ထရန့်က ExxonMobil ကုမ္ပဏီ စီအီးအိုအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်

ထရန့်က ExxonMobil ကုမ္ပဏီ စီအီးအိုအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်
Published 13 December 2016

အမေရိကန် သမ္မတသစ်အဖြစ် ရွေးချယ်ခံထားရသော ဒေါ်နယ်ထရန့်က အမေရိကန်၏ အပြည်ပြည်ဆိုင်ရာ ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီကြီး ExxonMobil ၏ စီအီးအိုရက်တီလာဆန်အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ဒီဇင်ဘာ ၁၂  ရက်နှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။ တီလာဆန်နှင့် ရုရှားတို့အကြား ဆက်နွှယ်မှုရှိခြင်းကြောင့် ၎င်းအား အတည်ပြုခန့်အပ်ရာတွင် အငြင်းပွားမှုများ ပေါ်ပေါက်လာနိုင်ခြေရှိသည်။
နိုင်ငံ၏ ထိပ်တန်း သံတမန်ရာထူးအတွက် ကာလရှည်ကြာ ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေး ထရန့်က တီလာဆန်အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု နယူးယောက်တိုင်းမ်၊ ဝါရှင်တန်ပို့စ်နှင့် အင်န်ဘီစီနယူးစ် အပါအဝင် သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ စီအိုင်အေ ညွှန်ကြားရေးမှူးဟောင်း ဒေးဗစ်ပီထရော့၊ ကုလသမဂ္ဂ သံအမတ်ကြီးဟောင်း ဂျွန်ဘိုတန်နှင့်  အထက်လွှတ်တော် ပြည်ပဆက်ဆံရေးဆိုင်ရာ ဥက္ကဋ္ဌ ဘော့ကွတ်ကာတို့အပါအဝင် နိုင်ငံခြားရေးဝန်ကြီးရာထူးအတွက် ယှဉ်ပြိုင်သူ ရှစ်ဦးသို့မဟုတ် ကိုးဦးအထိ ရှိခဲ့သည်။ 
ထရန့်အား ဝေဖန်ခဲ့သူနှင့် မက်ဆာချူးဆက် ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွမ်နေလည်း ယင်းစာရင်းတွင် ပါဝင်ခဲ့သော်လည်း ထရန့်က ၎င်း၏ ရွေးချယ်မှုအား မကြာမီ တရားဝင်ထုတ်ပြန်တော့မည်ဟု ပြောကြားခဲ့ပြီးနောက် ရွမ်နေက ယင်းယှဉ်ပြိုင်မှုမှ နုတ်ထွက်ကြောင်း Facebook တွင် ကြေညာခဲ့သည်။ ထရန့်သည် ရွမ်နေအား ရွေးချယ်မည်မဟုတ်ကြောင်း ဖုန်းဆက်၍ ပြောကြားခဲ့သည်ဟု စီအင်န်အင်န်က ဖော်ပြခဲ့သည်။
သံတမန်ရေးရာတွင် လိုက်နာအပ်သော လုပ်ထုံးလုပ်နည်းများနှင့် ကျင့်ဝတ်များအား ဖျက်ဆီးပစ်ရန်နှင့် ဆယ်စုနှစ်နှင့်ချီ တည်ဆောက်ထားရသော သိမ်မွေ့သည့် သံတမန် ဆက်ဆံရေးများကို အဆုံးသတ်ပစ်ရန် ဆန္ဒရှိနေသည်ဟု ယူဆရသော နိုင်ငံရေးလူသစ် ထရန့်အတွက် နိုင်ငံတကာ ဆက်ဆံရေးများ နှင့်ပတ်သက်၍ ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးသစ်က စီမံကြီးကြပ်ပေးရမည်ဖြစ်သည်။ တီလာဆန်သည် ဒီဇင်ဘာ ၁၃ ရက်တွင် အမည်စာရင်းသွင်းခံခဲ့ရပါက တရားဝင် နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ နောက်ခံသမိုင်း မရှိသော ၎င်းသည် အထက်လွှတ်တော်၌ ခန့်အပ်မှုဆိုင်ရာ ကြားနားမှုတွင် ပြင်းထန်သော မေးခွန်းများ ကြုံတွေ့ရမည်ဖြစ်သည်။
တက္ကဆက်မှ အသက် ၆၄ နှစ်ရှိ တီလာဆန်သည် ExxonMobil ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် စီအီးအိုအဖြစ် နိုင်ငံပေါင်း ၅၀ ကျော်တွင် လုပ်ငန်းများ လည်ပတ်နေမှုကို ကြီးကြပ်ခဲ့သည်။ ရုရှားအား ပိတ်ဆို့အရေး ယူမှုများကို ၎င်းက ဆန့်ကျင်ခဲ့သည်။ ထို့ ပြင် ရုရှား၌ ExxonMobil ၏ လုပ်ငန်းများအား နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် တီလာဆန်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ Order of Friend ship ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရသည်။ ထရန့်က တီလာဆန်သည် စီးပွားရေးအလုပ် အမှုဆောင်တစ်ဦးထက် ပိုသူတစ်ဦးအဖြစ် ချီးကျူးခဲ့သည်။ တီလာဆန်သည် ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးဖြစ်ပြီး ကစားသမား အများအပြားအား ကောင်းမွန်စွာ သိရှိထားသူ ဖြစ်ကြောင်း ထရန့်က Fox News သို့ ပြောကြားခဲ့သည်။ Ref ; AFP               

Most Read

Most Recent