တွင်း

တွင်း
Published 11 December 2016
မောင်ကြည်

ငယ်ငယ်တုန်းက အမေ့ထံမှာ လက်ဖြန့်ပြီး ခဏခဏမုန့်ဖိုးတောင်းရင် “ဟဲ့ နင်တို့ အိမ်အောက်မှာ ရွှေတွင်း ငွေတွင်းများ ရှိတယ် ထင်နေသလား” လို့ ပြန်ပြောတာ ခံရဖူးပါတယ်။ အဓိပ္ပာယ်ကတော့ မုန့်ဖိုးတောင်းတိုင်း ထုတ်ပေးရလောက်အောင် ပိုက်ဆံမရှိဘူးလို့ ပြောလိုက်တာပါပဲ။ ဒါကို အမေက လှလှပပ ရွဲ့ပြီး သုံးနှုန်းလိုက်ပုံက ‘ရွှေတွင်း’ ‘ငွေတွင်း’ ...တဲ့။
တကယ်လည်း ကျွန်တော်တို့အိမ်အောက်မှာ ရွှေတွင်းရော ငွေတွင်းရော မရှိပါဘူး။ အဲဒီအချိန်တုန်းက တွင်းနဲ့တူတာဆိုလို့ ‘ရေတွင်း’ တောင်မရှိပါဘူး။ ဒါပေမဲ့ အခုအချိန် ပြန်တွေးကြည့်တော့ ကျွန်တော်တို့ဟာ အဲဒီအချိန်ကတည်းက တွင်းတစ်ခုထဲ ပြုတ်ကျနေတဲ့ လူတွေပါပဲ။ ဘာတွင်းလဲဆိုတော့ ဆင်းရဲခြင်းဆိုတဲ့ ‘တွင်း’။ ဆင်းရဲတွင်း။ ကျွန်တော်တို့ အဲဒီအချိန်ကတည်းက ဆင်းရဲတွင်းထဲ ပြုတ်ကျသွားတာ အခုထိပြန်မတက်နိုင်သေးပါဘူး။ ဘယ်အချိန် ပြန်တက်ရမလဲဆိုတာလည်း မသိပါဘူး။
ကျွန်တော်တို့ဟာ ငယ်စဉ်ကတည်းက ဆင်းရဲခြင်းတွင်းထဲ ပြုတ်ကျသွားပါတယ်။ အစိုးရဝန်ထမ်း အဖေဟာ သူ့လစာတစ်ခုတည်းနဲ့ သားသမီး လေးယောက်နဲ့ ဇနီးဖြစ်သူကို ရှာဖွေကျွေးမွေးခဲ့ပါတယ်။ ရိုးသားတဲ့ အဖေဟာ ရသမျှလစာမိန်းမကို အကုန်အပ်ပြီး လမ်းစရိတ်ကို သူ့ဘာသာရှာကြံ ဖန်တီးပြီး ရုံးဆင်းရုံးတက် လုပ်ရပါတယ်။ အဖေက ရာထူးလည်းမတက်၊ အကြံအဖန်လည်း မလုပ်တတ်ဆိုတော့ ရသမျှလခ တစ်ပဲခြောက်ပြားကို အမေ့ခမျာ မျက်ခကလဲဆန်ပျာ စီမံ ဖန်တီးရရှာပါတယ်။ တစ်ဖက်မှာ မီးဖိုချောင်စရိတ်၊ တစ်ဖက်မှာ သားသမီး လေးယောက်ရဲ့ ကျောင်းစရိတ်။ ဒီကြားထဲသာရေးနာရေး အထွေထွေစရိတ်တွေနှင့် မျှတ လောက်ငအောင် စီမံဖန်တီးနိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။ အဖေ့ရဲ့ လစာလေးနဲ့ ဒါတွေ အားလုံးကို ပြည့်စုံဖူလုံအောင် ဘယ်လိုများ စွမ်းဆောင်နိုင်မှာတဲ့လဲ။
တစ်ချိန်တုန်းက သတင်းစာအဟောင်မှာ ပါဖူးတဲ့ ကာတွန်းလေးတစ်ခုကို သတိရမိတယ်။ လူတစ်ယောက်က မေးတယ်။ ‘ရိုးသားတဲ့ အရာရှိကို ဘယ်မှာတွေ့နိုင်သလဲ’ တဲ့။ ပြန်ဖြေပုံလေးက ‘အပေါင်ဆိုင်ရှေ့မှာ တွေ့ နိုင်တယ်’တဲ့။ ကျွန်တော်တို့မိသားစုလည်း (အဲဒီအချိန်က) အပေါင်ဆိုင်နဲ့ မကင်းခဲ့ကြပါဘူး။ လခစားတွေအချင်းချင်း ‘ပြတ်တုန်းလပ် တုန်းနှစ်ဆယ့်သုံး’ဟု နောက်ပြောင်ကြသလိုပါပဲ။ နှစ်ဆယ့်သုံး မတိုင်ခင်မှာဘဲ ကျွန်တော်တို့ အပေါင်ဆိုင်ကို