ဈေးချိုသော တရုတ်အဝတ်လျှော်စက်များကို ဒဏ်ခတ်ပြစ်ဒဏ်များ ချမှတ်မည်ဟု အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ကြေညာ

ဈေးချိုသော တရုတ်အဝတ်လျှော်စက်များကို ဒဏ်ခတ်ပြစ်ဒဏ်များ ချမှတ်မည်ဟု အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ကြေညာ
Published 10 December 2016

တရုတ်ကုန်ထုတ်လုပ်သူများသည် အမေရိကန် ဈေးကွက်သို့ အလွန်အမင်း ဈေးပေါသော အဝတ်လျှော်စက်များကို စုပြုံတင်သွင်းနေကြပြီး ယင်းအဝတ်လျှော်စက်များကို  ဒဏ်ခတ်ပြစ်ဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ဒီဇင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။
အမေရိကန် လူသုံးကုန်ပစ္စည်းထုတ် လုပ်ရေးလုပ်ငန်း Whirlpool က ပြီးခဲ့သည့် တစ်နှစ်တွင် တိုင်ကြားခဲ့သောအမှု၌ တရုတ် ကုမ္ပဏီတစ်ခုသည် အဝတ်လျှော်စက်ကြီးများကို ပုံမှန်ဈေးထက် ၅၂ ဒသမ ၅ ရာခိုင်နှုန်းထိ လျှော့ချတင်သွင်းခဲ့ကြောင်း တွေ့ရှိခဲ့သည်။
၂၀၁၅ ခုနှစ်တွင် တရုတ်မှ တင်သွင်းသော ယင်းကဲ့သို့ ဈေးပေါသည့် အဝတ်လျှော်စက်များ၏ ဈေးကွက်တန်ဖိုးသည် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့်ရှိသည်ဟု အမေရိကန် ကုန်သွယ်ရေးကော်မရှင်က ဆိုသည်။
အဝတ်လျှော်စက် တင်သွင်းသူများအား ဒဏ်ငွေအခွန်များ ချက်ချင်းချမှတ်ရန် ကူးသန်းရောင်းဝယ်ရေးဌာနက အမိန့်ထုတ်ပြန်ထားသော်လည်း ယင်းအခွန်စည်းကျပ်မှုသည် အမေရိကန် ကုမ္ပဏီများကို ထိခိုက်နိုင်ခြင်း ရှိ မရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကော်မရှင်က ဇန်နဝါရီ ၂၃ ရက်တွင် ဆုံးဖြတ်ချက် ချမှတ်ပြီးမှသာ နောက်ဆုံးအဆင့်ကို ဆောင်ရွက်မည်ဖြစ်သည်။
Suzhou Samsung Electronics သည် ဈေးမှန်ထက် ဈေးလျှော့ရောင်းချမှုတွင် ဈေးကွာခြားမှုအများဆုံး ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားပြီး အခြားကုမ္ပဏီများသည် ၄၄ ဒသမ ၃ ရာခိုင်နှုန်းထိ ဈေးလျှော့၍ ရောင်းချခဲ့ကြကြောင်း Nanjing LG- Panda Appliances သည် ဈေး ၃၂ ရာခိုင်နှုန်း လျှော့ချ၍ ရောင်းခဲ့ကြောင်း တွေ့ရှိထားသည်။
တရုတ်သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သည့် ၁၅ နှစ် အထိမ်းအမှတ်အကြိုတွင် ယခုပြစ်ဒဏ်အခွန်ချမှတ်မှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ တရုတ်စီးပွားရေးသည် ဈေးကွက်စီးပွားရေးအဖြစ် တရားဝင် အသိအမှတ်ပြုသည့်အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က တရုတ်ကိုအဖွဲ့ဝင်အဖြစ် ၂၀၀၁ ခုနှစ်တွင် လက်ခံခဲ့သည်။
ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်ဖြစ်သောကြောင့် ပြစ်ဒဏ်အခွန်ချမှတ်ခံရမှုများ ဖြစ်လာရန် ခက်ခဲမည်ဟု တရုတ်က မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း အမေရိကန်က ပြစ်ဒဏ်အခွန်ချမှတ်မှုနှင့် ပတ်သက်၍ ပြောင်းလဲရန် အသင့်မဖြစ်သေးကြောင်း ယခုဖြစ်ရပ်က အချက်ပြလိုက်ခြင်းဖြစ်သည်။
ကိုယ်ကျိုးစီးပွား ကာကွယ်မှုများအား ဆန့်ကျင်မည်ဟု ပိုင်းဖြတ်ခံယူထားမှုကို လိုက်နာရန်နှင့် လွတ်လပ်ပြီး ပွင့်လင်း၍ တရားမျှတသော ကုန်သွယ်ရေးပတ်ဝန်းကျင်ကို ကူညီထိန်းသိမ်းထားရန် တရုတ်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဝါရှင်တန်အား တိုက်တွန်းခဲ့သည်။ Ref ; AFP             

Most Read

Most Recent