ကင်ညာတွင် လောင်စာတင်ယာဉ်တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူ ၃၀ ကျော် သေဆုံး

ကင်ညာတွင် လောင်စာတင်ယာဉ်တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူ ၃၀ ကျော် သေဆုံး
Published 11 December 2016
Ref: AFP

ကင်ညာနိုင်ငံတွင် ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက နိုင်ဗာရှာမြို့၏ အပြင်ဘက်တွင် လောင်စာတင်ယာဉ်တစ်စီးသည် အခြားယာဉ်များအား ဝင်တိုက်မိသည့်အတွက်  မီးလောင်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ရကြောင်း အစိုးရ အရာရှိများက ပြောကြားခဲ့သည်။ "အတည်ပြုနိုင်တဲ့ သေဆုံးသူ ၃၀ ကျော်ရှိပြီး ဒဏ်ရာရသွားတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။ နိုင်ရိုဘီနဲ့ နိုင်ဗာရှာကို ဆက်ထားတဲ့ ကားလမ်းပေါ်မှာ အခုမတော်တဆမှု ဖြစ်စဉ်ကြောင့် မီးလောင်သွားတဲ့ယာဉ် ၁၁ စီး ရှိခဲ့ပါတယ်" ဟု ကင်ညာနိုင်ငံ၏ အမျိုးသား ဘေးအန္တရာယ် ထိန်းချုပ်ရေးဌာန၏ တာဝန်ရှိသူ ပိုင်အက်မက်ဆိုင်က ဒီဇင်ဘာ ၁၁ ရက် အစောပိုင်း ထုတ်ပြန်ချက်ထဲ၌ ပြောကြားခဲ့သည်။
ကင်ညာကြက်ခြေနီအဖွဲ့၏ ထုတ်ပြန်ချက်ထဲ၌ လောင်စာတင်ယာဉ်မောင်းသူသည် ၎င်း၏ယာဉ်ကို မထိန်းချုပ်နိုင်ဖြစ်ပြီး အခြားယာဉ်များအား ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ မျက်မြင်သက်သေများက လူများရှိနေသည့် ယာဉ်များကို မီးလုံးကြီးများက ဝါးမျိုသွားကြသည်ဟု ပြောခဲ့ကြသည်။ "မီးလောင်မှုက ကြီးမားပါတယ်။ ထိတ်လန့်စရာ ရုပ်ရှင်တွေထဲကလိုပါပဲ" ဟု မျက်မြင်သက်သေ တစ်ဦးက ဆိုသည်။ ယခုမတော်တဆမှုအတွင်း သေဆုံးသူများ ထပ်မံမြင့်တက်လာဖွယ် ရှိသည်။ ကင်ညာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆရာဝန်များ သပိတ်မှောက်နေကြစဉ် ယခုဖြစ်ရပ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent