အိန္ဒိယ၏ နည်းပညာဗဟိုချက်သို့ ဆိုင်ကလုန်း ဗာဒါဝင်ရောက်တိုက်ခတ်ရာ လူ ၁၀ ဦးထက်မနည်း သေဆုံး

အိန္ဒိယ၏ နည်းပညာဗဟိုချက်သို့ ဆိုင်ကလုန်း ဗာဒါဝင်ရောက်တိုက်ခတ်ရာ လူ ၁၀ ဦးထက်မနည်း သေဆုံး
Published 13 December 2016

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ နည်းပညာဗဟိုချက်မြို့ဖြစ်သော ချင်နိုင်းသို့ ဆိုင်ကလုန်းဗာဒါ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး နေအိမ်များ ပြိုကျ၍ လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရသည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၁၃ ရက် တွင် ပြောကြားခဲ့သည်။
တစ်နာရီလေတိုက်နှုန်း ၁၄၀ ကီလိုမီတာ (၈၇မိုင်) ရှိသည့် ဆိုင်ကလုန်းဗာဒါကြောင့် ဒီဇင်ဘာ ၁၂ ရက်က နိုင်ငံတောင်ပိုင်းရှိ နေရာအများအပြားတွင် လျှပ်စစ်မီးပြတ်တောက်ခဲ့ရသည်။ သေဆုံးသူအများစုမှာမူ အမြစ်မှကျွတ်ထွက်သွားသည့် သစ်ပင်များပိမှုကြောင့် သေဆုံးခြင်းဖြစ်သည်။ အိန္ဒိယ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ဗာဒါသည် တမီလ်နာဒူပြည်နယ်၏ မြို့တော် ချင်နိုင်းသို့ ဆယ်စုနှစ်နှစ်ခုအတွင်း ဝင်တိုက်ခဲ့သည့် အပြင်းထန်ဆုံး ဆိုင်ကလုန်းဖြစ်သည်ဟု သိရသည်။ ယင်းကြောင်း လူပေါင်း ၁၈၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
ဆိုင်ကလုန်းဗာဒါသည် ကုန်းတွင်းပိုင်းသို့ ဆက်လက်ရွေ့လျားနေပြီး အားပျော့လာပြီ ဖြစ်ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်ထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် အဟီရှိတ်ရှန်ဒီယယ်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် နှစ်ကလည်း ရေကြီးမှုကြီးများ ဖြစ်ပေါ်ခဲ့သဖြင့် လူပေါင်း ၂၅၀ ထက် မနည်းသေဆုံးခဲ့ရသည့် ချင်နိုင်းမြို့တွင် ဆိုင်ကလုန်းဗာဒါကြောင့် လေပြင်းများတိုက်ခတ်ပြီး မိုးများသည်းထန်စွာရွာ သွန်းခြင်းတို့ကြောင့် ကားများမှောက်လှန် သွားပုံကို ရုပ်သံသတင်းများထဲ၌ ဖော်ပြခဲ့သည်။
ချင်နိုင်းမြို့သည် မော်တော်ကားထုတ်လုပ်ရေးနှင့် အိုင်တီနည်းပညာတို့၏ အချက်အချာနေရာတစ်ခု ဖြစ်သည်။
အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်းနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ဧပြီလမှ ဒီဇင်ဘာလအတွင်း ပြင်းထန်သည့် မုန်တိုင်းများနှင့် ပုံမှန်ရင်ဆိုင်ရလေ့ရှိပြီး ယင်းမုန်တိုင်းများကြောင့် လူသေဆုံးမှုများ၊ ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ရသည်။ ၁၉၉၉ ခုနှစ်က အိန္ဒိယနိုင်ငံအရှေ့ပိုင်း သြရိသပြည်နယ်သို့ ဆိုင်ကလုန်းမုန်တိုင်းတစ်လုံး ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်း ၈၀၀၀ ကျော် သေဆုံးခဲ့ရသည်။ Ref ; AFP                            

Most Read

Most Recent