လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ

လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ
Published 10 December 2016
ဘစံကောက်

ဂေါတမမြတ်စွာဘုရားအလောင်း “အကိတ္တိရသေ့” ဘဝဖြစ်စဉ်က ဆုတောင်းကလေးတစ်ခု တောင်းခဲ့ဖူးပါသတဲ့။ လူမိုက်တွေနဲ့ ပတ်သက်တဲ့ ဆုတောင်းပါ။
(၁) လူမိုက်တွေကို ဘယ်သောအခါမှ မမြင်၊ မတွေ့ပါရစေနဲ့။
(၂) လူမိုက်တွေရဲ့ သတင်းစကားကို ဘယ်သောအခါမှ မကြားပါရစေနဲ့။
(၃) လူမိုက်တွေနဲ့ ဘယ်သောအခါမှ အပေါင်းအသင်း မလုပ်ပါရစေနဲ့
(၄) မလွှဲမရှောင်သာလို့ လူမိုက်တွေနဲ့ အပေါင်းအသင်း လုပ်ခဲ့ရသည်ရှိသော် သူတို့တွေနဲ့ စကားမပြောပါရစေနဲ့။
(၅) မလွှဲမရှောင်သာ စကားပြောခဲ့ရလျှင်လည်း ထိုလူမိုက်တို့၏ စကားကို ထောက်ခံခြင်း၊ အားပေးခြင်း၊ ချီးမြှောက်ခြင်း မလုပ်ပါရစေနဲ့ဆိုတဲ့ ဆုတောင်းစကားလေး ငါးမျိုးပါ။ ဒါကိုကြည့်ရင် လူမိုက်ဆိုသူတွေဟာ လောကမှာ အေးအေးချမ်းချမ်းနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်လိုသူတွေအနေနဲ့ မလိုလားအပ်တဲ့ လူမျိုးတွေဆိုတာ သိသာနိုင်ပါတယ်။
ဒီနေရာမှာ လူမိုက်ကို လူမိုက်မှန်းသိဖို့ကလဲ လိုပါသေးတယ်။ သီတဂူဆရာတော် ဘုရားကြီး “ရှင်ဉာဏိဿရ” ကတော့ လူမိုက်ဆိုသူတွေဟာ
(၁) နည်းမှားတွေကို လုပ်တယ်။
(၂) သူတစ်ပါးကိုလည်း အဲဒီနည်းအမှားတွေကို လုပ်ခိုင်းတယ်။
(၃) အဲဒီနည်းအမှားတွေကို သူတို့ကိုယ်တိုင် အလွန်တန်ဖိုးထားတယ်။
(၄) မှားနေပြီလို့ပြောရင် ထောက်ပြရင် ပြတဲ့သူကို ရန်ရှာတတ်တယ်ရယ်လို့ လူမိုက်တွေရဲ့ လက္ခဏာလေးမျိုးကို လူအများသိသာအောင် ဟောပြဖူးပါတယ်။ ဒါနဲ့ပတ်သက်လို့ တစ်ချက်ခြင်း ထောက်ကြည့်ရင် လူမိုက်တွေဟာ နည်းအမှားတွေကို လုပ်တဲ့နေရာမှာ မှားမှန်းသိလည်း လုပ်တာပဲ။ မှားမှန်းမသိလည်း လုပ်တာပဲဆိုတဲ့ သဘောက ပေါ်လွင်ပါတယ်။ ဒါကြောင့် လူမိုက်လို့ဆိုပေတာပေါ့။ လူမိုက်မှာ ဆေးမရှိဘူးဆိုတဲ့စကားလည်း အရှိသားမဟုတ်လား။ ဒါကြောင့် လောကမှာ လူမိုက်တစ်ယောက် ပေါ်ပေါက်လာပြီး အဲဒီလူမိုက်က အားကြီးလာပြီဆိုရင် သတ္တဝါတွေ ဒုက္ခရောက်ကြရတော့မှာ အမှန်ပါပဲ။
