ဘော့ဒီလန်မှလွဲ၍ ဆုရရှိသူအားလုံး နိုဘယ်ဆုအား လက်ခံရယူမည်

ဘော့ဒီလန်မှလွဲ၍ ဆုရရှိသူအားလုံး နိုဘယ်ဆုအား လက်ခံရယူမည်
Published 10 December 2016
Ref:AFP

ဒီဇင်ဘာ ၁၀ ရက်တွင် အော်စလိုမြို့၌ ပြုလုပ်မည့် နိုဘယ်ဆုပေးပွဲ အခမ်းအနားသို့ ရော့ခ်ဂီတ စံပြုပုဂ္ဂိုလ် ဘော့ဒီလန်မှလွဲ၍ ဆုရရှိသူအားလုံး တက်ရောက်ကာ ဆုလက်ခံရယူမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိသော ကိုလံဘီယာသမ္မတ ဟွမ်မန်နျူယယ်ဆန်းတို့စ်သည် အထင်ရှားဆုံး ဖြစ်လာမည်ဟု သိရသည်။
ပထမဆုံး ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ကို ကိုလံဘီယာပြည်သူများက ငြင်းပယ်ခဲ့ကြပြီးနောက် ဆန်းတို့စ်၏ အစိုးရအဖွဲ့နှင့် မာ့စ်ဝါဒီ FARC သူပုန်အဖွဲ့တို့ ငြိမ်းချမ်းရေး သဘောတူညီချက် အသစ်အတွက် ပြန်လည်စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ဆယ်စုနှစ် ငါးခုကြာ ပဋိပက္ခကို အဆုံးသတ်နိုင်ရန် နိုဝင်ဘာ ၂၄ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။ ကိုလံဘီယာတွင် ပြည်တွင်းစစ်ကြောင့် လူပေါင်း ၂၆၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၄၅,၀၀၀ ပျောက်ဆုံးကာ လူပေါင်း ခုနစ်သန်းနီးပါး နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
“ကိုလံဘီယာသားများစွာအတွက်၊ လက်တင် အမေရိကသားများစွာ အတွက်နဲ့ ကမ္ဘာကြီးအတွက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကအထိ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုဖြစ်ခဲ့တဲ့ တစ်စုံတစ်ရာဟာ အခုတော့ တကယ်ဖြစ်လာပါပြီ” ဟု ဆုပေးပွဲမတိုင်မီ အကြိုနေ့၌ ဆန်းတို့စ်က နော်ဝေနိုင်ငံမြို့တော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ပထမဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်သည် အောက်တိုဘာ ၂ ရက် ပြည်လုံးကျွတ် မဲဆန္ဒခံယူပွဲတွင် ပွတ်ကာသီကာ ရှုံးနိမ့်သွားခဲ့ပြီးနောက် ကိုလံဘီယာ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အဓိက ဆုတ်ယုတ်မှု တစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရသေးသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ငြင်းပယ်သည့်ဘက်က အနိုင်ရရှိသွားခဲ့ပြီးနောက် ဆန်းတို့စ်၏ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိရန် အခွင့်အလမ်း မှေးမှိန်သွားသကဲ့သို့ ရှိခဲ့သော်လည်း နော်ေ၀ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက နောက်ငါးရက်အကြာတွင် ဆန်းတို့စ်ကို ဆုရရှိသူဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြင့် ကမ္ဘာတစ်ဝန်းမှ စောင့်ကြည့်သူများအား အံ့အားသင့်စေခဲ့သည်။ ဆုရွေးချယ်ရေးအဖွဲ့က  ကိုလံဘီယာသားများသည် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ငြင်းပယ်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးကို ငြင်းပယ်ခဲ့ခြင်း မဟုတ်ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲကို ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် အော်စလိုမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ပြီး တော်ဝင်မိသားစု၊ နော်ဝေအစိုးရအဖွဲ့ဝင်များ၊ ကိုလံဘီယာ ပဋိပက္ခအတွင်း သေဆုံးခဲ့သူတို့၏ ကိုယ်စားလှယ်များနှင့် FACR ၏ ဓားစာခံများထဲမှ ထင်ရှားသူနှစ်ဦးတို့ တက်ရောက်ခဲ့ကြသည်။
ဒီဇင်ဘာ ၁၀ ရက် ညပိုင်းတွင် အခြားအခမ်းအနား တစ်ရပ်ကို စတော့ဟုမ်းမြို့၌ ကျင်းပမည်ဖြစ်ပြီး သိပ္ပံပညာ၊ စီးပွားရေးပညာနှင့် စာပေဆိုင်ရာ နိုဘယ်ဆုရရှိသူများအား ဆုချီးမြှင့်မည်ဖြစ်သည်။ သို့သော် စာပေဆိုင်ရာ နိုဘယ်ဆု ရရှိသည့် ဘော့ဒီလန် တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
ဘော့ဒီလန်ကို ဆုရရှိသူဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်က ကြေညာခဲ့ပြီးနောက် ဘော့ဒီလန်သည် သီတင်းနှစ်ပတ်ကြာသည်အထိ ဆုရရှိမှုကို လူသိရှင်ကြား အကြောင်းပြန်ခဲ့ခြင်း မရှိသောကြောင့် ဆုရွေးချယ်ရေး အဖွဲ့ဝင် တစ်ဦးက မယဉ်ကျေးသော ကြီးကျယ်သည့် လုပ်ရပ်ဟု ဝေဖန်ခဲ့သေးသည်။

Most Read

Most Recent