စင်ကာပူကို နှစ် ၂၀ အတွင်း ကျော်တက်ဖို့ဆိုရင်

စင်ကာပူကို နှစ် ၂၀ အတွင်း ကျော်တက်ဖို့ဆိုရင်
Published 9 December 2016
ကျော်ကြီး (MDY)

စင်ကာပူူဆိုတာ ဧရိယာစတုရန်းမိုင် ၂၇၃ မိုင်ပဲကျယ်တဲ့ ကျွန်းနိုင်ငံလေးတစ်ခုပါ။ ကမ္ဘာပေါ်မှာ နိုင်ငံနဲ့ မြို့တစ်ခုတည်းရှိတဲ့ နိုင်ငံသုံးနိုင်ငံထဲမှာ တစ်ခုအပါဝင်ဖြစ်တယ်။
ကျွန်တော်တို့နိုင်ငံရဲ့ အကျယ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရန်ကုန်မြို့ အကျယ်လောက်ပဲ ရှိပါတယ်။ အရှေ့တောင်အာရှမှာ အငယ်ဆုံးနိုင်ငံ။ နိုင်ငံတစ်ခုရဲ့ အင်္ဂါရပ်နဲ့တောင် မညီဘူးလို့ ပြောလို့ရပါတယ်။
နိုင်ငံက သေးငယ်သလောက် တိုင်းပြည်က ဘာသယံဇာတထွက်လဲဆိုတော့ ဘာမှမထွက်ဘူး။ ရေတောင် မလေးရှားနိုင်ငံက ဝယ်သောက်ရတယ်။ သဲတောင် ကျွန်တော်တို့နိုင်ငံက ဝယ်သုံးနေတာ။ အဲ့ဒီလို ကျွန်းနိုင်ငံလေးက ကမ္ဘာပေါ်မှာ တတိယအချမ်းသာဆုံး နိုင်ငံဖြစ်ပြီး အာရှရဲ့ ကျားတစ်ကောင်ဖြစ်နေတာ အံ့သြစရာ မကောင်းဘူးလား။
တစ်ချိန်က စင်ကာပူခေါင်းဆောင် လီကွမ်ယုက ကျွန်တော်တို့နိုင်ငံလာပြီးတော့ နောက်အနှစ် ၂၀ ကြာရင် မြန်မာနိုင်ငံထက် သာအောင်လုပ်မယ်လို့ပြောပြီး ကျွန်တော်တို့ကို အတုယူ အားကျခဲ့ရတဲ့နိုင်ငံ။ ရန်ကုန်က ဦးဝိစာရလမ်းမကြီးကို ကြည့်ပြီး ဒီလိုလမ်းမျိုး ငါတို့ဖောက်ကြမယ်လို့ ပြောခဲ့ရတဲ့နိုင်ငံ။ စင်ကာပူနိုင်ငံက ကျောင်းသားတွေ ကျွန်တော်တို့ နိုင်ငံမှာလာပြီး ပညာသင်ကြားခဲ့ရတာ။
ဒီလိုစင်ကာပူထက် အစစအရာရာသာခဲ့တဲ့ ကျွန်တော်တို့တိုင်းပြည်က ယနေ့အာရှမှာ ဒုတိယ အဆင်းရဲဆုံးနိုင်ငံအဖြစ် ဝင်ခဲ့ရပြီ။ ကျွန်တော်တို့က နောက်အနှစ် ၂၀ မှာ စင်ကာပူထက် သာရမယ်လို့ ပြန်ပြီးစံထားနေရပြီ။ ဒီအတွက် အကူအညီပေးဖို့ ပြန်တောင်းနေရတဲ့ အဆင့်ဖြစ်သွားပြီ။ ဘယ်လောက် အသည်းနာစရာကောင်းလိုက်လဲ။
မကြာသေးခင်ကပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ပါတယ်။ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က နောက်အနှစ် ၂၀ မှာ  မြန်မာနိုင်ငံဟာ စင်ကာပူကို ကျော်နိုင်ရမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ ဒီစကားအပေါ်မှာ ဘယ်သူတွေ ဘယ်လိုမြင်မြင် ကျွန်တော်ကတော့ ဖြစ်ရမယ်လို့ယုံကြည်တယ်။ မှန်တာပြောရရင် နှစ် ၂၀ ဆိုတာ များလှပါသေးတယ် အမှန်တကယ် ညီညီညွတ်ညွတ်နဲ့ လမ်းကြောင်းမှန်ကန်စွာ ကြိုးစားလိုက်မယ်ဆိုရင် ၁၀ နှစ်လောက်နဲ့တောင် ဖြစ်မယ်လို့ ယုံကြည်တယ်။
