ဒေါ်နယ်ထရန့်က တရုတ်က လက်ခံနိုင်မည့်သူကို တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လျာထား

ဒေါ်နယ်ထရန့်က တရုတ်က လက်ခံနိုင်မည့်သူကို တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လျာထား
Published 8 December 2016
Ref:AFP

အမေရိကန် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိထားသော ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တရုတ်နှင့် အနီးကပ်ဆက်ဆံရမည့် နိုင်ငံရေး မဟာမိတ်တစ်ဦးကို  ဒီဇင်ဘာ ၇ ရက်တွင် ရွေးချယ်ခဲ့သည်။ ထရန့်က အမေရိကန်တို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် သူ၏ဆုံးဖြတ်ချက်ကို အထူးပြုပြောကြားခဲ့ပြီး သူ၏အစိုးရ အဖွဲ့ဝင်များကို ရွေးချယ်ရာ၌ သမ္မတ ဘာရက်အိုဘားမားနှင့် တိုင်ပင်ညှိနှိုင်းမှုများ ပြုလုပ်သည်ဟုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
ရီပက်ဘလီကင် ပါတီမှ ထရန့်အနိုင်ရရှိခဲ့မှုသည် အမေရိကန်၏ သြဇာရှိ ရှေးရိုးဝါဒီ အသိုင်းအဝိုင်းကို အံ့သြတုန်လှုပ်စေခဲ့ပြီး ကမ္ဘာကို တပ်လှန့်မှုပြုလုပ်ခဲ့သည်။ ယခုအခါ ကမ္ဘာကြီးသည် မျက်နှာသစ် နိုင်ငံရေးသမား ထရန့်အနေဖြင့် လွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များကို ချိုးဖျက်မည့် ခြိမ်းခြောက်မှုများကို ပြုလုပ်ခြင်း၊ သဘောတူစာချုပ်များကို စွန့်ပယ်ခြင်းနှင့် ပြည်ပ၌ အလုပ်အကိုင် အခွင့်အလမ်းများကို ပြန်လည် နေရာချထားခြင်းနှင့် အမေရိကန် ကုမ္ပဏီများကို အပြစ်ပေးခြင်းတို့ ပြုလုပ်မည်လားဟူသည်ကို ရင်တမမဖြင့် စောင့်ကြည့်နေရပြီဖြစ်သည်။
ထရန့်သည် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက သံတမန် လုပ်ထုံးလုပ်နည်းကို ချိုးဖောက်ကာ ထိုင်ဝမ်သမ္မတနှင့် ဖုန်းပြောခဲ့ခြင်းဖြင့် တရုတ်အား ဆန့်ကျင်ပြခဲ့ပြီးနောက် ငွေကြေးများကို ကိုင်တွယ်မှု၊ မမျှတသော အခွန်ကောက်ယူမှုနှင့် တောင်တရုတ်ပင်လယ်အတွင်း စစ်ဘက်ဆိုင်ရာ တည်ဆောက်မှုများ ပြုလုပ်မှုတို့နှင့် ပတ်သက်၍ တရုတ်အား ဆန့်ကျင်ဝေဖန်ခဲ့သည်။
ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ် နယူးယောက်သို့ လာရောက်ကာ ထရန့်တို့အဖွဲ့နှင့် တွေ့ဆုံနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ဆန်အင်းဝမ်အား အမေရိကန်ကို ဖြတ်သန်းခွင့်မပြုရန် ထိုင်ဝမ်ကို သူ၏ပိုင်နက် အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားသော တရုတ်က ဒီဇင်ဘာ ၇ ရက်တွင် အမေရိကန် အစိုးရအား တောင်းဆိုလိုက်သည်။
သို့သော် ၁၉၈၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းအထိမှစ၍ လက်ရှိ တရုတ်သမ္မတ ရှီကျင်ပင်းနှင့် အနီးကပ် ဆက်ဆံရေးရှိခဲ့သူ အိုင်အိုဝါ ပြည်နယ်အုပ်ချုပ်ရေးမှူး တယ်ရီဘရန်းစတက်အား တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း တရုတ်အစိုးရ ကြိုဆိုလက်ခံနိုင်ဖွယ်ရှိသည့် သတင်းကို ထရန့်က ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကာ တရုတ်အား ဆွဲဆောင်သိမ်းသွင်းခဲ့ပြန်သည်။
“ဘရန်းစတက်ရဲ့ အစိုးရဌာနတွေမှာ ဆယ်စုနှစ်ချီ အတွေ့အကြုံရှိမှုရယ်၊ သမ္မတ ရှီကျင်ပင်းနဲ့ တခြားတရုတ် ခေါင်းဆောင်တွေနဲ့ ရေရှည်ဆက်ဆံရေး ရှိခဲ့မှုတွေရယ်က သူ့ကိုတရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ အကောင်းဆုံး ရွေးချယ်မှုကို ဖြစ်စေခဲ့တာပါ”ဟု ထရန့်က ပြောကြားခဲ့သည်။
ဘရန်းစတက်အား လျာထားမှုနှင့် ပတ်သက်၍ တရုတ်က ဘရန်းစတက်အား “မိတ်ဆွေဟောင်း” ဟုခေါ်ဆိုခဲ့ကြောင်း သိရသည်။
ထရန့်က အမေရိကန်၏ ချို့ယွင်းနေသော လမ်းများ၊ တံတားများ၊ တူးမြောင်းများနှင့် လေဆိပ်များကို အလုံးစုံ ပြောင်းလဲမှုပြုလုပ်ရန် ဧရာမ အခြေခံအဆောက်အအုံ စီမံကိန်းများ အပ်နှံခြင်း၊ ရင်းနှီးမြှုပ်နံှမှုများအတွက် တွန်းအားဖြစ်စေရန် ကြိုးပမ်းမှုအနေဖြင့် ကုမ္ပဏီများအား အခွန်ကောက်ခံမှုကို သိသိသာသာ လျှော့ချခြင်းတို့ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးသွားမည်ဟုလည်း ကတိပြုခဲ့သည်။