ကွန်တိန်နာကိစ္စ ဘာတွေဆက်ဖြစ်လာမလဲ

ကွန်တိန်နာကိစ္စ ဘာတွေဆက်ဖြစ်လာမလဲ
ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့နေသည်ကို ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)
ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့နေသည်ကို ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)
Published 11 December 2016
ဆန်းမိုးထွန်း

ရန်ကုန်မြို့မှာ ပြဿနာတွေက တစ်နေ့ထက်တစ်နေ့ မရိုးရပါဘူး။ နေ့စဉ်ဆိုသလို တစ်မျိုးပြီးတစ်မျိုး ပြဿနာတွေက လှည့်ပတ်ဖြစ်ပွားနေပါတယ်။ စီးပွားရေးမြို့တော်ဖြစ်သလို တိုင်းနဲ့ပြည်နယ်ထဲမှာ လူဦးရေ အများဆုံးနေထိုင်နေတဲ့အတွက် ရန်ကုန်ဟာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ မြို့လို့နာမည်တပ်ရမလိုတောင် ဖြစ်နေပါပြီ။
လတ်တလော ရန်ကုန်ပြည်သူတွေကြားမှာ ဟော့ဖြစ်နေတဲ့ ကိစ္စတွေကတော့ သက်ငယ်မုဒိမ်းမှု၊ နေ့ခင်းကြောင်တောင် အနုကြမ်းစီးမှုနဲ့ လမ်းဘေးဈေးသည် ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ပြည်သူတွေ ပါးစပ်ဖျားမှာ ရေပန်းစားလာတဲ့ သတင်းကတော့ ကွန်တိန်နာယာဉ်တွေ အကြောင်းပဲ ဖြစ်ပါတယ်။
ကုန်တင်ယာဉ်၊ ကုန်သေတ္တာတင်ယာဉ်တွေ သတ်မှတ်အချိန်အတိုင်း လမ်းကြောင်းကနေ သွားလာတဲ့စနစ်ကို ဒီဇင်ဘာ ၇ ရက်က စတင်ကျင့်သုံးခဲ့ပါတယ်။ ဒီလို သတ်မှတ်လမ်းကြောင်းအတိုင်း အချိန်သတ်မှတ်ချက်နဲ့ သွားလာခွင့်ပြုတာဟာ အများပြည်သူ အသုံးပြုနေတဲ့လမ်းတွေမှာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြောကျပ်တည်းမှုတွေကို ဖြေလျှော့နိုင်ဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
“ပထမဦးဆုံး အရေးစမယူခင်မှာ ပညာပေးကာလ ထားဦးမယ်လို့ စဉ်းစားတာပေါ့။ ပထမဆုံး ကြေညာတဲ့အထဲမှာ စည်ပင်သာယာရေး ဥပဒေနဲ့ ထိရောက်စွာ အရေးယူမယ်လို့ ပြောထားတာရှိတယ်။ အများသိအောင် ကြေညာဦးမယ်။ အရေးမယူခင် ပညာပေးကာလ သတ်မှတ်ရဦးမယ်လို့ အစည်းအဝေးမှာ ထောက်ပြထားတာရှိတယ်။ Hotline ပေးထားတယ်။ အရေးအကြောင်းရှိရင် ချက်ချင်းဖြေရှင်းပေးမယ်ဆိုတဲ့ မူနဲ့ပဲသွားတယ်။ ရေထွက်ကုန်ပစ္စည်းဆိုရင် အရေးကြီးတယ်။ Hotline မှာပြောရင် ဗဟိုအဖွဲ့က ချက်ချင်းဖြေရှင်းပေးမယ်လို့ သဘောတူထားတယ်။ ရေထွက်ကုန်က အချိန်နဲ့လုပ်ရတာရှိတယ်။ သူတို့အခက်အခဲရှိရင် ဦးစားပေးမယ်။ Case by Case ခွင့်ပြုပေးသွားမှာပဲ။ ဆီဆိုင်တွေကိစ္စ။ အဲဒီလိုသတ်မှတ်လိုက်လို့ အခက်အခဲရှိရင်လည်း လှမ်းပြော၊ ခွင့်ပြုမယ်။ လိုအပ်ချက်အရပေါ့”လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။
နေ့စဉ် ည ၉ နာရီကနေ နံနက် ၆ နာရီအထိ ကုန်သေတ္တာတင်ယာဉ်တွေအပြင် ယာဉ်နဲ့ ကုန်ကိုးတန်အထက် ကုန်တင်ယာဉ်တွေကို ဝင်ခွင့်ပြုထားတဲ့ လမ်းခုနစ်ခုကတော့ အောက်မင်္ဂလာဒုံလမ်း၊ သံသုမာလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ရှုခင်းသာလမ်း၊ ဧရာဝဏ်လမ်းနှင့် သုဓမ္မာလမ်း တို့ဖြစ်ပါတယ်။
ဒါ့ပြင် ကုန်သေတ္တာတင်ယာဉ်နဲ့ ကုန်တင်ယာဉ်များ ‘မဝင်ရ’ လမ်းကြောင်း ၂၈ ခုအဖြစ် အများပြည်သူသုံး ဘတ်စ်ကားတွေ၊ အငှားယာဉ်တွေနဲ့ အိမ်စီးယာဉ်ငယ်တွေ သွားလာမှုများတဲ့ ပြည်လမ်း၊ ကမ္ဘာအေးစေတီ လမ်းတစ်လျှောက်အပြင် စက်ဆန်းလမ်း၊ အထက်ပုဇွန်တောင် လမ်းတစ်လျှောက်တို့ ပါဝင်ပါတယ်။
