ကြောက်စိတ် ကင်းဝေးနေနိုင်ရေး

ကြောက်စိတ် ကင်းဝေးနေနိုင်ရေး
Published 9 December 2016
■ သန်းထိုက် (သာကေတ)

လောကမှာ ကြောက်စရာကောင်းသော အရာများစွာနဲ့ လူတွေမှာ ကြောက်စိတ်ဆိုတာ ရှိကြပါတယ်။ ကြောက်စရာကောင်းပြီး ကြောက်အောင် ဖန်တီးထားတဲ့ အရာများကြောင့်လည်း ကြောက်စိတ်ဆိုတာ ဖြစ်ပေါ်လာတာပါ။ အရာအထောင်မကတဲ့ ကြောက်စရာများကလည်း အမျိုးအစား စုံလင်လှပါတယ်။ လက်တွေ့မြင်ရ၊ ကြားရ၊ ထိတွေ့ခံစားရလို့ ကြောက်ရတဲ့ ကြောက်စိတ်ဖြစ်စေတဲ့ အကြောင်းတရားများကလည်း ရှိနေပါတယ်။ တစ်ခါတစ်ရံ ဘာမှန်းမသိတဲ့ အလိုလိုနေရင်း ကြောက်စိတ်ပေါ်ပြီး ကြက်သီးဖြန်းဖြန်းထ တတ်တာလည်း ရှိပြန်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့ဖူးပြီး ကြက်သီးထဖူးသူ၊ ကြောက်ဖူးသူတွေ သိကြပါတယ်။ မိုးတွေချုန်းပြီး မိုးကြိုးတွေက ဒိန်းဒိန်းပစ်နေလို့ ကြောက်သင့်တဲ့ အကြောက်တရားမျိုး မဟုတ်ဘဲ အရှေ့က မိုးတွေညိုလာ၊ တိမ်မည်းတွေတက်လာတာ မြင်ရုံနဲ့ နေမထိထိုင်မသာ ကြောက်တတ်သူလည်း တွေ့ဖူးပါတယ်။
ကြောက်စိတ်ဖြစ်ပေါ်မှာ စိုးရိမ်ပူပန် ကြောင့်ကြမှုကြောင့်၊ ဆင်းရဲဒုက္ခရောက်စရာ တစ်ခုခုကြောင့်၊ အမှားအယွင်းနဲ့ အပြစ်အနာအဆာ တစ်ခုခုကျူးလွန်မိတာကြောင့် ကြိုတွေး၊ ကြိုပူပြီး တွေးကြောက်တတ်တာကတော့ လူ့သဘာဝလိုပဲ ပြောရမှာပါ။ လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ပုံမှန် အကြောက်တရားနဲ့ ကြောက်စိတ်လို့ ပြောရမယ်ထင်ပါတယ်။ တချို့တွေမှာတော့ သာမန်အားဖြင့် ကြောက်စရာမလို ကြောက်စိတ် မပိုစရာအကြောင်းကို ကြောက်တဲ့စိတ်ဖြစ်ကြတာ တွေ့ရပါတယ်။ အများကကြောက်ပေမယ့် ကိုယ်ကမကြောက်၊ ကိုယ်ကကြောက်ပေမယ့် အများကမကြောက်တာလည်း ရှိပါတယ်။ စာရေးသူကိုယ်တိုင် အဲဒီကြောက်စိတ်နဲ့ အကြောက်တရား တွယ်ကပ် ခံစားနေရပါတယ်။ အများမကြောက်ပေမယ့် ကိုယ်က ကြောက်နေမိပါတယ်။ လေယာဉ်ပျံ မစီးရဲ၊ ရဟတ်မစီးရဲသလို အခုဆိုရင် အမြင့်ကိုတောင် မကြည့်ရဲတဲ့စိတ်၊ အမြင့်ကိုကြောက်တဲ့စိတ် ဖြစ်နေမိပါတယ်။ မြင့်လေ ကြောက်စိတ်ပိုလေပါပဲ။