ပမာအားဖြင့် ဒုတိယကမ္ဘာစစ်မီးကို မွှေးခဲ့တဲ့ “ဟစ်တလာ” လို လူမိုက်တစ်ယောက်ကြောင့် ကမ္ဘာကြီးဟာ စစ်မီးတောက်လောင်ခဲ့ရသလို တစ်ဦးနဲ့တစ်ဦး တစ်ကြိမ်တစ်ခါမှလည်း မတွေ့ဖူး။ မမြင်ဖူး။ ရန်ငြိုးရန်စလည်း မရှိပါပဲနဲ့၊ ကမ္ဘာပေါ်မှာရှိတဲ့ ယောက်ျားမိန်းမ၊ ကလေးသူငယ် အရွယ်ကောင်း လူငယ်တွေ သန်းနဲ့ချီပြီး ရက်ရက်စက်စက် အဆိပ်ဓာတ်ငွေ့လွှတ်ပြီး သတ်တာကို ခံခဲ့ကြရပါတယ်။ အင်မတန် စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်ပါ။ ဒါပေမဲ့ ဒီနည်းအမှားကြီးကို ဟစ်တလာဟာ ပျော်ပျော်ကြီး လုပ်ခဲ့တာပါ။ ဒါပေမဲ့ သူ့ဘဝရဲ့ နောက်ဆုံးနေဝင်ချိန်ကို ရောက်တဲ့အခါ အလွန်မှောင်မိုက်ပြီး အားကိုးရာမဲ့ဘဝနဲ့ သူ့ဘဝကိုသူ အဆုံးသတ်ရမယ့်အခါကို ရောက်တော့
“သင့် အလင်းရောင်အောက်မှာ ရှိနေရင် အရာရာက သင့်နောက်ကို လိုက်နေတယ်။ သင်အမှောင်ထဲကို ရောက်သွားရင်တော့ သင့်အရိပ်ကတောင် သင့်နောက်ကို မလိုက်တော့ဘူး” လို့ ဝမ်းပန်းတနည်း စကားဆိုရင်း သမိုင်းမှာ အဆိုးညစ်ဆုံး လူတစ်ယောက်ဘဝနဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။
နောက်တစ်ခါ လူမိုက်ဆိုသူတွေဟာ သူတို့ကိုယ်တိုင် နည်းအမှားတွေကို လုပ်ရုံနဲ့ မတင်းတိမ်ချင်တတ်ကြဘူး။ သူများတွေကိုလည်း သူတို့လိုပဲ နည်းအမှားတွေကိုလိုက်ပြီး လုပ်ဖို့အကြံပေး တိုက်တွန်းတတ်ပြန်တယ်။ အင်မတန် အန္တရာယ်ကြီးသူတွေပါ။ သာသနာတော်မှာ ကြုံခဲ့ဖူးရတဲ့ လူမိုက်တစ်ယောက်ကတော့ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူလို့ ခုနစ်ရက်ရှိတဲ့အခါ ‘သုဘဒ္ဒ’ အမည်ရှိတဲ့ တောထွက် ရဟန်းကြီးတစ်ပါးအား ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်လို့ ဝမ်းနည်းပူဆွေး ငိုကြွေးနေကြတဲ့ ပုထုဇဉ်ရဟန်းတွေကို “ငါ့ရှင်တို့ မငိုကြနဲ့ အခုအခါငါတို့အားလုံးဟာ ‘ဂေါတမ’ ရဲ့ အချုပ်အချယ်က လွတ်ကင်းကြပြီ။ အရင်ကလို ချုပ်တည်းပြီးနေစရာ မလိုတော့ဘူး” လို့ ဝမ်းသာအားရနဲ့ ပြောဆိုစည်းရုံးနေတာကို “ရှင်မဟာကဿပ ရဟန္တာကိုယ်တော်မြတ်ကြီးက ကြားတော်မူလို့ သာသနာတော်မြတ် ပျက်စီးတော့မှာပဲလို့ တွေးပြီး ‘သင်္ဂါ ယနာ’ ကို အလျင်အမြန်တင်ပြီး လူမိုက်တို့ရဲ့ဘေးက လွတ်အောင် ကယ်တင်ခဲ့ရဖူးပါတယ်။ လူမိုက်ဆိုသူတွေဟာ နည်းအမှားကို သူတို့ကိုယ်တိုင် ကျင့်ရုံသာမက သူများတွေပါလိုက်ပြီး ကျင့်အောင်ဆွဲဆောင်တတ်သူ တွေလည်းဖြစ်ပါတယ်။
ဒါ့အပြင် လူမိုက်ဆိုသူတွေဟာ သူတို့အသုံးပြုတဲ့ နည်းအမှားတွေကို အလွန်ပဲ တန်ဖိုးထားတတ်ကြပါတယ်။ ရှေးကလူ သမိုင်းမှာ အလွန်ဆိုးယုတ်ပြီး ရက်စက်လွန်းတဲ့ ဓလေ့ထုံးစံတစ်ခု ပေါ်ပေါက်ဖူးပါတယ်။ အဲဒါကတော့ ရှင်ဘုရင်တွေ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာတဲ့ ကျေးပိုင်ရှင်၊ ကျွန်ပိုင်ရှင်တွေဟာ သူတို့သေဆုံးတဲ့အခါ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာနဲ့တကွ ကျေးကျွန်တွေကို သူတို့နဲ့အတူ ဂူသွင်း၊ သင်္ဂြိုဟ်လေ့ရှိတဲ့ထုံးစံပါ။
