ဂါနာသမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် အနိုင်ရ

ဂါနာသမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် အနိုင်ရ
Published 10 December 2016
Ref:AFP

ဂါနာတွင် ဒီဇင်ဘာ ၇ ရက်က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ၌ စိန်ခေါ်သူ နာနာအကူဖိုအက်ဒိုက အနိုင်ရခဲ့ကြောင်း ဒီဇင်ဘာ ၉ ရက်တွင် ကြေညာခဲ့ပြီး စီးပွားရေး ကျဆင်းမှုအား မဲဆန္ဒရှင်များ၏ စိတ်ပျက်နေမှုနှင့် အပြောင်းအလဲအတွက် အသင့်ရှိနေကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ အသက် ၇၂ နှစ်ရှိ လူ့အခွင့်အရေးရှေ့နေ အကူဖိုအက်ဒိုသည် ထောက်ခံမဲ ၅၃ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
အာဏာရှင်များနှင့် အာဏာသိမ်းမှုများဖြင့် ဖိစီးနေသော အာဖရိကတွင် ဂါနာနိုင်ငံ၏ ဒီမိုကရေစီအား စမ်းသပ်မှုတစ်ခုဖြစ်သည်ဟု ရှုမြင်ခံခဲ့ရသော အကြိတ်အနယ်ဖြစ်ခဲ့သည့် ယင်းရွေးကောက်ပွဲအပြီး နှစ်ရက်အကြာတွင် လက်ရှိသမ္မတ ဂျွန်မဟာမာက ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့သည်။ အတိုက်အခံ New Patriotic Party (NPP) ခေါင်းဆောင် အကူဖိုအက်ဒိုအား ရွေးကောက်ပွဲ အနိုင်ရခဲ့မှုအတွက် သမ္မတ မဟာမာက ဖုန်းဆက်၍ ဂုဏ်ပြုခဲ့ကြောင်း အာဏာရပါတီ New Democratic Congress (NDC) မှ ဂျော့လောဆန်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ အကူဖိုအက်ဒိုသည် စီးပွားရေး တိုးတက်မှုအား အရှိန်မြှင့်ရန်နှင့် အလုပ်အကိုင်များ ဖန်တီးပေးရန် ကတိပြုခဲ့ပြီး မဲဆွယ်ခဲ့ခြင်း ဖြစ်သည်။
အာဖရိက၏ အခိုင်မာဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်သော ဂါနာတွင် ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားမည်ကို စိုးရိမ်ခဲ့ကြသော်လည်း များသောအားဖြင့် ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။ ဂါနာသည် ပြီးခဲ့သော ဆယ်စုနှစ် နှစ်ခုနှင့် ထက်ဝက်ကျော်အတွင်း ပေါင်းစပ်မှုနှင့် ပွင့်လင်းမြင်သာမှုတို့နှင့်အတူ အသိအမှတ် ပြုခံခဲ့ရကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သူတစ်ဦးဖြစ်သူ National Democratic Institute မှ သံအမတ်ကြီး ဂျွန်နီကာ ဆန်က ပြောကြားခဲ့သည်။
သို့သော် ဂါနာတွင် အစိုးရပိုင် မီဒီယာအား သုံးစွဲမှုတွင် မျှတမှု မရှိခြင်းနှင့် မဲဆွယ်မှုအတွက် ငွေကြေးသုံးစွဲမှုများတွင် တာဝန်ခံမှု မရှိခြင်းတို့ အပါအဝင် လက်ရှိ အခြေအနေတွင် ဖြစ်ပေါ်နေသော အလွဲသုံးစားပြုမှုများအား အနာဂတ်တွင် ဖြေရှင်းရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးမစ်ရှင်က ထုတ်ပြန်ခဲ့သည်။
တစ်ချိန်က စီးပွားရေးတစ်ရှိန်ထိုး တိုးတက်ခဲ့ပြီး ယခုအခါ စီးပွားရေးနှေးကွေးမှု၊ ငွေကြေးတန်ဖိုး ကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှု အလွန်အမင်း မြင့်တက်မှုတို့ ကြုံနေရသော ဗြိတိန်ကိုလိုနီဟောင်း ဂါနာတွင် အကူဖိုအက်ဒိုသည် လေးနှစ်သက်တမ်း ထမ်းဆောင်ရမည်ဖြစ်သည်။ လက်ရှိသမ္မတ မဟာမာသည် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၅၀ ဒသမ ၇ ရာခိုင်နှုန်းဖြင့် အကူဖိုအက်ဒိုအား ကွာဟချက် ကျဉ်းမြောင်းစွာဖြင့် အနိုင်ရခဲ့သည်။ ကမ္ဘာပေါ်တွင် အိုင်ဗရီကို့စ်ပြီးလျှင် ကိုကာ ဒုတိယမြောက် အများဆုံး ထုတ်လုပ်ပြီး အာဖရိကတွင် တောင်အာဖရိကပြီးလျှင် ရွှေဒုတိယမြောက် အများဆုံး ထုတ်လုပ်သော ဂါနာသည် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ လူသုံးကုန်ဈေးနှုန်းများ အလွန်အမင်း ကျဆင်းသွားခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ထံမှ အရေးပေါ် ချေးငွေများအား ရယူခဲ့ရသည်။