အခုဆိုရင် အမြင့်ပေါ်မှာ တက်နေရပ်နေတဲ့သူ တစ်ယောက်၊ ဝေဟင်မြင့်မြင့်ကနေ ဂျွမ်းထိုး စိုက်ကျလာသော ယာဉ်တစ်စီး၊ လူတစ်ယောက် ချောက်ကမ်းပါးထိပ်မှာ အသည်းယားစရာ ရပ်ပြီး စတန်းထွင် လူလုံးပြနေသူ တစ်ယောက် စတဲ့မြင်ကွင်းတွေမြင်ရင် ကြည့်ရင်းနှလုံးတွေခုန်၊ ရင်တွေတုန်လာပါတယ်။ အခုဆိုရင် အမြင့်ကို ကြောက်သည်ထက် ကြောက်သလို ဝေးဝေးကရှောင်ဖို့ ကြိုးစားနေမိပါတယ်။ ဒါတွေကတော့ ကိုယ်တိုင်ဖြစ်ပေါ် ကြုံ တွေခံစားရလို့ဖြစ်သော ကြောက်စိတ် (စိတ်ရောဂါတစ်မျိုး) တွေပါ။ အခုတလောမှာတော့ အဲဒီအကြောင်းအရာ၊ ကြောက်စိတ်တွေ အပြင် နောက်ထပ် ကြောက်စိတ်အသစ် တစ်မျိုးဖြစ်ပေါ် ခံစားနေရတယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေပါတယ်။ ကိုယ်လုပ်နေကျ အလုပ် ဝါသနာပါတဲ့ အလုပ်ဖြစ်တဲ့ စာရေးစာဖတ်လုပ်ရာမှာ အရင်လို လွတ်လပ်ပေါ့ပါးမနေဘဲ တစ်ခုခုကို စိုးရိမ်ကြောင့်ကြနေသလို၊ ကြောက်ရွံ့နေသလို စိတ်မလုံခြုံသလိုမျိုး ဖြစ်နေပါတယ်။ စာရေးရာမှာလည်း လက်ကမသန်သလို၊ တစ်ခုခုက ဆွဲထားသလိုမျိုးကြောင့် ရှေ့မရောက်ဘဲ လေးလံနေပါတယ်။ အခုခေတ်မှာ စာရေးစာဖတ်တယ်ဆိုတာက နှစ်မျိုးနှစ်စား ရှိပါတယ်။ မူလက်ဟောင်းစာရေး စာဖတ်နည်းနဲ့ နောက်ပေါ်ခေတ်ပေါ် စာရေး စာဖတ်နည်း တို့ဖြစ်ပါတယ်။ စက္ကူစာရွက်ပေါ်မှာ ဘောပင်၊ မင်တံနဲ့ရေးတဲ့စာ၊ စက္ကူစာမျက်နှာပေါ်မှာ ရေးသားပုံနှိပ်ထားတဲ့ စာလုံးတွေဖတ်ခြင်းက တစ်နည်းဖြစ်ပြီး ဖန်သားပြင်ပေါ်မှာ လက်ကလေးထောက်ပြီး စာလုံးများနဲ့ ဖန်သားပြင် စာလုံးများကိုဖတ်တဲ့ စာဖတ်နည်းရယ်လို့ နှစ်မျိုးရှိပါတယ်။
ကိုယ်တွေ စာရေးစာဖတ် ဝါသနာပါလို့ စာဖတ်စာရေး လုပ်လာတဲ့ လုပ်သက် သုံးနှစ်တာအတွင်းမှာ ရေးခဲ့တဲ့စာတွေကို ပြန်လှန်ကြည့်ပြီး ဒီလိုစာမျိုးတွေကို ဘယ်လိုသတ္တိမျိုး၊ ဘယ်လို မကြောက်တဲ့စိတ်နဲ့ ရေးခဲ့မိတယ် မသိဘူးလို့ တွေးပြီး အံ့သြနေမိပါတယ်။ အဲဒီလိုမျိုးတွေ အခုရေးခိုင်းမယ်ဆိုရင်တော့ ရေးဝံ့မှာ၊ ရေးနိုင်မှာ မဟုတ်တဲ့အပြင် ရေးခဲ့တာတွေကိုတောင် အပြစ်တင်မိပါတယ်။ ဘာကြောင့်များ မြွေမကြောက်၊ ဟိုဟာမကြောက် ဒီဟာမကြောက် ရေးခဲ့မိပါလိမ့်။ ဘယ်အကျိုးကိုမျှော်ပြီးများ ရဲဝံ့စွာရေးခဲ့ပါလိမ့်။ အဲဒီလို မကြောက်စိတ်၊ မကြောက်တရားနဲ့ စာတွေရေးဖြစ်အောင် ဘယ်အကြောင်းတရား၊ ဘယ်ပုဂ္ဂိုလ်က စေ့ဆော် တိုက်တွန်းခဲ့ပါလိမ့်လို့ အနုလုံပဋိလုံ တွေးတော ဆင်ခြင်ကြည့်မိတော့ ဘေးဒုက္ခသည်တွေ၊ မျက်ရည်များနဲ့ ဝမ်းနည်းကြေကွဲနေတဲ့ ပြည်သူ့မျက်နှာတွေ၊ အသနားခံနေတဲ့ မျက်နှာပေးနဲ့ ကလေးငယ်တွေရဲ့ ပုံရိပ်တွေ ဖြစ်နေပါတယ်။