ဒီနည်းဟာ အလွန်မှားယွင်းတဲ့ အယူအဆ တစ်ခုဖြစ်တယ်လို့ ဆိုကြပေမယ့် အဲဒီခေတ်အခါမှာတော့ ဘယ်လိုမှ ဓလေ့ထုံးစံကို မတွန်းလှန်နိုင်တဲ့ အခြေမဲ့၊ အနေမဲ့သူတွေဟာ အရှင်လတ်လတ် မြေမြှုပ်သင်္ဂြိုဟ်တာကို ခံခဲ့ကြရတာပါပဲ။ လူမိုက်ဆိုသူတွေဟာ သူတို့အသုံးပြုတဲ့ နည်းအမှားတွေနဲ့ လူတွေကို ဒုက္ခပေးတတ်တာ သဘာဝပါပဲ။
ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ လူမိုက်တွေဟာ သူတို့လုပ်ရပ်မှားနေတာကို မှားမှန်းသိလို့ ဝေဖန်ထောက်ပြ ပြုပြင်ပေးရင်လည်း မကြိုက်တတ်ကြပါဘူး။ ရှေးကမှ မဟုတ်ပါဘူး။ အခုခေတ်မှာလည်း ဒီလိုလူမျိုး တွေအများကြီးပါ။ ဘုရားလက်ထက်တော်မှာတော့ ‘ဒေဝဒတ်’ ဟာ ဘယ်လိုမှဆုံးမပြုပြင် လို့မရအောင်ဖြစ်နေတာမို့ မြတ်စွာဘုရားက ပြုပြင်ပေးတော့လည်း လက်မခံတဲ့အပြင် နောက်ဆုံး ဘုရားရှင်ကိုတောင် ရန်သူလို့ သတ်မှတ်ပြီး အသက်အန္တရာယ် ပေးတဲ့အထိ ရန်ရှာပါတော့တယ်။ နောက်ဆုံးတော့ သူ့မိုက်ပြစ်ကြောင့် သူပဲဒုက္ခရောက်သွားရတာပဲ။
ဒါတွေကိုကြည့်ရင် လူမိုက်ဆိုတာသူနဲ့ ပတ်သက်မိတဲ့ လူတွေကို ချမ်းသာပေးတာက မရှိသလောက်ပါပဲ။ ဒုက္ခပေးတာကသာ များပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်က “လူမိုက်ဆိုရင် ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ကင်းအောင်နေ” ဆိုပြီး သတိပြုရှောင်ရှားကြဖို့ ဟောကြားတော်မူခဲ့ ဖူးပါတယ်။ဒါကြောင့်လဲ ဘုရားအလောင်း ‘အကိတ္တိရသေ့ကြီး’ က လူမိုက်တွေနဲ့ မတွေ့မမြင်ပါရစေနဲ့၊ သူတို့ သတင်းစကားတွေကိုလည်း မကြားပါရစေနဲ့၊ အပေါင်းအသင်းလည်း မလုပ်ပါရစေနဲ့၊ မလွှဲမရှောင်သာ ပေါင်းသင်းခဲ့မိရင်လည်း သူတို့တွေနဲ့ စကားမပြောပါရစေနဲ့၊ မလွှဲ မရှောင်သာ စကားပြောရရင်လည်း သူတို့ရဲ့စကားကို ထောက်ခံခြင်း၊ အားပေးခြင်း၊ ချီးမြှောက်ခြင်း၊ မပြုရပါစေနဲ့လို့ ဆုတောင်းခဲ့တာ ဖြစ်နိုင်ပါတယ်။
ဒီအထဲမှာ အထူးသတိပြုရမှာကတော့ လူမိုက်တွေနဲ့ မပေါင်းမသင်းမိအောင် ရှောင်ရမှာဖြစ်သလို မိမိကိုယ်တိုင်လည်း လူမိုက်မဖြစ်အောင် နည်းအမှားတွေကို ရှောင်ကြပါလို့ ပြောချင်တာပါပဲ။

Most Read

Most Recent