စည်းကမ်း သတ်မှတ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်တဲ့ယာဉ်တွေကို စစ်ဆေးပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ လုပ်ငန်း လိုအပ်ချက်အရ ဝင်ရောက်လိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) ထံ တင်ပြတောင်းခံပြီး ခွင့်ပြုချက်ရရှိမှသာ သွားလာနိုင်မယ်လို့ သိရပါတယ်။
ဒီလိုလိုအပ်ချက်အရ လမ်းကြောင်း တင်ပြတောင်းခံရာမှာ ယာဉ်နဲ့ကုန် ကိုးတန်အောက် ဝင်ရိုးနှစ်တန်၊ ခြောက်ဘီး ကုန်တင်ယာဉ်တွေ အနေဖြင့် သတ်မှတ်ခွင့်ပြုထားတဲ့ လမ်းကြောင်းတွေမှာ ၂၄ နာရီ သွားလာခွင့်ပြုပြီး ယာဉ်နဲ့ကုန် ကိုးတန်အထက် ဝင်ရိုးနှစ်တန်၊ ခြောက်ဘီး ကုန်တင်ယာဉ်တွေကိုတော့ သတ်မှတ်ခွင့်ပြုထားတဲ့ လမ်းကြောင်းအတိုင်း ည ၉ နာရီကနေ နံနက် ၆ နာရီ အတွင်းသာ သွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။
ဒါ့ပြင် သုံးတန်နှင့်အထက် ကုန်တင်ယာဉ်တွေ အနေနဲ့ လုပ်ငန်းလိုအပ်ချက်အရ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ဝေတဲ့ မော်တော်ယာဉ် စစ်ဆေးချက် သက်သေခံလက်မှတ် (VIC) ပူးတွဲတင်ပြပြီး YRTA အင်ဂျင်နီယာဌာနလမ်း၊ တံတားကို တင်ပြခွင့်ပြုချက် ရယူသွားလာရမှာ ဖြစ်ပါတယ်။
ပြည်နယ်နှင့်တိုင်းတွေကနေ ဘုရင့်နောင်ပွဲရုံနဲ့ သီရိမင်္ဂလာ ဈေးသစ်ကြီးဆီ ဝင်ရောက်ကုန်စည် ပို့ဆောင်တဲ့ အဝေးပြေး ကုန်တင်ယာဉ်တွေကတော့ ဒညင်းကုန်းလမ်းဆုံကနေ တစ်ဆင့် ဘုရင့်နောင်လမ်းမကြီးအတိုင်း ဘုရင့်နောင်ပွဲရုံနဲ့ သီရိမင်္ဂလာဈေးကြီးအထိ တိုက်ရိုက်ဝင်ရောက် ပို့ဆောင်ခွင့်၊ ပြန်လည်ထွက်ခွာခွင့် ၂၄ နာရီ သီးခြားခွင့်ပြုထားပါတယ်။
ဒီစနစ်ကို စတင်ဖို့အတွက် ပထမသတ်မှတ်ထားတာက နိုဝင်ဘာ ၁ ရက်က ဖြစ်ပါတယ်။ ကုန်သေတ္တာတင်ယာဉ်တွေ အချိန်ကန့်သတ် ပြေးဆွဲစေခြင်းနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ အောက်တိုဘာ ၂၅ ရက်က တရားဝင်အသိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။
အချိန်ကန့်သတ်မှု မရှိမီကတည်းက ကုန်တင်ယာဉ်တွေမှာ ဆိပ်ကမ်းကနေ ထွက်ခွာနိုင်ဖို့ အချိန်ကြန့်ကြာခြင်း၊ ယာဉ်အစီးရေ ကျပ်တည်းခြင်းတွေ ရှိနေတာကြောင့် ညွှန်ကြားချက်အသစ်က လက်ရှိအခြေအနေထက် ပိုဆိုးလာမှာကို ကုန်သေတ္တာတင်ယာဉ် လုပ်ငန်းရှင်တွေက စိုးရိမ်ခဲ့ကြပါတယ်။
ဒီလို ကုန်သေတ္တာတင်ယာဉ်တွေကို စည်းမျဉ်းသတ်မှတ်မှုနဲ့ ပတ်သက်လို့  မြန်မာနိုင်ငံ ကုန်သေတ္တာတင်ယာဉ်များ အသင်းကနေ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အကြံပြုစာတွေ ပေးပို့ခဲ့ပါတယ်။
နိုဝင်ဘာ ၁ ရက်ကစလို့ အချိန်ကန့်သတ် ပြေးဆွဲစေရမယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အောက်တိုဘာအတွင်းက ထုတ်ပြန်ခဲ့ပေမယ့် အောက်တိုဘာ လကုန်မှာ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ဖို့ရှိနေတယ်ဆိုပြီး စီမံချက်စတင်မယ့် ကာလကို ရွှေ့ဆိုင်းခဲ့ပါတယ်။
ဒီလို နိုဝင်ဘာ ၁ ရက်မှာ သတ်မှတ်မယ့်ကိစ္စကို နောက်ဆုတ်ခဲ့ပြီး ရန်ကုန်မြို့အတွင်း ကုန်သေတ္တာတင်ယာဉ်တွေ ညအချိန်သာ မောင်းနှင်စေမယ့် အစီအစဉ်ကို ဒီဇင်ဘာ ၇ ရက်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