ယခု စာရေးသူရဲ့ ဦးနှောက်နဲ့ အသိဉာဏ်ဆိုင်ရာ အာရုံခံတွေ ချို့ယွင်းပျက်စီးသွားလို့များ အရင်လို စာမရေးနိုင်၊ မရေးတတ်၊ မရေးရဲတော့တာလားလို့ တွေးတော ပူပန်နေရပါတယ်။ အဲဒီလိုဖြစ်စေတဲ့ အကြောင်းတရားကိုလည်း လေ့လာဖော်ထုတ်ရင်းနဲ့ အခက်အခဲကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်း၊ ဆရာကောင်း သမားကောင်း၊ ဆေးကောင်း ဝါးကောင်းကိုလည်း မျှော်လင့် တမ်းတမိပါတယ်။ လောလောဆယ် စာရေးလို့ အဆင်မပြေမယ့် အတူတူ စာဖတ်ခြင်းနဲ့ အာသာဖြေ နှစ်သိမ့်မယ်ဆိုပြီး စာဖတ်ခဲ့ပါတယ်။ ဆရာဦးမြတ်လှရေးတဲ့ ဦးပေါ်ဦး လျှောက်ထုံးစာအုပ်ကိုမှ သွားဖတ်မိတော့ ကြောက်စိတ်ကမပြေ။ မသက်သာတဲ့အပြင် ကြောက်သည်ထက် ကြောက်၊ ခြောက်သည်ထက် ခြောက်တာ ခံစားခဲ့ရပါတယ်။
ဦးပေါ်ဦး လျှောက်ထုံးများအနက် ပထမတွဲက ဟာသဆန်ဆန်၊ ပုံပြင်ဆန်ဆန်တွေကများလို့ ဖတ်လို့ကောင်းပြီး ရယ်ရပြုံးရ စိတ်လက်ပေါ့ပါးရလို့ ကြောက်စိတ်လေးများ ပြေသွားမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒုတိယတွဲ ဖတ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယတွဲမှာက ရာထူးဌာနန္တရကြီးမြင့်နေချိန်၊ အသက်အရွယ်လည်း ရလာချိန်မှာ ရေးတာမို့လား မသိပါ။ သင်ခန်းစာယူစရာ၊ တရားဓမ္မနဲ့ ဘုရားဟော၊ လောကအပြောနဲ့ ဗဟုသုတတွေ များနေတာ တွေ့ရပါတယ်။ ဦးပေါ်ဦးလည်း ကာလဒေသ အခြေအနေအရ အတွေးအမြင် အယူအဆ ယုံကြည်ချက်တွေ ပြောင်းသွားသလား မဆိုနိုင်ပါဘူး။
ဘိုးတော်ဘုရားရဲ့ မြစ်တော်သူ ညောင်ရမ်းမင်းသားလေး (စကြာမင်းသားလေး) အကြောင်း ဖတ်မိတဲ့အဆုံးမှာတော့ ယခုခေတ် ရေပန်းစား၊ လူပြောများနေတဲ့ အကြောင်းတစ်ခုနဲ့ တိုက်ဆိုင်နေလို့ ကြောက်သည်ထက် ကြောက်တာကပဲ ကြီးစိုးပေါ်လာပြန်ပါတယ်။ သပွတ်အူနဲ့ ညားရသလို အဖြစ်မျိုးပါ။
အမရပူရမြို့ တည်နန်းတည် ဘိုးတော်ဘုရားလက်ထက်မှာ ဦးပေါ်ဦးက အတွင်းဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ဘုရင်ရဲ့ အကြိုက်နဲ့အလိုက်ကို သိတတ်ပြီး ဖြတ်ထိုးဉာဏ်ကောင်းလို့ ဘိုးတော်ဘုရားရဲ့ ချစ်ခြင်းနဲ့ ချီးမြှောက်တာခံရပါတယ်။ တစ်ခါမှာတော့ ဦးပေါ်ဦးဟာ အပြောမတတ်တဲ့ စကားတစ်ခွန်း (ဘုရင်မကြိုက်တဲ့စကား) ကြောင့် အမျက်သင့်ခံရပြီး သိန္နီမြို့ကို အပို့ခံရတယ်။ အကြောင်းရင်းကတော့ ဘိုးတော်ဘုရားရဲ့ အချစ်ဆုံးမြစ်ကလေးအတွက် ဖြစ်ပါတယ်။