ဘာလို့လဲ။ လူကလွဲလို့ ဘာမှမထွက်တဲ့ တံငါရွာလေးကနေ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့သေးတာ။ ကျွန်တော်တို့က သူတို့ထက် သဘာဝအရင်းအမြစ် အကုန်သာပြီသား။ ရေချိုမြစ်ကြီးလေးစင်းနဲ့ မြစ်ချောင်းငယ်တွေ အများကြီးရှိတယ်၊ ပင်လယ်လည်းရှိတယ်၊ သစ်တော၊ ရွှေ၊ ကျောက်မျက်၊ ရေနံသဘာ၀ ဓာတ်ငွေ့၊ ပထဝီအနေအထား၊ သမိုင်းအမွေအနှစ် ၊ ဘာသာသာသနာ၊ သဘာဝပတ်ဝန်းကျင်၊ အပူပိုင်းလည်းရှိသလို၊ ရေခဲတောင်လည်း ရှိတယ်၊ ဘယ်နေရာနှိုင်းယှဉ်ချင်လဲ၊ ကြိုက်တဲ့နေရာနှိုင်းယှဉ် ကျွန်တော်တို့လို ဘက်စုံပြည့်စုံတဲ့နိုင်ငံ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံရှိလဲ။
ဒီလိုနတ်တို့ ဖန်ဆင်းသည့်အလား ပြည့်စုံတဲ့နိုင်ငံတစ်ခုက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဘာလို့ဖြစ်သွားတာလဲ။ သေချာတာကတော့ တိုင်းပြည်ကို နှစ်ပေါင်း ၅၀ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် အုပ်ချုပ်သူ လူတစ်စုကြောင့်ပါပဲ။ ဦးနှောက်မရှိ၊ ပညာမရှိ စေတနာမရှိတဲ့ လူတစ်စုကြောင့် တိုင်းပြည်က မွဲပြာကျခဲ့ရတာပဲ။
ပြည်သူတွေကြောင့် တိုင်းပြည် ဒုက္ခရောက်ခဲ့တာ မဟုတ်ပါဘူး။ ပြည်သူတွေက ခေတ်အဆက်ဆက် တာဝန်ကျေခဲ့ပြီးသား။ တာဝန်မကျေ တိုင်းပြည်ဖျက်ဆီးခဲ့တာက အုပ်ချုပ်သူအစိုးရ။
ဒီနေ့မှာတော့ ပြည်သူအားလုံးရဲ့ ညီညွတ်မှုနဲ့ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်နိုင်ခဲ့ပြီ။ ပြည်သူလိုလားတဲ့ အစိုးရသစ်တစ်ရပ်ကို တင်မြှောက်နိုင်ခဲ့ပြီ။ ကျွန်တော်တို့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့တော့။ မှားခဲ့တာတွေအတွက် သင်ခန်းစာယူ ရှေ့ဆက်ကြရတော့မယ်။ အတိတ်ကို ပြန်လက်ညှိုးထိုးနေလို့ ဘာမှထူးလာမှာ မဟုတ်ဘူး။ ကျွန်တော်တို့က သူများနိုင်ငံတွေထက် အများကြီးပြတ်ကျန်ခဲ့တာ။ သူများတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ငါးလှမ်းခြောက်လှမ်းလောက် လှမ်းနိုင်မှ တော်ကာကြပေမည်။ အပြောတွေလျှော့ပြီး အစိုးရနဲ့ ပြည်သူ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်။
စင်ကာပူနိုင်ငံကို ဘိတ်ဆုံးမှ ထိပ်ဆုံးသို့ ပို့ဆောင်ခဲ့တဲ့ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုက အရည်အချင်းပြည့်ဝတဲ့ ခေတ်ပညာတတ်တွေနဲ့ အစိုးရကို ဖွဲ့စည်းခဲ့တယ်။