ဒီလို အချိန်ကန့်သတ်လိုက်တာကြောင့် ကုန်သေတ္တာတင်ယာဉ်တွေ မောင်းနှင်အသုံးပြုနေတဲ့ လမ်းကြောင်းတွေမှာ နေ့လယ်ခင်းအချိန်ကျရင် ယာဉ်ကြောကျပ်တည်းမှု လျော့ပါးနိုင်တယ်လို့ ခရီးသွားအချို့က သုံးသပ်မှုတွေ ရှိခဲ့ပေမယ့် ကုန်သေတ္တာတင် ယာဉ်ပိုင်ရှင်အချို့ကတော့ သူတို့အတွက် လုပ်ငန်းလုပ်ကိုင်ရာမှာ ပိုမိုခက်ခဲစေပြီး ကုန်စည်နဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေကို ထိခိုက်မှုရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။
စစချင်းနေ့မှာပဲ  ပိတ်ဆို့မှုဖြစ်
ကွန်တိန်နာယာဉ်တွေကို ဒီဇင်ဘာ ၇ ရက်က သတ်မှတ်အချိန်အတိုင်း လမ်းကြောင်းကနေ သွားလာတဲ့စနစ်ကို စတင်ချိန်မှာပဲ သတ်မှတ်မောင်းနှင်ချိန် ပြည့်သွားလို့ဆိုပြီး ကမ်းနားလမ်းမှာ ရပ်တန့်ထားတာကြောင့် ဒီဇင်ဘာ ၈ ရက် နံနက် ၄ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ရှစ်နာရီကြာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီး အများပြည်သူ သွားရေးလာရေး အခက်အခဲ ကြုံတွေ့ခဲ့ရပါတယ်။
ဒီဇင်ဘာ ၈ ရက်နံနက်က ဗားကရာမီးပွိုင့်ကနေ ထီးတန်းဆိပ်ကမ်းအထိ ကမ်းနားလမ်းတစ်လျှောက် ကွန်တိန်နာယာဉ်တွေ ပိတ်နေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပွားခဲ့တာပါ။ ဆိပ်ကမ်းကနေ ထွက်တဲ့ယာဉ်နဲ့ အဝင်ကားတို့ မျက်နှာချင်းဆိုင် ပိတ်မိရာကနေ တန်းစီပိတ်မိခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဒီဇင်ဘာ ၈ ရက် နံနက် ၄ နာရီလောက်က ကွန်တိန်နာယာဉ်တွေ စတင်ပိတ်ဆို့ခဲ့တာနဲ့ ပတ်သက်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားကြသလို ဆန္ဒပြတာမဟုတ်ဘူးလို့ ပိတ်မိနေတဲ့ ကွန်တိန်နာယာဉ်မောင်းတွေက ပြောပါတယ်။
“မနက် ၄ နာရီလောက်ကတည်းက ပိတ်နေတာပါ။ ပိတ်တဲ့အကြောင်းရင်းက ဆိပ်ကမ်းကကုန်တင်ပြီး ပြန်ထွက်လာတဲ့ကားနဲ့ အဝင်ကား မျက်နှာချင်းဆိုင် ပိတ်မိနေတဲ့အတွက် အနောက်ကလိုက်လာတဲ့ ကားတွေက တန်းစီပိတ်မိတာပါ။ ရှေ့လည်းတိုးလို့မရဘူး။ နောက်လည်း ဆုတ်လို့မရဘူး ဖြစ်သွားတယ်။ Facebook ပေါ်မှာရေးနေသလို ကျွန်တော်တို့ ဆန္ဒပြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို မောင်းရမယ့်အချိန် သတ်မှတ်ပေးလိုက်တဲ့အတွက် ဒီအချိန်အတွင်းမှာပဲ ကားတွေကစုပြုံလာတော့ ယာဉ်ကြောပိတ်တာတွေ ဖြစ်တာပါ။ မောင်းရတာ လုံးဝအဆင်မပြေပါဘူး။ အထွက်ကားတွေကလည်း ၆ နာရီကျော်သွားတော့ ဘယ်သူမှမထွက်ရဲကြတော့ အဝင်ကားတွေကလည်း လမ်းပေါ်မှာ ဒီအတိုင်းပိတ်မိနေတာ”လို့ ကွန်တိန်နာ ယာဉ်မောင်းသူတစ်ဦးက ပြောပါတယ်။
“ဒီနေ့ ကွန်တိန်နာကားတွေ ဆန္ဒပြတယ်လို့ တချို့က ပြောကြပါတယ်။ မဟုတ်ပါဘူး။ ထုံးစံအတိုင်း တစ်စီးနဲ့တစ်စီး လုထွက်ကြရင်း Lock ဖြစ်သွားတာပါ။ အဲဒီလိုဖြစ်ရင် ဘယ်လိုရှင်းမလဲဆိုတာလဲ အဖြေရှာထားပြီးသားပါ။ ဒါကြောင့် မွန်းလွဲပိုင်းမှာ ကားရှင်းသွားပါတယ်။ အခုလို ကုန်တင်ယာဉ်တွေ ည ၉ နာရီနဲ့ မနက် ၆ နာရီကြားမှာပဲ မြို့တွင်းလမ်းတွေမှာ သွားရမယ်ဆိုတဲ့ စီမံချက်ဟာ လွယ်လွယ်လေးနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ ကုန်သေတ္တာတင်ယာဉ်၊ ကုန်တင်ယာဉ် စက်သုံးဆီတင်ယာဉ်၊ အဝေးပြေး ကုန်တင်ယာဉ်၊ ဘုရင့်နောင်ပွဲရုံဝင်း၊ MITT ဆိပ်ကမ်း၊ Asia World ဆိပ်ကမ်း၊ MIP ဆိပ်ကမ်း၊ MEC ဆိပ်ကမ်း၊ အကောက်ခွန်၊ ဆိပ်ကမ်းအာဏာပိုင်၊ စည်ပင်လမ်းတံတားဌာန၊ ဈေးများဌာန၊ Custom Clearance