ပြေးနေရပါပြီ။ ကျွန်တော်က အပေါင်ဆိုင်သွားရမှာ ရှက်လွန်းလို့ များသောအားဖြင့် အစ်မနဲ့ အစ်ကိုပဲ သွားရပါတယ်။ မရှိမဲ့ ရှိမဲ့ အဝတ်အစားခပ်သန့်သန့် လေးတွေဟာ အပေါင်ဆိုင်မှာပဲ စံမြန်းရတာ များပါတယ်။ အချို့အဝတ်အစားတွေဆိုရင် ပြန်မရွေးနိုင်လို့ အဆုံးခံလိုက်ရတာတောင် ရှိပါတယ်။ အဲဒီအချိန်ကာလတွေတုန်းကတော့ ‘အပေါင်ဆိုင်’ ဆိုတာ ဆင်းရဲသားတွေ ရဲ့ ‘ပြယုဂ်’ ဖြစ်သလို ‘သင်္ကေတ’ လည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ အပေါင်ဆိုင်နဲ့မကင်း ရုံတင်မက ပိုက်ဆံချေးခြင်းနဲ့လည်း မကင်းခဲ့ကြပါဘူး။ တစ်ခါတစ်ရံ ပေါင်စရာပစ္စည်းမရှိတဲ့အခါ အတိုးနဲ့ ပိုက်ဆံချေးရပါတယ်။ ဘယ်နေ့ဘယ်ရက် ပြန်ဆပ်ပါ့မယ်ဟု ကတိအထပ်ထပ်ပေးကာ ချေးငှားရပါတယ်။ သို့သော် ချိန်းထားတဲ့ရက်မှာ ပြန်မဆပ်နိုင်တဲ့အခါ ငွေရှင်ကြေးရှင်အိမ်ကို သွားပြီးတောင်းပန် ခယ ရပြန်ပါသေးတယ်။ ခဏခဏကတိတွေ ပျက် ခဏခဏ တောင်းပန်ပါများလာတဲ့အခါ ငွေရှင်ကြေးရှင်က အိမ်လာပြီး ရန်တွေ့ပါတော့တယ်။ ထိုအခါမျိုးမှာ မျက်နှာငယ်လေးနှင့် ထပ်ဆင့်ပြီး တောင်းပန်တိုးလျှိုး (ရှိခိုးမတတ်) ကတိတွေ ထပ်ထပ်ပေးရပြန်ပါတယ်။ ဤသို့ဖြင့် လကုန်ကာ လစာလေးလက်ထဲ ရောက်လာတော့ ပေါင်ထားတဲ့ ပစ္စည်းတွေ ပြန်ရွေး၊ ချေးငှားထားတာတွေ အတိုးရော အရင်းရောပြန်ဆပ်။ ဟိုနုတ်ဒီနုတ်နှင့် လက်ထဲမှာ ဘာမှမကျန်တော့။ ဒီတော့ ရွေးထားတဲ့ပစ္စည်း ပြန် ပေါင်နှံ၊ နောက်ထပ် ပိုက်ဆံပြန်ချေးငှား။ အတိုးတွေပြန်တက်။ ကတိတွေထပ်ပေး။ ရန်တွေ့ခံ။ လကုန်။ ပြန်ဆပ်။ ကုန်။ ပြန်ချေးငှား။  ပြန်ပေါင်နှံ။ ကုန်။ ချေးငှား။ ဤသံသရာ ဝဲဂယက်ထဲမှ ကျွန်တော်တို့ လွှဲမထွက်နိုင်ခဲ့ပါ။ ဆင်းရဲသားတွေရဲ့ ချေးငှားသံသရာ။ ချေးငှားခြင်း ကရွတ်ကင်းပေါ် လမ်းလျှောက်နေသူများ။ တစ်နည်းပြောရရင် ဆင်းရဲတွင်းထဲမှ ပြန်မတက်နိုင်သူတွေရဲ့ ဘဝ။
တကယ်တော့ အဲဒီလိုဆင်းရဲတွင်းထဲမှ ကျွန်တော်တို့ ပြန်မတက်နိုင်တဲ့ဘဝဟာ နာတာရှည်ရောဂါ ခံစားပြီး အိပ်ရာပေါ်က မထနိုင်တဲ့ လူမမာနဲ့တူပါတယ်။ လူမမာရဲ့ ရောဂါကို အမြစ်ပြတ် မကုသရွေ့နာတာရှည်ခံစား နေရဦးမှာပါပဲ။ ထို့အတူ ဆင်းရဲခြင်းရောဂါကို အမြစ်ပြတ်မကုနိုင်သရွေ့ ကျွန်တော်တို့ဟာ ဆင်းရဲတွင်းထဲမှာ ကာလရှည်နေထိုင်ရဦးမှာ သေချာပါတယ်။ အဲဒီတွင်းထဲမှာ ကာလကြာရှည် နစ်မြုပ်နေတာ ဘယ်လောက်ကြာပြီလဲ။ စားဝတ်နေရေးသုံးပါးထဲမှာ ကျန်နှစ်ပါးကို အသာထားပါဦး။ စားရေးကိစ္စမှာတင် မနက် ည