အိန္ဒိယတွင် ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ရာ လူကိုးဦး သေဆုံး

အိန္ဒိယတွင် ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ရာ လူကိုးဦး သေဆုံး
Published 10 December 2016
Ref:AFP

အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် ဆောက်လက်စ အဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ လူကိုးဦး သေဆုံးခဲ့သည်ဟု ရဲများက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ အသက်လေးနှစ်အရွယ် ယောက်ျားလေးတစ်ဦးနှင့် မိခင်တို့ကိုမူ အပျက်အစီးများအောက်မှ အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့သည်ဟု သိရသည်။
တီလန်ဂါနာပြည်နယ်၏ မြို့တော် ဟိုက်ဒရာဘတ်တွင် ဒီဇင်ဘာ ၈ ရက်နှောင်းပိုင်းက ဆောက်လက်စ ခုနစ်ထပ်တိုက်တစ်လုံး ပြိုကျခဲ့ခြင်းဖြစ်သည်။ ထိုတိုက်၏ မြေညီထပ်တွင် ဆောက်လုပ်ရေး အလုပ်သမားများနှင့် မိသားစုများ နေထိုင်နေခဲ့သည်ဟု သိရသည်။ “သေဆုံးသူဦးရေဟာ ကိုးဦးအထိ မြင့်တက်လာပါတယ်။ ကယ်ဆယ်ရေး အလုပ်သမားတွေဟာ မိခင်တစ်ဦးနဲ့ ကလေးတစ်ဦးကို ဒီဇင်ဘာ ၉ ရက်မှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။ အပျက်အစီးတွေကိုတော့ အခုအထိ ဖယ်ရှားနေတုန်းပါပဲ” ဟု အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အရေးပေါ် ကယ်ဆယ်ရေး လုပ်သားများသည် မြေတူးစက်ကြီးများနှင့် အခြားစက်ကိရိယာများဖြင့် ကွန်ကရစ်တုံးများ၊ သံချောင်းများကို ဖယ်ရှားနေကြသည်ကို ရုပ်သံများက ပြသခဲ့သည်။ အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့သည့် သားအမိနှစ်ဦးကိုမူ ဆေးရုံတစ်ရုံ၌ အရေးပေါ် ဆေးကုသမှုပေးနေပြီး ပျောက်ဆုံးနေသူ သုံးဦးရှိနေသေးကြောင်း ထိုအစိုးရအရာရှိက ဆိုသည်။
ပြည်နယ်အစိုးရက အဆောက်အအုံပိုင်ရှင်ကို ဆောက်လုပ်ရေး စည်းမျဉ်းများ ချိုးဖောက်မှု၊ အစိုးရဝန်ထမ်းများကိုလည်း တာဝန်ပျက်ကွက်မှုများဖြင့် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ကတိပေးခဲ့ကြောင်း Press Trust of India သတင်းဌာနမှ ဖော်ပြခဲ့သည်။
အိန္ဒိယတွင် လူသေဆုံးမှုများရှိသော ဆောက်လုပ်ရေး လုပ်ငန်းခွင် မတော်တဆမှုများ ဖြစ်ပွားသည်မှာ ပုံမှန်နီးပါးဖြစ်နေပြီး ဖြစ်ပွားရသည့် အကြောင်းရင်းအများစုမှာ လုံခြုံရေးစည်းမျဉ်းများကို လိုက်နာမှု မရှိခြင်းကြောင့် ဖြစ်သည်။ ဇူလိုင်လကလည်း မွမ်ဘိုင်းရှိ ဆောက်လက်စလူနေတိုက်ခန်း တစ်ခုတွင် ကွန်ကရစ်ပြားကြီးတစ်ခု ပြိုကျခဲ့ရာ အလုပ်သမားကိုးဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။