လုပ်ငန်းရှင်တွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားအုန်းဆီလုပ်ငန်းရှင်၊ အသင့်ဖျော် ကွန်ကရစ်လုပ်ငန်းရှင်တွေ အစရှိတဲ့ ဌာနဆိုင်ရာတွေ၊ လုပ်ငန်းရှင်အသင်းအဖွဲ့တွေ ပေါင်းများစွာနဲ့ အစိုးရအဖွဲ့နဲ့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်း အဖြေရှာပြီးမှ စတင်ဆောင်ရွက်တာပါ။ စော်ဘွားကြီးကုန်းက အိမ်ဆောက်ပစ္စည်း ရောင်းဝယ်သူတွေလည်း ပါပါတယ်။ အားလုံးဟာ စိတ်စေတနာကောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက် အဖြေရှာကြတာပါ”ဆိုပြီး ကွန်တိန်နာယာဉ်တွေ ဆန္ဒပြတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီဇင်ဘာ ၈ ရက်က ရေးသားထားပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုကို လာရောက်ဖြေရှင်းပေးတဲ့ ရဲအရာရှိ တစ်ယောက်ကတော့ “သူတို့က အချင်းချင်းပိတ်မိနေတာ။ အချိန်ကလည်း အကန့်အသတ်နဲ့ဆိုတော့ နောက်ကကားတွေက ကျော်တက်ဖို့ ကြိုးစားရင်း တစ်ဖက်ကားနဲ့ မျက်နှာချင်းဆိုင်ပိတ်မိနေတာ။ ဒီလိုအမြဲကြီးတော့ မပိတ်ပါဘူး။ ကျွန်တော်တို့ညက ၂ နာရီအထိ ရှိပါတယ်။ မိုးလင်းခါနီးမှ ပိတ်တာပါ” လို့ ယာဉ်ကြောပိတ်ဆို့ရတဲ့ အကြောင်းကို ရှင်းပြပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုကို ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက နံနက် ၁၀ နာရီလောက်မှာ လာရောက်ဖြေရှင်းပေးတာကြောင့် နေ့လယ် ၁၂ နာရီလောက်မှသာ ကွန်တိန်နာယာဉ်တွေ သွားလာနိုင်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရုံးတက်သူ ဝန်ထမ်းတွေအနေနဲ့ ရုံးတက်ချိန် နောက်ကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီလို ယာဉ်ကြောပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၈ ရက်က 5 Plus New Facebook စာမျက်နှာမှာ “ဘယ်နိုင်ငံမှာမှ ကွန်တိန်နာကားတွေကို နေ့လယ်ဘက်မှာ သွားလာခွင့် ပြုထားတာမရှိဘူးလို့ ဝန်ကြီးချုပ်ပြော” ဆိုတဲ့ ခေါင်းစဉ်နဲ့အောက်ပါအတိုင်း ရေးသားထားပါတယ်။
“ဘယ်နိုင်ငံမှာမှ ကွန်တိန်နာကားတွေကို နေ့လယ်ဘက်မှာ သွားလာခွင့်ပြုထားတာ မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက ကမ်းနားလမ်းတစ်လျှောက် ကွန်တိန်နာယာဉ်တွေ ရပ်နားထားမှုကြောင့် ယာဉ်လမ်းကြော ပိတ်ဆို့မှုနဲ့ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်တာပါ။ အစိုးရရဲ့ လုပ်ဆောင်ချက်က ကွန်တိန်နာကားတွေ၊ လုပ်ငန်းရှင်တွေကိုကြပ်ဖို့၊ ရစ်ဖို့လုပ်နေတာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အခုလို စည်းကမ်းမဲ့နေလာတာ၊ စည်းကမ်းမလိုက်နာတာတွေကို အပြစ်ယူမှာ မဟုတ်ဘဲ များများအသိပေးဖို့ လိုသေးတယ်လို့လည်း ဆိုပါတယ်”လို့ရေးသားထားပါတယ်။
ဝင်ငွေလျော့ကျ
အရင်က ၂၄ နာရီ ပုံမှန်အတိုင်း ပြေးဆွဲခွင့်ရတာကြောင့် တစ်နေ့ကို ကုန်တင်ကုန်ချ အသွားအပြန် တစ်ခေါက်ခွဲလောက် ဆောင်ရွက်နိုင်ပြီး လက်ရှိအချိန်မှာတော့ အချိန်သတ်မှတ်လိုက်တာကြောင့် နှစ်ရက်၊ သုံးရက်လောက်ကြာမှ တစ်ကြိမ်ခန့်သာ သွားနိုင်တော့တဲ့အတွက် မိသားစု စားဝတ်နေရေးကျပ်တည်းမှုများ ဖြစ်လာနိုင်တယ်လို့ ကွန်တိန်နာ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ကွန်တိန်နာ ယာဉ်မောင်းတွေအနေဖြင့် လစာကို အခေါက်ရေနဲ့ တွက်ချက်ပြီးရတာကြောင့် ဒီလိုသာ လမ်းပိတ်မှုတွေဖြစ်နေပါက ဝင်ငွေနည်းပါးလာပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ကွန်တိန်နာ ယာဉ်မောင်းတစ်ယောက်က ပြောပါတယ်။