နပ်မှန်အောင် မနည်းရှာကြံ လုံးပမ်းနေရသူတွေပင် မနည်းမနော။ အချို့သော လူတွေအတွက် တစ်နပ်စာဟာ သူတို့အတွက် ‘တစ်သက်စာ’ ဖြစ်နေတဲ့ဘဝ။ အဲဒီတော့ ဆင်းရဲတွင်းထဲမှ တက်နိုင်ဖို့နေနေသာသာ တွင်းရဲ့ ဟိုးအောက်ဆုံး အနက်ရှိုင်းဆုံးမှာ စုံးစုံးမြုပ်နေတဲ့ ဘဝ။ သူတို့အနာဂတ်ဟာ မှောင်အတိကျနေဆဲ။ သူတို့ဘဝဟာ တွင်းထဲမှာပဲ အချိန်ကုန်နေတယ်။ တွင်းကိုကျော်ပြီး မတက်နိုင်တဲ့အတွက် သူတို့ရဲ့ အသိဉာဏ် ဗဟုသုတ အစစအရာရာကို ‘တွင်း’ရဲ့ ဧရိယာကပဲ ကန့်သတ်ပေးသလို ဖြစ်နေခဲ့ရှာပါတယ်။ ‘တွင်း’ ထဲမှာ အကျဉ်းကျနေတဲ့အတွက် ‘တွင်း’သာ သူတို့ဘဝ။ ‘တွင်း’ သာ သူတို့ကမ္ဘာ ဖြစ်နေပါတော့တယ်။
သူတို့မှာ မျက်လုံးရှိပါတယ်။ သို့သော် သူတို့မြင်ကွင်းကို တွင်းက ပိတ်စည်းကာရံထားတယ်။ သူတို့မှာ ပါးစပ်ပါတယ်။ သို့သော် သူတို့အသံက တွင်းထဲမှာပဲ လိုဏ်သံပေါက်ပြီး အပြင်ကို ကျော်ထွက်မလာဘူး။ သူတို့မှာ နားတွေပါတယ်။ သို့သော် အပြင်က အသံကို မကြားရဘူး။ အဲဒီတော့ သူတို့ပြန်ပြော ပြန် ဆွေးနွေးလို့ မရဘူးဖြစ်နေတယ်။ သူတို့မှာ ခြေထောက်တွေပါတယ်။ သို့သော် ခပ်ဝေးဝေး လျှောက်လို့မရ သွားချင်ရာ သွားလို့မရဘူး။ ခြေထောက်တွေကို တွင်းရဲ့ အကျယ်အဝန်းက ကန့်သတ်ချုပ်ချယ်ထားတယ်။ အဲဒီတော့ သူတို့ဘယ်မှ မရောက်တော့ဘူး။ သူတို့မှာ နှလုံးသားကိုယ်စီရှိပါတယ်။ သို့သော် ပြင်ပလောက ပြင်ပကမ္ဘာရဲ့ နွေးထွေးမှုကြင်နာ ယုယမှုက သူတို့ဆီ တိုက်ရိုက်ရောက်မလာတဲ့အတွက် သူတို့မခံစားရဘူး။ တွင်းရဲ့ အနက်ရှိုင်းဆုံး အမှောင်ထုနဲ့ လေဟာနယ်ကိုပဲ သူတို့ ခံစားထိတွေ့နိုင်တော့တယ်။ ကြာလာတော့ ‘တွင်း’ထဲမှာ ကြာရှည်နေရတဲ့ သူတို့ကိုယ်ခန္ဓာနဲ့ စိတ်ကို တရိရိတိုက်စားပွန်းပဲ့လာစေခဲ့တယ်။ ‘တွင်း’ကပေးလိုက်တဲ့ ဒဏ်ရာကင်ဆာ ဆဲလ်တွေဟာ သူတို့ကိုယ်ခန္ဓာအနှံ့ အမြစ်တွယ်ပ ျံ့နှံ့လာခဲ့ချေပြီ။ သေချာတာကတော့ အဲဒီတွင်းက ပေးလိုက်တဲ့ဒဏ်ရာတွေကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်မယ့်အချိန်ကို သူတို့မျှော်လင့်နေကြပါတယ်။ အမှောင်ထဲမှာ မျှော်လင့်ချက်ကြောင့် အရောင်တဖျပ်ဖျပ် တောက်ပနေတဲ့သူတို့ မျက်လုံးတွေကို မြင်နိုင်ဖို့ ‘တွင်း’ ထဲ ငုံ့ကြည့်ဖို့တော့ လိုလိမ့်မယ်။
သူတို့အားလုံး အခုရောက်ရှိနေတာ ‘တွင်း’တော့ တွင်းပါပဲ။ ဒါပေမဲ့ ‘ရွှေတွင်း’ ‘ငွေတွင်း’တော့ မဟုတ်။ အနက်ရှိုင်းဆုံး ‘ဆင်း ရဲတွင်း’ ...။      ။

Most Read

Most Recent