တိုင်းပြည်ထူထောင်မှု ပြုလုပ်တဲ့အခါမှာ နိုင်ငံအသီးသီးကနေ ရင်နှီးမြှုပ်နှံမှုတွေ လုပ်ဖို့ခေါ်ခဲ့တယ်၊ ပညာရှင်တွေ ဖိတ်ခေါ် နေရာပေးခဲ့တယ်။
မိမိတိုင်းပြည်က လူငယ်တွေကို နိုင်ငံခြား ပညာသင်ကြားမှုတွေ စေလွှတ်ပြီးတော့ တိုင်းပြည်ထူထောင်မှုကို အခြေတည်ခဲ့ပါတယ်။ ဒီနေ့အထိလည်း နိုင်ငံခြားသား ပညာရှင်တွေကို နေရာပေးနေဆဲဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အဓိကကျတဲ့ လူသားအရင်းအမြစ်တွေကို အကောင်းဆုံးဖြစ်အောင် ပြုပြင်မွေးထုတ်ပေးခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့ အတုယူရပါမယ်။
ဒီနေ့ စင်ကာပူနိုင်ငံဟာ ဘာလို့ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်နေရသလဲဆိုရင်တော့ အဓိက အခြေခံအကျဆုံးကတော့ တရားဥပဒေ စိုးမိုးလို့ပါပဲ။ တရားဥပဒေ စိုးမိုးတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်လည်ပတ်တာပဲ ဖြစ်ပါတယ်။ ဥပမာ စင်ကာပူနိုင်ငံဟာ တိုင်းပြည်ဝင်ငွေ အဓိကရှာတဲ့အထဲမှာ ဆိပ်ကမ်းလုပ်ငန်းပဲ။ သူနဲ့မျက်နှာချင်းဆိုင်တွေမှာရှိတဲ့ မလေးရှား၊ အင်ဒိုနီးရှားတို့မှာလည်း ဆိပ်ကမ်းလုပ်ငန်းတွေ ရှိပါတယ်။ ဒါပေမဲ့ စင်ကာပူလောက် အောင်မြင်မှု မရရှိပါဘူး။ ဘာလို့လဲဆိုတော့ စင်ကာပူနိုင်ငံလောက် တရားဥပဒေစိုးမိုးမှု မရှိလို့ပဲ။ ဒါတွေကို ကျွန်တော်တို့ အတုယူရပါမယ်။
စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုက “သူ့နိုင်ငံသား ကိုယ့်နိုင်ငံသားတွေ ငါ့လာမပြောနဲ့ အရည်အချင်းရှိတဲ့သူ ငါကခိုင်းမှာပဲ” ဆိုပြီး ပညာရှင်တွေကို နေရာပေးခဲ့တယ်။ ဒါကအဓိက ‘မိန်း’ ပဲ။ ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင် အများစုကသာ “အရည်အချင်းရှိတာ မရှိတာ ငါ့လာမပြောနဲ့ ငါ့စကားနားထောင်တဲ့သူ ငါ့သစ္စာခံတဲ့သူကို နေရာပေးမှာပဲ” ဆိုတဲ့ လူတော်ထက် လူကောင်းကိုပဲ နေရာပေးပါတယ်။ ဒါကို ကျွန်တော်တို့ အဓိက ပြင်ရပါမယ်။ တိုင်းပြည်တစ်ခုမှာ ပညာတတ် လူတန်းစားက ရှေ့မရောက်သမျှ ထိုနိုင်ငံဟာ ဘယ်တော့မှ တည်ငြိမ်မှုရမှာ မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။