“ကျွန်တော်တို့က အချိန်နဲ့ အလုပ်လုပ်ရတာ။ ဒီလို အခက်အခဲတွေဖြစ်တော့ အဆင်မပြေဘူး။ အခုလိုဖြစ်ရင် အချိန်ကုန်ပြီး ငွေလည်းမရဘူး။ ကျွန်တော်တို့လို ယာဉ်မောင်းအများစုက ဆင်းရဲသားတွေဖြစ်လို့ ဘယ်သူမှ အခုလိုမဖြစ်ချင်ကြပါဘူး”လို့ သူကဆိုပါတယ်။
 
နောက်ဆက်တွဲ ဒေါသလေလား
ရန်ကုန်မြို့မှာ နေ့စဉ်သွားလာနေသူတိုင်း လိုင်းကားသမားတွေရဲ့ လူမိုက်ဆန်ဆန် ရမ်းကားမှုကို ကြုံဖူးကြမှာပါ။ အနီးစပ်ဆုံး ဖြစ်စဉ်အနေနဲ့ နိုဝင်ဘာ ၁၆ ရက်က ရန်ကင်းမြို့နယ် ၁၂ လုံးတန်း ကားမှတ်တိုင်အနီးမှာ အသက် ၆၀ ကျော် အဘိုးအိုတစ်ယောက်ကို ဘီအမ်ယာဉ်နောက်လိုက်က ကားပေါ်ကနေ ဒူးနဲ့တိုက်ချပြီး လက်သီးနဲ့ထိုးမှု ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် ညပိုင်းက အင်းစိန်မြို့နယ် ဟိုက်ပတ်ခ်မှတ်တိုင်နားမှာ ဖြစ်ပွားခဲ့တဲ့ ညီအစ်ကိုနှစ်ဦးကို ၁၈၈ ရွှေအင်းဝယာဉ်လိုင်း ယာဉ်လုပ်သားလေးဦးက တုတ်နဲ့ဝိုင်းရိုက်ပြီး ထွက်ပြေးသွားတဲ့ ဖြစ်စဉ်ဆိုရင်လည်း အရိုက်ခံရတဲ့သူနှစ်ဦးက ဆေးရုံမှာ အချိန်အတော်ကြာ တက်ရောက်ကုသခဲ့ရပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၇ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင်အနီးမှာပဲ ခရီးသည်တင် ဘီအမ်ကားပေါ်က ယာဉ်မောင်းအပါအဝင် လေးဦးနဲ့ လူတစ်စုတို့ စကားများရန်ဖြစ်ပြီး တုတ်နဲ့ဝိုင်းရိုက်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်မှာ အရိုက်ခံရတဲ့ အမျိုးသားနှစ်ဦး ဒဏ်ရာရပြီး ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။
ဒီလို ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ဘီအမ်ယာဉ်တွေရဲ့ ဥပဒေကို မထီမဲ့မြင်ပြုလုပ်မှု၊ စည်းကမ်းပျက်မှုတွေကြောင့် ခရီးသွားပြည်သူတွေ အသက်ဆုံးရှုံးမှုများ ရှိနေတဲ့အတွက် ဘီအမ်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပြင် ယာဉ်ပိုင်ရှင်တွေကိုပါ ထိထိရောက်ရောက် အရေးယူမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က အောက်တိုဘာ ၂၈ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီရဲ့ “ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်နှင့် အခြားမြို့နယ်များသို့ ဆက်စပ်ပြေးဆွဲနေသည့် ဘီအမ်ယာဉ်လိုင်းများ၏ ဥပဒေအား မထီမဲ့မြင်ပြုလုပ်၍ ပြည်သူများ ထိတ်လန့်ကာ အသက်ဆုံးရှုံးမှုများရှိနေ၍ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးမြန်းမှုအပေါ် ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့တာပါ။
“ကျွန်မတို့လည်း နေ့တိုင်းဒီကိစ္စကို သိမြင်နေရတဲ့အတွက် အင်မတန်မှလည်း စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်မတို့အနေနဲ့လည်း ယခုဖော်ဆောင်မယ့် အများပိုင်ယာဉ်လိုင်းများ ပေါ်ပေါက်ရေးဟာ ဒီဟာတွေချုပ်ငြိမ်းသွားဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကတော့ ဖြစ်ပြီးရင် ပြေးတာပါပဲ။ ပြေးရင် ကျွန်မတို့က ယာဉ်ပိုင်ရှင်ကိုပါ အရေးယူဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဘီအမ်ယာဉ်လိုင်းတွေ စည်းကမ်းဖောက်ဖျက်မှု မရှိစေရေးကိုလည်း အများပိုင်ယာဉ်လိုင်းတွေ ပေါ်ပေါက်မလာခင်ကြားမှာ ကျွန်မတို့ ကြပ်ကြပ်မတ်မတ် လုပ်သွားပါမယ်။ ကျွန်မတို့ ထိထိရောက်ရောက် ဆောင်ရွက်သွားပါမယ်”လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။