ညောင်ရမ်းမင်းကလေး (စကြာမင်းကလေး) ဟာ စစ်ကိုင်းမင်းသားနဲ့ ဆင်ဖြူမယ်တို့က ဖွားမြင်ပြီး ဘိုးတော်ဘုရားနဲ့ မြစ်တော်စပ်ပါတယ်။ အချစ်ဆုံးမြစ်တော်ကို မြပုခက်တင် ဧယင်တော်ကျူးပြီး ခမည်းပေးတော်မူလိုတဲ့အတွက် ရွှေတိုက်ဝန်၊ ဘဏ္ဍာတိုက်ဝန်ကို ခေါ်ယူပြီး အမိန့်တော်မှတ်ခဲ့တာက ဒီလိုပါ။ “မြစ်တော် ညောင်ရမ်းမင်းကို မြပုခက်တင်၍ မြဧယင်ဖြင့် အမည်ပေး လက်ဖွဲ့တော်မူလိုသည်။ သဿမေဓဆိုင်ရာ အခွန်သီးတော်ထိန်းဖြစ်သော ဘဏ္ဍာဝန်ကြီး ရွှေတိုက်တော်ဝန်ကြီး၊ အတွင်းဝန်တို့က ငွေတော် ရှစ်သိန်းထုတ်ပြီးလျှင် အတွင်းဝန် ဦးပေါ်ဦးကို အကြီးအကဲ ခန့်အပ်၍ ရာဖြတ် အဝယ်တော်တို့နှင့်အတူ အာယုဒ္ဓရတိုင်း ယိုးဒယားပြည်သို့ သွားရောက်၍ မြကောင်းမြမြတ်များ ရွေးချယ်ဝယ်ယူစေရမည်။
ဘိုးတော်ဦးဝိုင်းရဲ့ အမိန့်အရ လွှတ်တော်မှာ ဝန်ကြီးတွေ အခွန်စာရင်း ရှင်းလင်းတွက်ချက်နေကြတဲ့ အချိန် ဦးပေါ်ဦး ရောက်ရှိသွားခဲ့ပါတယ်။ ဘုရင့်အမိန့်နဲ့ အကြောင်းအရာကို သိတဲ့အခါ မြစ်တော်ခမည်းပေး၊ ပုခက်တင်လုပ်ဖို့ အခွန်တော်ငွေထဲက စိုက်ထုတ်ဝယ်ယူရမှာကို မကြိုက် မနှစ်သက်တဲ့အတွက် စကားတစ်ခွန်း ဖွင့်ဟခဲ့တာက “အင်း... မင်းကြီးတို့ ရှင်ဘုရင်က ရှင်ဘုရင်ပါး မဝသေးပါဘူး”။ ထိုစကားကို ဘိုးတော်ဦးဝိုင်းဆီ အရောက်ပို့လိုက်တဲ့ အခါမှာတော့ “ပေါ်ဦးဟာ ငါ့ကိုပင် လွန်စွာရိုင်းပြ စော်ကားလာသည်။ ရှင်ဘုရင်းပါး မဝသေးဟုဆိုသော စကားမှာ အခြားတစ်ပါးသော ထီးဆောင်းမင်းတို့ပင် ကြား၍ မကောင်းအောင် ကျော်နင်းလွန်ကျူးလှသည်။ အရူးဟူ၍ ခွင့်လွှတ်မြှောက်စား သူကောင်းပြုထားတော် မူသည်ကိုပင် ကျေးဇူးမထောက် မောက်မောက်မာမာ ဆိုဝံ့သည်။ သို့ဖြစ်၍ ပေါ်ဦးအား ရာထူးနှင့်တကွ အဆောင်အယောင် စားကြေးမြို့ရွာတို့ကို သိမ်းနုတ်ပြီး သိန္နီမြို့သို့ အကျဉ်းနှင်ပို့စေ”။