လက်ရှိအစိုးရသစ် လက်ထက် ရှစ်လကျော်တဲ့အထိ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက ဝင်မလာကြသေးဘူး။ ကမ္ဘာလှည့်ခရီးသည်တွေ မျှော်လင့်ထားသလောက် ဝင်မလာကြသေးဘူး။ ဘာကြောင့်လဲဆိုတော့ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့၊ လျှပ်စစ်မီး၊ မြေဈေးတွေ ကြီးနေလို့ တရားဥပဒေ မစိုးမိုးလို့ပဲ။ အခြေခံလိုအပ်ချက်တွေက မပြည့်စုံရတဲ့အထဲ အစိုးရကိုယ်တိုင်က မူဝါဒတို့ ဥပဒေတို့နဲ့ ပတ်သက်ပြီး ခုစာကလေးကြော် ခုဆီထမင်း လုပ်နေမယ်ဆိုရင် ဘယ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ဝင်လာတော့မှာလဲ။ အဓိက ကျွန်တော်နိုင်ငံမှာ အရေးပေါ်လုပ်ရမှာက တရားဥပဒေ စိုးမိုးမှု၊ အကျင့်ပျက် ခြစားမှုပပျောက်ဖို့ပါ။ လက်ရှိမြန်မာနိုင်ငံက တရားဥပဒေ စိုးမိုးမှုကတော့ မြင်တဲ့အတိုင်းပဲ တော်တော်ကို ဆိုးရွားတဲ့အခြေအနေ ဖြစ်နေတယ်။ ခုဆို ပြည်သူတွေကိုယ်တိုင် လုံခြုံမှုမရှိသလိုကို ခံစားနေကြရတယ်။ ဒါတွေကို အရေးပေါ် အမြန်ဆုံးပြုပြင်ဖို့ လိုပါတယ်။
တိုင်းပြည်တစ်ခု တိုးတက်ပြောင်းလဲဖို့အတွက် အရေးကြီးဆုံးက အုပ်ချုပ်သူအစိုးရပါပဲ။ အုပ်ချုပ်သူအစိုးရ မကောင်းဘဲ တိုးတက်တယ်ဆိုတဲ့ တိုင်းပြည် မရှိသေးပါဘူး။ အဲ့တော့ အရေးကြီးဆုံးဖြစ်တဲ့ လက်ရှိအစိုးရဟာ အရည်အချင်း ပြည့်မီကောင်းမွန်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ အရေးကြီးပါတယ်။
နောက်တစ်ခုကတော့  ပြည်သူတွေပါ ပူးပေါင်းဆောင်ရွက်ခွင့် ပြုရပါမယ်။ ကျွန်တော်တို့နိုင်ငံက ရွေးကောက်ပွဲ မဲဆွယ်တဲ့အခါ မိမိလိုချင်တာရှိတဲ့အခါလောက်မှာပဲ ပြည်သူကို အလေးထားသလို ဖြစ်နေပါတယ်။ အစိုးရ ဖြစ်ပြီဆိုတာနဲ့ ပြည်သူကို အလေးမထားချင်တော့ဘူး။
အမှန်တကယ်သာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုချင်တယ်ဆိုရင် နှစ်ပေါင်းများစွာ အကြောက်တရားနဲ့ နေလာရတဲ့ မီဒီယာတွေ ပြည်သူတွေ ပညာရှင်တွေကို လွတ်လပ်စွာ ရေးသားပြောဆိုပိုင်ခွင့်ကို အပြည့်အ၀ ပေးရပါမယ်။ ဒါမှပြည်သူတွေရဲ့ သဘောထားအမှန် ဆန္ဒအမှန်ကိုသိရမယ် ဝေဖန်အကြံပြုချက်တွေ ရပါမယ်။ အစိုးရအနေနဲ့ကလည်း မီဒီယာများ ပြည်သူများရဲ့ အသံကိုနားထောင်ရပါမယ်။ လက်ခံသင့်တဲ့ အရာဆိုရင် လက်ခံပြီး ပြုပြင်ပြောင်းလဲရပါမယ်။