ဒါတွေက လိုင်းကားသမားတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းမေးယူရတဲ့အထိ ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ရန်ကုန်လိုင်းကားသမားတွေရဲ့ အန္တရာယ်က ကြီးမားလွန်းခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဒီဇင်ဘာ ၇ ရက်ကစလို့ ကွန်တိန်နာယာဉ်တွေကို အချိန်ကန့်သတ်ပြေးဆွဲဖို့ သတ်မှတ်ပြီး နှစ်ရက်အကြာမှာ ကွန်တိန်နာမောင်းသူနဲ့ ယာဉ်နောက်တို့ဟာ တက္ကစီမောင်းသူ တစ်ယောက်ကို လိုင်းကားသမားတွေလို လူမိုက်ဆန်ဆန် အုတ်ခဲနဲ့ထုပြီး ထိုးကြိတ်ရိုက်နှက်ခဲ့ပါတယ်။ ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း ဆင်မလိုက်မီးပွိုင့်အနီးမှာ ကွန်တိန်နာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က တက္ကစီမောင်းသူတစ်ယောက်ကို အုတ်ခဲနဲ့ထုပြီး ထိုးကြိတ်ရိုက်နှက်မှု ဖြစ်စဉ်ဟာ ဒီဇင်ဘာ ၉ ရက် ည ၁၀ နာရီလောက်က ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ ကြည့်မြင်တိုင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအတွင်းကနေ ဘိလပ်မြေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တစ်စီးဟာ ကမ်းနားလမ်းပေါ်မှာ စက်ချို့ယွင်းမှုကြောင့် လမ်းကို ကန့်လန့်ဖြတ် အနေအထား ပုံစံမျိုးဖြစ်ခဲ့ပြီး လမ်းပေါ်မှာ ယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုလမ်းပိတ်ဆို့ ဖြစ်နေချိန်မှာ ကမ်းနားလမ်းအတိုင်း ဆင်မလိုက်မီးပွိုင့်ဘက်ကနေ မောင်းနှင်လာတဲ့ တက္ကစီတစ်စီးပေါ်က အသက် ၆၀ အရွယ်ရှိ အမျိုးသားတစ်ဦးနဲ့ ကွန်တိန်နာယာဉ်ပေါ်က ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ ယာဉ်ကြောပိတ်တဲ့ကိစ္စ စကားအချေအတင် ပြောရာကနေ ရိုက်နှက်မှု ဖြစ်ပွားခဲ့တာပါ။
“ကားကြီးနဲ့ တက္ကစီသမားနဲ့ ငြိကြတယ်။ ငြိတော့ စပယ်ယာနဲ့ ဒရိုင်ဘာက ကားပေါ်ကဆင်းပြီး တက္ကစီသမားကို ထိုးကြိတ်ပြီး အုတ်ခဲနဲ့ထုလိုက်တာ ခေါင်းကွဲသွားတယ်။ မျက်နှာလည်း အညိုအမည်း စွဲသွားတယ်။ ကွန်တိန်နာယာဉ်ပေါ်က ရိုက်လိုက်တဲ့လူတွေက မောင်းပြေးဖို့ လုပ်သေးတယ်။ ရပ်ကွက်ထဲက လူတွေကဝိုင်းတားပြီး သူတို့နှစ်ယောက်ကို ရဲလက်အပ်လိုက်ပြီ။ ရိုက်ခံရတဲ့လူကို ဆေးရုံတင်လိုက်ပါပြီ”လို့ ဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဉ်မှာ တက္ကစီယာဉ်မောင်းနှင်သူကို ထိုးကြိတ်ပြီး အုတ်ခဲနဲ့ထုလိုက်ခဲ့တဲ့ ကွန်တိန်နာယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကို ကြည့်မြင်တိုင်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ယောက်က ဒီဇင်ဘာ ၉ ရက်ညပိုင်းက ပြောပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
ရန်ကုန်မြို့မှာ အသက်ရှင်နေထိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။ နေရေး၊ စားရေးဆိုတဲ့ တာဝန်ကြီးနှစ်ခုမှာ မြို့နေလူတန်းစားတွေဟာ ခက်ခက်ခဲခဲ ရုန်းကန် ရှာဖွေနေကြရပါတယ်။ ဒီလိုရုန်းကန် ရှာဖွေနေကြရတဲ့အထဲမှာ အများစုက အခြေခံလက်လုပ်လက်စားတွေပါ။
