ထိုင်းဘုရင်က တော်ဝင်စော်ကားမှု ပြစ်ဒဏ်ချမှတ်ခံရသူများ အပါအဝင် အကျဉ်းသား ၁၅၀၀၀၀ အထိ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်

ထိုင်းဘုရင်က တော်ဝင်စော်ကားမှု ပြစ်ဒဏ်ချမှတ်ခံရသူများ အပါအဝင် အကျဉ်းသား ၁၅၀၀၀၀ အထိ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်
Published 14 December 2016
Ref:AFP

ထိုင်းဘုရင်သစ် မဟာဝိဇယလောင်ကွန်းက အကျဉ်းသား ၁၅၀၀၀၀ အထိကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ပြီး တော်ဝင်စော်ကားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများ ပါဝင်မည်ဖြစ်ကြောင်း တော်ဝင် တာဝန်ရှိသူများက ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ဖခင်ဖြစ်သူ ဘုရင်ကြီး ဘူမိဘောအဒူလျာဒက်သည် အောက်တိုဘာ ၁၃ ရက်က နတ်ရွာစံခဲ့ပြီးနောက် ဒီဇင်ဘာ ၁ ရက်တွင် နန်းဆက်ခံခဲ့သော ဝိဇယလောင်ကွန်း၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုသည် သူ၏ကြင်နာမှုအား ပြသရန်အတွက် နန်းတက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအခွင့်အရေး ဖြစ်ကြောင်း Royal Gazette ကထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
အသက် ၈၈ နှစ်အရွယ်၌ နတ်ရွာစံခဲ့သော ဘူမိဘော၏လက်ထက်တွင် အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုများကို နှစ်စဉ်ဆောင်ရွက်ခဲ့သည်။ အသက် ၆၄ နှစ်အရွယ် ဝိဇယလောင်ကွန်း၏ လွတ်ငြိမ်းချမ်းသာခွင့်အရ တော်ဝင်စော်ကားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများသည် အကျိုးခံစားရန် အကျုံးဝင်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုဘီကီရက်ကာဆီဘီဘက်က ပြောကြားခဲ့သည်။
ဒသမမြောက် ရာမဘုရင်အဖြစ် နန်းဆက်ခံပြီးနောက် မဟာဝိဇယလောင်ကွန်း၏ နန်းတော်က ရေဘေးကယ်ဆယ်မှုများ ဆောင်ရွက်ခဲ့ပြီး မြို့တော်ခန်းမသစ် တစ်ခုကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။
တော်ဝင်စော်ကားမှုဖြင့် အကျဉ်းကျသူ အရေအတွက်ကို ထိုင်းအစိုးရက ထုတ်ပြန်မထားသော်လည်း ၂၀၁၄ ခုနှစ် နှစ်လယ်မှစ၍ တော်ဝင်စော်ကားမှု ဥပဒေဖြင့် အရေးယူခံထားရသူ ၈၀ ကျော် ရှိကြောင်း စောင့်ကြည့်ရေးအဖွဲ့ iLaw ကထုတ်ပြန်ထားသည်။
ပထမဆုံးအကြိမ် ပြစ်ဒဏ်ကျခံရသော အမျိုးသမီးများ၊ ပြစ်ဒဏ်သုံးပုံတစ်ပုံ ကျခံထားပြီးသော အကျဉ်းသားအချို့၊ မသန်စွမ်းသူ သို့မဟုတ် အပြင်းဖျားနာနေသူ အကျဉ်းသားများသည် လွတ်ငြိမ်းချမ်းသာခွင့်ကို ခံစားရမည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းက ဆိုသည်။ လူသတ်မှုနှင့် မုဒိမ်းမှုကျူးလွန်သူများသည် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ ခံရရန်အတွက် အကျုံးဝင်မည် မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့သစ်တက်ခဲ့ပြီးနောက် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်သူလူထု နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေရေးတို့ကို  ဦးတည်သောအားဖြင့် အကျဉ်းထောင်အသီးသီးတွင် အပြစ်ကျခံလျက်ရှိသည့် အကျဉ်းသား ၈၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် အကျဉ်းသား ၁၁၅၇၄ ဦးအား လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ဇန်နဝါရီ ၂၅ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။                                          

Most Read

Most Recent