တောင်တရုတ်ပင်လယ် အတွင်းရှိ ကျွန်းတုများပေါ်တွင် တရုတ်က ကာကွယ်ရေး တည်ဆောက်မှုများ တိုးမြှင့်နေ

တောင်တရုတ်ပင်လယ် အတွင်းရှိ ကျွန်းတုများပေါ်တွင် တရုတ်က ကာကွယ်ရေး တည်ဆောက်မှုများ တိုးမြှင့်နေ
Published 15 December 2016
Ref:AFP

တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်း တည်ဆောက်ထားသော ကျွန်းတုများစွာပေါ်တွင် အရေးပါသည့် ကာကွယ်ရေးလက်နက်များ တပ်ဆင်နေပုံရကြောင်း ဂြိုဟ်တုဓာတ်ပုံ အသစ်များက ပြသနေသည်ဟု အမေရိကန်အခြေစိုက် အကြံပေးအဖွဲ့က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်သည် မကြာသေးမီ နှစ်များအတွင်း စပရက်တလီ ကျွန်းစုများအတွင်း သေးငယ်သောသောင်များနှင့် သန္တာကျောက်တန်းများမှနေ၍ ကျွန်းတုများကို ဖန်တီးခဲ့သည်။
တရုတ်က တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသော ရေပြင်ပိုင်နက်အတွင်း စစ်ရေးတည်ဆောက်မှုများ ပြုလုပ်ရန် ရည်ရွယ်ခြင်းမရှိဟု ပြောကြားခဲ့သော်လည်း ထွက်ပေါ်လာနေသည့် ဂြိုဟ်တုဓာတ်ပုံများက စစ်လက်နက်များနှင့် ပိုမိုရှည်လျားလာသည့် လေယာဉ်ပြေးလမ်းများကို တည်ဆောက်နေကြောင်း ပြသနေသည်။
Asia Maritime Transparency Initiative (AMTI) က နောက်ဆုံးထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများက ကျွန်းတုခုနစ်ခု အသီးသီးတွင် ဆဋ္ဌဂံပုံ တည်ဆောက်နေမှုများကို ပြသနေသည်။
ယင်းတို့သည် ကြီးမားသော လေယာဉ်ပစ်အမြောက်များနှင့် တာတိုပစ်ဒုံးကျည်များနှင့် ရန်သူလေယာဉ်များကို စုံစမ်းထောက်လှမ်းပြီး ပစ်ခတ်ဖျက်ဆီးပစ်သည့် ကာကွယ်ရေးစနစ် (CIWS) များဖြစ်နိုင်သည်ဟု AMTI ကပြောကြားခဲ့သည်။
“အဲဒီအမြောက်တွေနဲ့ CIWS ဖြစ်နိုင်တဲ့စနစ်တွေကို ကြည့်မယ်ဆိုရင် တရုတ်ဟာ တောင်တရုတ်ပင်လယ်အတွင်း အရေးပေါ်လက်နက် တပ်ဆင်မှုအဖြစ် သူ့ရဲ့ကျွန်းတုတွေ ကာကွယ်ရေးနဲ့ပတ်သက်ပြီး အလေးအနက်ထားနေတာကို ပြနေပါတယ်” ဟု ဝါရှင်တန်မြို့အခြေစိုက် မဟာဗျူဟာနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာန၏ အစိတ်အပိုင်းဖြစ်သော AMTI ကပြောကြားခဲ့သည်။
“မကြာမီ လေတပ်အခြေစိုက်စခန်းတွေ ဖြစ်လာဖွယ်ရှိတဲ့ နေရာတွေကို အမေရိကန်နဲ့ အခြားနိုင်ငံတွေက ခရုစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လာနိုင်တာတွေကို ကာကွယ်ဖို့ နောက်ဆုံးစည်းချထားတာမျိုး ဖြစ်နိုင်ပါတယ်” ဟုလည်း AMTI ကပြောကြားခဲ့သည်။

Most Read

Most Recent