ကြီးမြင့်နေတဲ့ ကုန်ဈေးနှုန်း၊ ခေါင်ခိုက်နေတဲ့ အိမ်လခတွေကြောင့် အခြေခံလူတန်းစား ပြည်သူတွေဟာ နေရေးနဲ့စားရေးအတွက် နေ့စဉ် မိမိတို့အလုပ်တွေမှာ ခက်ခဲပင်ပန်းစွာ လှုပ်ရှားဖြတ်သန်းနေရပါတယ်။
ဒါဟာ အစိုးရအဆက်ဆက်မှာ ဖြစ်နေခဲ့တာပါ။ လက်ရှိ အစိုးရသစ်လက်ထက်မှာလည်း အခြေခံပြည်သူတွေ အနေနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ နောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒအသစ်တွေကြောင့် အခြေခံလူတန်းစား ပြည်သူတွေမှာ ပိုပြီးတော့ ကျပ်တည်းလာတာကိုလည်း တွေ့ရပါတယ်။
အစိုးရအဆက်ဆက်က မဖြေရှင်းနိုင်ခဲ့တဲ့ ယာဉ်ကြောကျပ်တည်းမှု ပြဿနာကိုဖြေရှင်းဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ စည်းကမ်းမဲ့စွာ ကားလမ်း လမ်းမတွေပေါ်အထိ တက်ရောင်းနေတဲ့ လမ်းဘေးဈေးသည်တွေကို ကမ်းနားလမ်းမှာ ညဈေးဖွင့်ပြီး ပြောင်းလဲမှုတွေ လုပ်ခဲ့သလို ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဖို့ ကွန်တိန်နာယာဉ်တွေကို အချိန်ကန့်သတ် ပြေးဆွဲဖို့ သတ်မှတ်ခဲ့တာပါ။
လက်ရှိအချိန်မှာ ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဆောင်ရွက်မှုတွေက အားရစရာကောင်းပေမယ့် လတ်တလောမှာတော့ ဖယ်ရှားခြင်းခံလိုက်ရတဲ့ လမ်းဘေးဈေးသည်တွေကြားမှာ ဆူညံသံတွေ ထွက်ခဲ့ပါတယ်။
ဒါ့ပြင် ဒီဇင်ဘာ ၉ ရက်က လမ်းဘေးဈေးသည် ၂၀၀ လောက်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီလိုဆန္ဒထုတ်ဖော်ရာမှာ ဈေးသည်များကို ပြန်လည်ဈေးရောင်းချခွင့်ပေးပါ။ ညဈေးတန်း ခြစားမှုများ ပြန်လည်စိစစ်ပေးပါ။ ယခင်နေရာတွင် စည်းကမ်းရှိစွာ ရောင်းချခွင့်ပေးပါ။ ဈေးသည်များကို ပစ္စည်းသိမ်း ဖမ်းဆီးခြင်းများကို တားမြစ်ပေးပါ။ စတဲ့အချက်လေးချက်ကို ကြွေးကြော်ကာ ဗီနိုင်းတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“ဒီနေ့ဆန္ဒပြတဲ့ အဓိကအကြောင်းရင်းက လမ်းဘေးဈေးသည်တွေကို ယခင်နေရာမှာပဲ စည်းကမ်းတကျ ရောင်းခွင့်ပြုရေး။ နောက်ပြီးတော့ ကျွန်တော်တို့ ညဈေးတန်းခြစားမှုနဲ့ ပတ်သက်ပြီးတော့ ပြန်လည်စိစစ် ဖော်ထုတ်ပေးရေး၊ ခြစားမှုဆိုတာက မမျှတတဲ့နည်းလမ်းတွေ လုပ်ပါတယ်။ မမျှတဘူးဆိုတာက သူတို့က သူတို့လူကြီးတွေက ဘယ်လိုလဲဆိုတော့ တချို့တွေဆို မဲနှိုက်ပြီးတော့ နေရာရသွားပြီ။ ဒီနေရာမှာ ရောင်းမကောင်းဘူး။ ကျွန်တော်တို့ကို ဒီ့ပြင်နေရာရွှေ့ပေးပါဆို အဲဒီလိုနေရာတွေကို ပြန်ရွှေ့ပေးတယ်။ ရောင်းကောင်းတဲ့ နေရာတွေကို ဒါဟာလူကြီးတွေလုပ်ရမယ့် အလုပ်မဟုတ်ဘူး။ ဒီလုပ်ငန်းတွေ ဒါကိုကျွန်တော်တို့ကလည်း မမျှတဘူးလို့ ခံယူပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဈေးသည်တွေရဲ့ ပစ္စည်းတွေကို သိမ်းယူတယ်၊ ဖမ်းဆီးတယ်။ ဒါကို ကျွန်တော်တို့ တားမြစ်ပေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဈေးသည်တွေက ဒီပစ္စည်းတွေနဲ့ ရောင်းပြီးတော့ စားရတာလေ။ သူတို့ဈေးဗန်းလေးတွေ သိမ်းဆည်းသွားပြီဆိုရင် သူတို့မှာ အရင်းအနှီးဆိုတာ နောက်တစ်ခုပြန်ပြီးတော့။ နေ့သွင်းတွေ အတိုးတွေဆိုတာကိုလည်း ဘယ်သူမှဈေးသည် အပြောင်းအရွှေ့ကာလမို့ ဘယ်သူမှမပေးတော့ဘူး။ ကျွန်တော်တို့က သစ်သီးသည်တွေဆိုတာ ခလုတ်တိုက်မှဝယ်တာ။ ကားလမ်းပိတ်တာ တစ်ခုတည်းကို