လောင်စာညစ်ညမ်းမှု အရှုပ်တော်ပုံအတွက် လျော်ကြေးဒေါ်လာ တစ်ဘီလျံပေးရန် ဗောက်စ်ဝက်ဂွန် သဘောတူ

လောင်စာညစ်ညမ်းမှု အရှုပ်တော်ပုံအတွက် လျော်ကြေးဒေါ်လာ တစ်ဘီလျံပေးရန် ဗောက်စ်ဝက်ဂွန် သဘောတူ
Published 21 December 2016
Ref:AFP

ဗောက်စ်ဝက်ဂွန်ကားများ၏ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လိမ်လည်ထားသည့် အရှုပ်တော်ပုံအတွက် အမေရိကန်တွင် ကား ၈၀၀၀၀ ခန့်အား လျော်ကြေးပေးရန် ဒေါ်လာတစ်ဘီလျံ သဘောတူညီချက်ကို အမေရိကန်နှင့် ဗောက်စ်ဝက်ဂွန် ကုမ္ပဏီတို့ကြား ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
သို့သော်လည်း တရားရေးဌာန တာဝန်ရှိသူတစ်ဦးက စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး ဗောက်စ်ဝက်ဂွန်ကို တရားစွဲဆိုနိုင်ခြေ ရှိဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် အာဏာပိုင်များနှင့် သဘောတူညီချက် ရရှိခဲ့ခြင်းသာဖြစ်ပြီး ကားပိုင်ရှင်များက တရားစွဲဆိုမှုအတွက် ဖြေရှင်းသည့် သဘောတူညီချက် မဟုတ်ကြောင်းလည်း သိရသည်။ တရားရေးဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ရရန် လိုအပ်နေသေးသော ယင်းသဘောတူညီချက်အရ ၂၀၀၉ - ၂၀၁၆ ခုနှစ်အတွင်း ထုတ်လုပ်သော 3.0 လီတာ ဒီဇယ်အင်ဂျင်ကားများသည် လျော်ကြေးအတွက် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ဒေါ်လာတစ်ဘီလျံ လျော်ကြေးကို ကားများပြန်လည် ဝယ်ယူရာတွင်လည်းကောင်း၊ ပြင်ဆင်ရန်အတွက်နှင့် အငှားစာချုပ်များ ဖျက်သိမ်းရန်အတွက် လည်းကောင်း အသုံးပြုသွားမည်ဖြစ်ပြီး လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် ဒေါ်လာ ၂၂၅ သန်းကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ (EPA) မှ အကြီးတန်းတာဝန်ရှိသူ စင်သီယာဂီးလက်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဗောက်စ်ဝက်ဂွန်၏ 2.0 လီတာ ဒီဇယ်အင်ဂျင်ကား သန်းဝက်နီးပါးကို လျော်ကြေးပေးရန်အတွက် ဒေါ်လာ ၁၅ ဘီလျံ သဘောတူညီချက်ကိုလည်း အမေရိကန် တရားရုံးက အောက်တိုဘာ လကုန်တွင် ထောက်ခံအတည်ပြုထားသည်။
ဗောက်စ်ဝက်ဂွန်သည် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လိမ်လည်သည့် နည်းပညာအား ၎င်း၏ကားများတွင် တပ်ဆင်ခဲ့ကြောင်း ဝန်ခံထားပြီး အမေရိကန်မှ ကား ၆၀၀၀၀၀ အပါအဝင် ကား ၁၁ သန်းနီးပါး၌ ယင်းနည်းပညာ သုံးစွဲထားကြောင်း ပြောကြားထားသည်။
ယင်းဆော့လ်ဝဲ နည်းပညာက ကားများ၏ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို စမ်းသပ်ချိန်တွင် စစ်ဆေးသိရှိပြီး ထုတ်လွှတ်မှုကို ထိန်းချုပ်ထားသည်။ သို့သော်လည်း သာမန်မောင်းနှင်နေသည့် အခြေအနေ၌ ယင်းနည်းပညာက အလုပ်မလုပ်ပေ။ ထိုအတွက်ကြောင့် ဗောက်စ်ဝက်ဂွန်၏ ကားများသည် လေထုညစ်ညမ်းမှု ထိန်းချုပ်ရန်အတွက် ကန့်သတ်ထားသော ပမာဏထက် ကိုးဆကျော် ကာဗွန်ဒိုင်အောက်ဆိုက် ပိုမိုထုတ်လွှတ်မှုကို လိမ်လည်ထားနိုင်ခဲ့သည်။
ဆန်ဖရန်စစ္စကိုတွင် ကြားနာခဲ့ပြီး ခရိုင်တရားသူကြီး ချားစ်ဘရေယာက ကြေညာခဲ့သော ယခုနောက်ဆုံး သဘောတူညီချက်သည် ဖက်ဒရယ်အစိုးရနှင့် ကယ်လီဖိုးနီးယား စည်းကမ်းထိန်းများက တရားစွဲဆိုမှုများ၏အချို့ကို ဖြေရှင်းပေးမည်ဖြစ်သည်။
ဗောက်စ်ဝက်ဂွန်သည် ၂၀၁၉ ပြည့်နှစ်မတိုင်မီ၌ လျှပ်စစ်စွမ်းအားသုံး အကြမ်းခံကားများကို မော်ဒယ်သုံးမျိုးထက်မနည်း ထုတ်လုပ်ရောင်းချပေးရန် ကယ်လီဖိုးနီးယားပြည်နယ်နှင့် သီးခြားသဘောတူညီထားသည်။ ထို့ပြင် ဗောက်ဝက်ဂွန်သည် လာမည့်ဇူလိုင် ၁ ရက်မတိုင်မီ၌ ကယ်လီဖိုးနီးယားတွင် လျှပ်စစ်ကားများ အသုံးပြုမှုကို ထောက်ပံ့ရန် ဒေါ်လာ ၂၅ သန်းပေးရန် သဘောတူညီထားသည်။

Most Read

Most Recent