လက်ရှိ အစိုးရသက်တမ်း ရှစ်လကျော်လာတဲ့ အချိန်မှာ အစိုးရအနေနဲ့ ရောက်သင့်တဲ့ အရွေ့တစ်ခုကို မရောက်သေးပါဘူး။ လောက်လောက်ငင ထိုးပြစရာ စွမ်းဆောင်နိုင်မှု မလုပ်ပြနိုင်သေးပါဘူး။ ဒီအရှိတရားကို ကျွန်တော်တို့ လက်ခံဖို့လိုပါတယ်။ ဒါဆို လက်ရှိဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဝင်အချို့ရဲ့ အရည်အချင်းနဲ့ မိမိတို့ချမှတ်သွားနေတဲ့ မူဝါဒတွေကို ပြန်လည်စဉ်းစား သုံးသပ်သင့်ပါတယ်။ အစိုးရအတွင်းမှ အရည်အချင်းမပြည့်မီ ကိုယ်ကျိုးရှာသမားတွေ ရှိမယ်ဆိုရင် အချိန်မီ ရှာဖွေဖယ်ထုတ် လူစားလဲရပါမယ်။ ပြည်တွင်းနဲ့ ပြည်ပမှာရောက်နေတဲ့ မိမိနိုင်ငံသား ပညာရှင်တွေကို ဖိတ်ခေါ်နေရာပေးရပါမယ်။ ကျွန်တော်တို့မှာ ကမ္ဘာကျော် ခေါင်းဆောင်ကောင်း ရှိထားပါပြီ။ နောက်လိုက်ကောင်းတွေ မွေးထုတ်နေရာပေးဖို့ပဲ လိုတာပါ။
နှစ်ပေါင်းများစွာ နိမ့်ကျပျက်စီးနေတဲ့ ပညာရေးစနစ်ကို မြှင့်တင်ပြီး ပညာတတ် မျိုးဆက်သစ်တွေ မွေးထုတ်ပေးရမယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အစွမ်းကုန် မြှင့်တင်ပေးရပါမယ်။ အလတ်စား အသေးစား စက်မှုလက်မှု လုပ်ငန်းတွေကို မြှင့်တင်ပေးရပါမယ်။
ကျွန်တော်တို့နိုင်ငံဟာ ခေတ်ဆက်ဆက်မှာ ခေါင်းဆောင်တစ်ဦးတည်း အပေါ်မှာ မှီခိုအားထားပြီး သွားနေတဲ့ပုံစံ ဖြစ်နေပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ သွားနေလို့မရပါဘူး။ တိုင်းပြည်တိုးတက် ပြောင်းလဲဖို့ဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေ မီဒီယာတွေ အကုန်လုံးအားကောင်းဖို့ လိုပါတယ်။ ခေတ်ဆက်ဆက် အစိုးရတိုင်းမှာ ဗဟိုဦးစီးချုပ်ကိုင်မှု များနေသလို ဖြစ်ခဲ့ပါတယ်။
ဒီတော့ အစိုးရ အဖွဲ့အစည်းထဲမှာရော အစိုးရနဲ့ ပြည်သူကြားမှာပါ အပြန်အလှန် ထိန်းကျောင်းပဲ့ပြင်မှု အင်အားနည်းသွားပါတယ်။ အဲဒီတော့ ခေါင်းဆောင်တွေဟာ အခြေအနေမှန် မသိရဘဲ လက်တွေ့ ပကတိအခြေအနေနဲ့ ကင်းကွာနေတတ်ပါတယ်။ ဒါကြောင့် ဗဟိုဦးစီး ချုပ်ကိုင်မှုစနစ်ကို လျှော့ချရပါမယ်။
အစိုးရအဖွဲ့ထဲမှာရော ပြည်သူတွေကိုပါ လွတ်လပ်စွာ လုပ်ပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားပြောဆိုပိုင်ခွင့် အပြည့်ပေးထားပြီး အပြန်အလှန် ထိန်းကျောင်းပဲ့ပြင်ရင်း ညီညွတ်စွာ ကြိုးစားသွားမယ်ဆိုရင် ၁၀ နှစ်အတွင်းတောင် စင်ကာပူကို ကျော်သွားနိုင်ပါမယ်။ အဓိက,က ရှေ့ကဦးဆောင်မယ့် အစိုးရအဖွဲ့က အရည်အချင်းရှိ ကောင်းမွန်ဖို့၊ ပညာရှင်တွေကို နေရာပေးဖို့၊ ပြည်သူနှင့် မီဒီယာတွေကို လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ပေးပြီး ပူးပေါင်းဆောင်ရွက်ခွင့်ပြုပေးဖို့ပဲ လိုတာပါ။

Most Read

Most Recent