ဦးပေါ်ဦးဟာ လိမ္မာပါးနပ် ကျွမ်းကျင်နှံ့စပ်ပြီး အလျှောက်ကောင်း၊ အရှောင်ကောင်းသူ ြ့ဖစ်ပေမယ့် ဘုရင်မကြိုက်၊ မင်းအလိုမလိုက်ဘဲ အမှန်တရားနဲ့ ဖြစ်သင့်တဲ့ အကြောင်းကို ဝေဖန်ထောက်ရှု ပြောဆိုမိတဲ့အခါ အရင်ကဘယ်လောက်ပင် ချစ်ခင်ကျွမ်းဝင် သူကောင်းမြင်ခဲ့သော်လည်း ဘုရင့်ရဲ့ ကိုယ်ရေးကိုယ်တာ၊ အရှိန်အဝါ (အတ္တမာန်) ကို ထိခိုက်စေတယ်လို့ ထင်တဲ့အခါ၊ ဝေဖန်ပြောဆို အမှန်ညွှန်ပြမိတဲ့ အခါမှာတော့ ရာဇဒဏ်သင့်လို့ မဲဇာအရပ်မျိုးဆီ အပို့ခံရတာကို ဖတ်ရှုဆင်ခြင်မိပြီးတဲ့ နောက်စာရေးသူမှာ နဂိုရှိရင်းစွဲ ကြောက်တဲ့ စိတ်ဝေဒနာကြောင့် ကြက်သီးများ ဖြန်းဖြန်းထ နှလုံးတုန်ရင်ခုန်လာလို့ စာအုပ်ကိုအမြန် ပိတ်လိုက်ရပါတယ်။
ပေါ့စေလိုလို့ ယုန်ရုပ်ထိုးကာမှ ပိုလေးဆိုသလို ကြောက်စိတ်လေး ဖြေလျှော့သက်သာစေဖို့ စာမရေးဘဲ စာဖတ်ကာမှ ကြောက်သည်ထက် ကြောက်တဲ့စိတ်က ထပ်ကာထပ်ကာ ခြောက်ခြောက်လာလို့ စာဖတ်စာရေး လုပ်ရမှာ အခက်တွေ့ပြီး နေမထိထိုင်မသာ ဖြစ်တာပဲ အဖတ်တင်ပါတော့တယ်။ စာမဖတ်စာမရေး၊ လက်မလှုပ် ပါးစပ်မဟဘဲ စိတ်ရောကိုယ်ပါ ငြိမ်သက်စွာနဲ့ လုပ်လို့ရတဲ့ (အနှောင့်အယှက်ကင်းတဲ့) တရားသဘောကိုပဲ နှလုံးသွင်း ဆင်ခြင်နေဖို့ ကြိုးစားကြည့်ပါသေးတယ်။ ရဟန်းငါးရာတောထဲမှာ တရားရှာဖို့၊ တောမှီဖို့သွားကြရာမှာ ရုက္ခစိုးနတ်တွေက သူတို့အတွက် အနှောင့်အယှက် ဖြစ်တယ်၊ မလွတ်မလပ်ဖြစ်တယ်၊ သူတို့ပိုင်နက် နယ်မြေ ထိပါးတယ်လို့ ယူဆပြီး နှောင့်ယှက် ခြောက်လှန့်လို့ ရဟန်းတွေ ကြောက်စိတ်ဝင်ပြီး တရားမလုပ်နိုင်၊ တရားမတွင်၊ တရားမမြင်တာကြောင့် မြတ်စွာဘုရားဆီ ပြန်လာတဲ့အခါ မြတ်စွာဘုရားက တရားဟောပြီး မေတ္တာသုတ်နဲ့ စည်းရုံးဖို့ ညွှန်ပြခဲ့တာကို အာရုံထဲမှာ ထင်ပေါ်လာပါတယ်။
စာရေးသူကိုလည်း ကြောက်အောင်၊ လန့်အောင်၊ မူးအောင်မော်အောင် နှောင့်ယှက် ခြောက်လှန့်နေသော မြင်အပ်၊ မမြင်အပ်တဲ့အရာများမှ ကင်းစင်လွတ်မြောက် ချမ်းသာဖို့ တရားနှလုံးသွင်း ဆင်ခြင်အားထုတ်နေမိပါတယ်။ သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါး တရားတော်တွေကို သတိမပြတ် ဆင်ခြင်နေမိပါတယ်။ လူတွေမှာ အကြောက်တရား ဖိစီးနေမယ်၊ ကြောက်စိတ် ကြီးစိုးနေမယ်ဆိုရင် ဘဝမှာ အမှန်တရားနဲ့ အောင်မြင်မှုတွေ ကင်းဝေးနေမှာဖြစ်သလို အခက်အခဲများကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်တဲ့ စွမ်းအားတွေ၊ ယုံကြည်ချက်တွေ ပျောက်ဆုံးမယ်လို့ မှတ်သားဖူးပါတယ်။ ကြောက်သည်ထက် ကြောက်အောင် ခြောက်ခြောက်နေတဲ့ အကြောင်းတရားများမှ အမြန်ဆုံးကင်းဝေးစေကြောင်း ဆုတောင်းလျက်။

Most Read

Most Recent