာမှ ကမ္ဘာသို့ ကြေညာခဲ့သော မိန်းကလေးဟု တူရကီ နိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက အနာဒိုလူ သတင်းဌာနသို့ ယခုလ အစောပိုင်းတွင် ပြောကြားခဲ့ပြီး ဘာနာနှင့် မိသားစုအား တူရကီသို့ ခေါ်ဆောင်သွားမည်ဟု ပြောကြားထားသည်။ ဘာနာတွင် ငါးနှစ်အရွယ် မိုဟာမက်နှင့် သုံးနှစ်အရွယ် နူးဟူသည့် မောင်ငယ်နှစ်ဦးရှိသည်။ ဘာနာနှင့် မိသားစုသည် နိုဝင်ဘာ ၂၇ ရက်က ပျက်စီးသွားသော သူတို့၏အိမ်တွင် ပုန်းအောင်းနေခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်တွင် ဘာနာက အလက်ပိုမှ လွတ်မြောက်ခဲ့ပြီဟု Twitter တွင်ရေးသားခဲ့သည်။

Most Read

Most Recent