ကြည့်လို့မရပါဘူး။ မြန်မာပြည် တစ်ပြည်လုံး ကားတွေပိတ်နေတာ။ ဈေးသည်မှာ လေးမျိုးရှိတယ်။ ဆိုင်ခန်းနဲ့ ရောင်းတဲ့ဈေးသည်၊ လမ်းဘေးမှာ ရောင်းတဲ့ဈေးသည်၊ လမ်းအတွင်းထဲမှာ ရောင်းတဲ့ဈေးသည်၊ ပလက်ဖောင်းဘေးမှာ ရောင်းတဲ့ဈေးသည် လမ်းပေါ်မှာရောင်းတဲ့ ဈေးသည် ဘယ်ဈေးသည်က လမ်းကြောင်းပိတ်လဲ။ အခုပေးထားတဲ့ဟာတွေက ရှမ်းခေါက်ဆွဲဆိုင်တွေ၊ အကင်ဆိုင်တွေ။ သူတို့က ပိုက်ဆံရှိတယ်။ လူအင်အား သုံးလေးဆယ်ခန့်ပြီးတော့မှ ရောင်းတာ။ လူကြီးတွေ သိစေချင်တယ်”လို့ ဆန္ဒထုတ်ဖော်ရာမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုအောင်အောင်က ပြောပါတယ်။
အလုပ်အကိုင် ရှားပါးမှု၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် ရန်ကုန်မြို့က အခြေခံလူတန်းစားတွေရဲ့ ဘဝတွေဟာ ပိုပြီးတော့ ကျပ်တည်းလာပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ အများပြည်သူအတွက် လုပ်ဆောင်နေတယ်ဆိုပေမယ့် တကယ်ရုန်းကန်ရှာဖွေ စားသောက်နေရတဲ့ အခြေခံလူတန်းစား ပြည်သူတွေအတွက်တော့ လက်ရှိအချိန်မှာ ခက်ခဲမှုတွေကို ကြုံနေတာအမှန်ပါပဲ။ အခုလည်း ကွန်တိန်နာယာဉ်တွေကို အချိန်ကန့်သတ်ပြေးဆွဲဖို့ သတ်မှတ်လိုက်တဲ့အတွက် ခေါက်ရေနဲ့ လခရနေတဲ့ ယာဉ်မောင်းတွေ အတွက်တော့ ခက်ခဲမှုတွေ ကြုံလာနိုင်ပါတယ်။
အချိန်ကန့်သတ်မှု မရှိခင်ကတည်းက ကွန်တိန်နာယာဉ်တွေဟာ ဆိပ်ကမ်းကနေ ထွက်ခွာနိုင်ဖို့ အချိန်ကြန့်ကြာခြင်း၊ ယာဉ်အစီးရေ ကျပ်တည်းမှုတွေရှိနေတာကြောင့် အချိန်ကန့်သတ် ပြေးဆွဲဖို့ သတ်မှတ်လိုက်တဲ့အတွက် အခြေအနေ ပိုဆိုးလာမှာကို ကုန်သေတ္တာတင်ယာဉ် လုပ်ငန်းရှင်တချို့က စိုးရိမ်နေကြပါတယ်။
ကုန်သေတ္တာယာဉ်များ ဖြတ်သန်းသွားလာမှုကြောင့် ဘုရင့်နောင်လမ်း၊ မဟာဗန္ဓုလတံတားတွေမှာ ယာဉ်ကြောပိတ်ဆို့မှုက နေ့စဉ်နီးပါး ဖြစ်ပေါ်နေတာကြောင့် အများပြည်သူသွားလာတဲ့ နေ့အချိန်တွေမှာ ကွန်တိန်နာယာဉ်တွေကို ဖြတ်သန်းမောင်းနှင်ခွင့် ကန့်သတ်လိုက်တဲ့အတွက် ခရီးသွားပြည်သူတွေ အတွက်တော့ ကောင်းကျိုးတွေ ခံစားရမှာပါ။ ဒါပေမဲ့ အခြေခံပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့ လမ်းဘေးဈေးသည်တွေ၊ ကွန်တိန်နာ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေ သူတို့နောက်က မှီခိုနေတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးတွေကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ စည်းကမ်းတကျ ပြန်လည်လုပ်ဆောင်ပေးဖို့ လိုနေပါတယ်။
ဒီလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ပြန်လည်လုပ်ဆောင်ပေးမယ့် တစ်ခုခုကို အခြေခံပြည်သူတွေဖြစ်တဲ့ လမ်းဘေးဈေးသည်တွေနဲ့ ကွန်တိန်နာယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့အတူ သူတို့မိသားစုဝင်တွေကလည်း မျှော်လင့်နေကြမယ်ဆိုတာ ဗေဒင်မေးစရာ မလိုအောင်ကို မှန်နေပါတယ်။
ဒါကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မယ့် ဘယ်လိုနည်းလမ်းမျိုးကို အဖြေရှာပေးမလဲ ဆိုတာကိုသာ ဆက်လက်စောင့်ကြည့်ရတော့မှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ နောက်ဆက်တွဲဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့ ဘယ်သူမှမသိနိုင်တဲ့ အဖြေတစ်ခုအဖြစ် ဆက်ရှိနေပါလိမ့်မယ်။          

Most Read

Most Recent